စီးပွားရေး

ရန်ကုန်နှင့် မန္တလေး ပွဲရုံများတွင် ကျပ်သိန်းပေါင်း ၁ သောင်းကျော် လိမ်လည်မှု ဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

ယခုလပိုင်း အတွင်း ရန်ကုန်နှင့် မန္တလေးရှိ ပွဲရုံ လုပ်ငန်းများ၌ ငွေကျပ် သိန်းပေါင်း ၁ သောင်းကျော် လိမ်လည်မှု ဖြစ်ပေါ်ခဲ့ ကြောင်း သတင်း ရရှိသည်။

ရန်ကုန်မြို့ ဘုရင့်နောင် ပွဲရုံတန်းနှင့် မန္တလေးမြို့ရှိ ပွဲရုံတန်းတို့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကုန်ဖိုးငွေ ပေးချေခြင်း မပြုဘဲ တိမ်း ရှောင်နေကြကာ စုစုပေါင်း လူ ၂၀ ကျော်ထံမှ ငွေကြေး ကျပ်သိန်းပေါင်း ၁ သောင်း ၁ ထောင်ကျော် လိမ်လည်မှု ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန် က“ဘုရင့်နောင်မှာတော့ လွန်ခဲ့တဲ့ ၃ လ၊ ၄ လ လောက်က ဖြစ် တာ။ ဒါပေမယ့် ပွဲရုံကို တိုင်တာတော့ သြဂုတ် လကုန်ပိုင်းလောက်က တိုင်တယ်။ ဘုရင့်နောင် ကုန်စည်ဒိုင်က ပွဲရုံတွေ ဖြစ်တယ်။ ကုန်စည်ဒိုင်နဲ့တော့ ဘာမှမဆိုင်ဘူး။ ဒါက ပွဲရုံတန်းထဲမှာ ဖြစ်တဲ့ ကိစ္စဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ လိမ်လည်မှုသည် ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ကြက်သွန်၊ ငရုတ် ကုန်သည် ၄ ဦးထံမှ ငွေကြေး လိမ်လည်ခဲ့ခြင်း ဖြစ် သည်ဟုလည်း ဆိုသည်။

ထိုလိမ်လည်မှုနှင့် ပတ်သက်၍ လက်ရှိတွင် အလိမ်ခံရသည့် ပွဲရုံတချို့ကို ၃၀ ရာခိုင်နှုန်းခန့် ပေးလျော်ထားပြီး ၇၀ ရာခိုင် နှုန်းခန့် ကျန်ရှိနေသေးကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်က ပြောသည်။

ဆက်လက်၍ ဦးခင်ဟန်က“အရင်ကလည်း ခဏ၊ ခဏ ဖြစ်ဖူးတယ်။ နှစ်တိုင်း ရှိတယ်။ အနည်းနဲ့ အများပဲ။ ငွေကြေး ကျပ် သိန်း ၁ ထောင် ဝန်းကျင် လောက်မှာပဲ ဖြစ်တာ များတယ်။ အခုက ၃ ခု၊ ၄ ခု ပေါင်းတော့ ကျပ်သိန်းပေါင်း ၁ သောင်း ဝန်းကျင်လောက် ဖြစ်သွားတာ”ဟု ပြောဆိုသည်။

ယင်းသို့ ပွဲရုံများတွင် ယခု ငွေကြေးလိမ်လည်မှု အပါအဝင် ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်များတွင်လည်း ဆန်နှင့် ပဲကုန်သည် များကြား ငွေသိန်း သောင်းနှင့် ချီ၍ လိမ်လည်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဦးခင်ဟန်က “လိမ်လည်မှုတွေ ဖြစ်ရင် ကုန်စည်ဒိုင်က ဖြေရှင်း ပေးတာတွေတော့ ရှိတယ်။ ဒါပေမယ့် အလုပ်မဖြစ်ဘူး။ ပေးတဲ့သူက ပေးတယ်။ မပေးတဲ့သူက မပေးဘူး”ဟု ပြောသည်။

ယခင် ပွဲရုံ လုပ်ငန်းများကြား ငွေကြေးလိမ်လည်မှု ပမာဏ အများအပြား ဖြစ်ပွားခြင်းမှာ ဆန်နှင့် ပဲ လောကတွင် အများဆုံး ဖြစ်ပွားလေ့ရှိပြီး ယခုကဲ့သို့ ကြက်သွန်နှင့် ငရုတ်ပွဲရုံများ၌ ဖြစ်ပွားမှု နည်းကြောင်း သိရသည်။

ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးကလည်း“အခု အစိုးရ လက်ထက်မှာ စီးပွားရေးအရ လုပ်ရတာ ခက်ခဲ တယ် ဆိုတဲ့ သဘောမျိုးတွေကြောင့် နစ်နာ ဆုံးရှုံးတဲ့ သူတွေ များလာရင် လိမ်မှာပဲလေ။ ဒါကို မဖြေရှင်းပေးနိုင်ဘူး။ ဒီလိုမျိုး လိမ်လည်မှုတွေ ဖြစ်လာရင်လည်း ရဲစခန်းတွေ၊ တရားရုံးတွေ ထိရောက်တဲ့ အပြစ်ပေးမှုတွေ၊ အရေးယူမှုတွေ အား နည်းတဲ့ အခါ လိမ်တဲ့ သူတွေကလည်း သိပ်ပြီးတော့ မကြောက်ကြဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ယခု လက်ရှိဖြစ်ပေါ်နေသည့် လိမ်လည်မှု အနေအထားများသည် နိုင်ငံ၏ စီးပွားရေးနှင့် ဈေးနှုန်း အပြောင်းအလဲများ၊ ငွေ လဲလှယ်နှုန်းများကြောင့် ပုံမှန် မဟုတ်သော ခန့်မှန်းရခက်သည့် စီးပွားရေး အခြေအနေများကြောင့် ဆုံးရှုံးနစ်နာသူ များလာ ပြီး လိမ်လည်မှုများ ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လိမ်လည်မှု ဖြစ်ပွားထားသောကြောင့် ဘုရင့်နောင် ကုန်စည်ဒိုင်တွင် အကျိုးသက်ရောက်မှု သိပ်မရှိသော်လည်း လက်ရှိ ဈေး ကွက်တွင် အရောင်းအဝယ် အေးနေပြီး ငရုတ်၊ ကြက်သွန်၊ အာလူး အစရှိသည့် ကုန်ကား ၃၆ စီးခန့်သာ အဝင်ရှိကြောင်း ဦးသန်းဦးက ပြောသည်။

ထို့အတူ မန္တလေးတိုင်း ဒေသကြီး ပွဲရုံတန်းတွင်လည်း ပြီးခဲ့သည့် သြဂုတ်လ လကုန်ပိုင်းလောက်က ပွဲရုံ၏ အဝယ်တော်မှ ကျပ်သိန်းပေါင်း ၁ ထောင်ကျော် လိမ်လည်မှု ဖြစ်ပေါ်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ပွဲစား ကုန်သည် စက်ပိုင်များ မဟာ ကထိန်တော် အသင်းမှ အထွေအထွေ အတွင်းရေးမှူး ဦးကျော်သွင်က ဧရာဝတီကို ပြောပြသည်။

ဦးကျော်သွင်က“ကျနော်တို့ ဒီမှာ ဖြစ်တာက မြေပဲဆန် အရောင်းအဝယ်မှာ ဖြစ်သွားတာ။ သြဂုတ်လ ၂၈ ရက်လောက် က ကျပ် သိန်းပေါင်း ၁၁၈၅ ဖြစ်သွားတာ။ အခုက စုံစမ်း ဖော်ထုတ်နေပါတယ်။ လိမ်တဲ့သူက ထွက်ပြေးနေတယ်။ ကုန်သည် ၁၈ ဦးလောက် အလိမ်ခံရတာပါ”ဟု ပြောသည်။

ရန်ကုန်ကဲ့သို့ပင် မန္တလေး ပွဲရုံများ၌ ပြီးခဲ့သည့် နှစ်များတွင်လည်း လိမ်လည်မှုများ ဖြစ်ပွားခဲ့ကာ ငွေကျပ် သိန်းပေါင်း ၂ သောင်း မှ ၄ သောင်းအထိ ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

လက်ရှိ အချိန်တွင် ဘုရင့်နောင် ကုန်စည်ဒိုင် အနေနှင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ဆန်ဖိုး ငွေကြေး လိမ်လည်မှု ကျပ်သိန်းပေါင်း ၁ သောင်း ၄ ထောင်ကျော် အမှုနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့သည့် ကျပ်သိန်းပေါင်း ၆ သောင်း ၄ ထောင် ကျော် အမှု ၂ ခုကိုလည်း ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် တရားရုံးတွင် စစ်ဆေးနေဆဲ ဖြစ်ကြောင်း ယင်းကုန်စည်ဒိုင်က သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading