တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ ဦးဆောင်မည့် One Belt One Road (OBOR) ဟု ခေါ်သော ခေတ်သစ် ပိုးလမ်းမ စီမံကိန်း တွင် မြန်မာနိုင်ငံ အနေနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး အတွက် ရည်မှန်း၍ အကျိုးရှိအောင် ယူတတ်ရန် လိုအပ်ကြောင်း မြန်မာ ရပ်ဝန်းနှင့် လမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသင်း ဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
ယင်းကို စက်တင်ဘာလ ၁၀ ရက်က ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ပြုလုပ်သော မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) နှင့် မကာအို-မြန်မာ ချစ်ကြည်ရေး အသင်းတို့ ပူးပေါင်း ကျင်းပသည့် Yangon Conference one Belt and One Road and Myanmar’s Development အခမ်းအနားတွင် ၎င်းက ပြောခြင်း ဖြစ်သည်။
ဦးတင်ဦး က “OBOR စီမံကိန်း တည်ဆောက်တဲ့ နေရာမှာ ကျနော်တို့ နိုင်ငံအနေနဲ့ ပူးပေါင်း ဆောင်ရွက်စရာတွေ၊ အခြေခံ အဆောက်အအုံ အတွက် တရုတ်ရဲ့ အကူအညီ လိုအပ်တာတွေဟာ မငြင်းနိုင်တဲ့ အချက်တွေ အများကြီး ရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းတွေ ပီသစွာနဲ့ အခြေခံ အဆောက်အအုံ အတွက် ရည်မှန်းပြီး တော့ အကျိုးရှိအောင် ယူတတ်ဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ထိုစီမံကိန်းနှင့် ပတ်သက်၍ ပြင်ပတွင် အကြွေးနွံ့ နစ်မည်ဟု ဝေဖန်မှုများ ရှိနေသော်လည်း ယင်းတို့ကို ခြေ ဖျက်ပြီး ဒေသတခု ဖွံ့ဖြိုး တိုးတက်ရေး အတွက် မျှဝေ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း ပြီးခဲ့သည့် တရုတ်-အမေရိကန် အစည်းအဝေး၌ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်က ပြောထားကြောင်း ၎င်းက ပြောဆိုသည်။
“ကျနော်တို့ အာဆီယံ ဒေသတွင်း နိုင်ငံတွေမှာလည်း တရုတ်နိုင်ငံက အခြေခံ အဆောက်အအုံတွေ ဆောက်လုပ်ပေး၊ ထောက်ပံ့ပေးနေတဲ့ ဖြစ်စဉ်တွေလည်း အများရှိပါတယ်။ ဒါကြောင့်မို့ ဝေဖန်မှုတွေ တချို့ နည်းနည်း လွဲနေတဲ့ အတွေးချော် မှုတွေကို ကျနော်တို့ စိစစ် စဉ်းစားပြီးရင် ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ့်ဟာတွေကို ယူတတ်၊ ပူးပေါင်းတတ်ဖို့ လုပ် ဆောင် တတ်ဖို့ လိုတဲ့ အကြောင်း ကျနော် ပြောလိုပါတယ်” ဟု ဦးတင်ဦးက ပြောသည်။
အဆိုပါ OBOR စီမံကိန်း၏ ရည်ရွယ်ချက်မှာ လမ်းကြောင်း တလျှောက် နိုင်ငံများကြား အပြန် အလှန် ပေါင်းစည်း ဆက် သွယ်နိုင်ပြီး စီးပွားရေး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး၊ အပြန်အလှန် ကုန်သွယ်မှု မြှင့်တင်ရေးနှင့် နိုင်ငံ အသီးသီး ပြည်သူ များကြား လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှု ခိုင်မာရေး ဖြစ်သည်။
မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းမှ ဒု ဥက္ကဋ္ဌ၊ မြန်မာ ရပ်ဝန်းနှင့် လမ်းကြောင်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် အသင်း ဒု ဥက္ကဋ္ဌ ဦးမျိုးအောင်က ယင်း OBOR စီမံကိန်းတွင် ပါဝင်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနှင့် လမ်းပန်း ဆက်သွယ်ရေးများ ကောင်း မွန်ခြင်း၊ စီးပွားရေး အခွင့်အလမ်းများ ပွင့်လင်းလာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာခြင်း၊ ယဉ်ကျေးမှု ဖလှယ်ခြင်း လွယ်ကူလာစေရေး၊ ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပဋိပက္ခများ ချုပ်ငြိမ်းကာ ဒေသတွင်း အကျိုး စီးပွားများ ရရှိလာနိုင်မည် ဖြစ်သည်ဟု ဆိုသည်။
ဦးမျိုးအောင်က “တရုတ်ဘုရင် ဟန်မင်းဆက် လက်ထက်ကတည်းက ပိုးထည်များကို ဖြန့်ဖြူးခဲ့တယ်။ တရုတ်ပြည်ကနေ အာရှကို ဖြတ်ပြီးတော့ ဥရောပအထိ ကုန်သွယ်ခဲ့တဲ့ လမ်းကြောင်းကို ပိုးလမ်းလို့ ခေါ်ဆိုခဲ့ပါတယ်။ အဲဒီလမ်းကို ၂၁ ရာစု ပိုးလမ်းမ စီမံကိန်း အဖြစ် ၂၀၁၃ ခုနှစ် ရှီကျင့်ဖျင်မှ စတင် အကောင်အထည် ဖော်ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ယင်း စီမံကိန်းကို ထောက်ပံ့ရန် အတွက်လည်း AIIP ဘဏ်ကို တည်ထောင်ပြီး အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး နှင့် ဖွံ့ဖြိုးရေး စီမံကိန်းများကို လိုအပ်သလို ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ယခု အခါ OBOR စီမံကိန်း လမ်းကြောင်းများမှာ နိုင်ငံပေါင်း ၅၆ နိုင်ငံ ရှိနေပြီ ဖြစ်သည်။
OBOR စီမံကိန်းသည် ကမ္ဘာ့ နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်ကြီးများ ထောက်ခံခဲ့ပြီး ၂၀၁၇ ခုနှစ်၊ မေလ ၁၅ ရက် တွင် တရုတ်နိုင်ငံ ပီကျင်းမြို့၌ လက်မှတ် ရေးထိုးခဲ့၍ စီးပွားရေး စီမံကိန်းပေါင်း ၁၁၈ ခု ထူထောင်ရန် လျာထားခဲ့သည်။
ယနေ့ အချိန်အထိ နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ စီးပွားရေးနှင့် ကုန်သွယ်ရေးဇုန် ၇၇ ဇုန် စတင်နေပြီ ဖြစ်ကြောင်းလည်း သိရ သည်။
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ကီလိုမီတာ ၁၂၀၀ ကျော် ထိ ဆက်စပ်လျက်ရှိပြီး အိမ်နီး နားချင်း နိုင်ငံတခုလည်း ဖြစ်သည်။
OBOR စီမံကိန်းသည် အဝေးပြေး အမြန်လမ်းမကြီးများ၊ ရေကြောင်းလမ်းများ၊ ရထားလမ်းများ ပါဝင်ပြီး အာရှတိုက်တွင်း တရုတ်နိုင်ငံကို ဗဟိုပြု၍ အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကုန်သွယ်ရေး အတွက် အရေးပါလာမည့် စီးပွားရေး စြင်္ကန် ပိုး လမ်းမ စီမံကိန်း၊ အာရှဗဟိုနှင့် တောင်အာရှ၊ အာဖရိက အရှေ့အလယ်ပိုင်းနှင့် ဥရောပ ဒေသများကို ဆက်သွယ်မည့် ကွန် ရက် တခုလည်း ဖြစ်သည်။
မကာအို- မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးမောင်ရှင်းက “One Belt One Road ရဲ့ မူက ၅ ချက် ရှိတယ်။ ကူးသန်း ရောင်းဝယ်ရေးက အဓိက ဖြစ်တယ်။ အခုဆိုရင် မကာအိုမှာ ခရီးသည်ပေါင်း သိန်း ၃၀၀ ကျော် လာတယ်။ အဲဒီမှာ ခရီး သည်တွေ အတွက် အစားအစာ လိုအပ်တယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာက လယ်ယာထွက် စားသောက်ကုန် ပစ္စည်းတွေ ပေါများတယ်။ အဲဒါတွေကို အဓိက ထားပြီးတော့ ကျနော်တို့က သွင်းကုန်/ပို့ကုန် လုပ်မယ်။ ဒါဆိုရင် မကာအိုကို လာ ရောက်တဲ့ ခရီးသည်တွေ အတွက်ကိုလည်း အဆင်ပြေသွားမယ်” ဟု သုံးသပ် ပြောဆိုသည်။
ဆက်လက်၍ ၎င်းက “မြန်မာပြည် အနေနဲ့လည်း ဒါတွေက ထွက်ကုန်ဖြစ်တဲ့ အတွက် ဈေးကွက်တခု ရမယ်။ ဒါ့ပြင် ဘာ တွေဖြစ်မလဲ ဆိုတော့ မြန်မာပြည်မှာ ရှိတဲ့ အခြေခံ စားသောက်ကုန် ပစ္စည်းတွေက ကျနော်တို့က လက်ဆောင်ပစ္စည်း အဖြစ် ထပ်ပြီး ထုတ်လုပ်ဖို့ ဝယ်ယူမယ် ဆိုရင် ကောင်းနိုင်တယ်။ ဒါတွေကို မြန်မာပြည်နဲ့ ပေါင်းစပ်ပြီး ထုတ်လုပ်မယ်” ဟု OBOR စီမံကိန်း စတင်လျှင် မြန်မာနှင့် မကာအို စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မည့် အစီစဉ်ကို ရှင်းပြသည်။
ထို့ကြောင့် မြန်မာနိုင်ငံ အနေနှင့် လက်ရှိတွင် ပြင်ဆင်ထားသင့်သော အချက်မှာ လယ်ယာ ထွက်ကုန် ပစ္စည်းများတွင် ကျန်းမာရေးနှင့် ညီညွတ်သည် ဆိုသော ထောက်ခံချက်များကို ကမ္ဘာ့စံချိန်မီ လုပ်ဆောင်ထားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ယခုနှစ်ကုန်ပိုင်း၌ OBOR စီမံကိန်းနှင့် ပတ်သက်သော အချက်များကို တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား လက်မှတ်ရေး ထိုးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
OBOR စီမံကိန်းတွင် အဓိက စြင်္ကန်ကြီး ၆ ခု ပါဝင်လျက် ရှိပြီး ယင်းတို့မှာ တရုတ်နိုင်ငံ အနောက်ပိုင်းမှ ရုရှားနိုင်ငံ အနောက်ပိုင်းသို့ လမ်းကြောင်း၊ တရုတ်နိုင်ငံ တောင်ပိုင်းမှ ရုရှားနိုင်ငံ အရှေ့ပိုင်း လမ်းကြောင်း၊ တရုတ်နိုင်ငံ အနောက် ပိုင်းမှ တူရကီနိုင်ငံသို့ လမ်းကြောင်း၊ တောင်တရုတ်မှ စင်ကာပူ နိုင်ငံသို့ လမ်းကြောင်း၊ အနောက်တောင် တရုတ်မှ ပါကစ္စ တန်သို့ လမ်းကြောင်းနှင့် ဘင်္ဂလားဒေရှ့်-တရုတ်-အိန္ဒိယ-မြန်မာ စြင်္ကန် (တောင်တရုတ်မှ အိန္ဒိယသို့ လမ်းကြောင်း) တို့ ဖြစ်ကြသည်။