ဘေဂျင်း၏ မဟာဗျူစီမံကိန်း ရပ်ဝန်းတခု-လမ်းတခုအစီအစဉ် BRI ၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြန် CMEC တည်ဆောက်ရန် တရုတ်နှင့်မြန်မာတို့ကြား နားလည်မှုစာချွန်လွှာ MOU တစောင်ကို စက်တင်ဘာလ ၉ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်ဟု တရုတ်အမျိုးသား ဖွံဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် NDRC က ထုတ်ပြန်သောကြေညာချက်အရ သိရသည်။
ထိုနားလည်မှုစာချွန်လွှာကို မြန်မာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းနှင့် NDRC ဥက္ကဌ ဟဲလီဖုန်တို့က လက်မှတ်ရေးထိုးခဲ့သည်။ NDRC သည် တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းဌာနဖြစ်သည်။ စာချုပ်သဘောတူညီချက်အရ မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အခြာနေရာများတွင် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် မျှော်မှန်းနေသည်။
ခန့်မှန်းခြေကီလိုမီတာ ၁၇၀၀ ရှည်သော စီးပွားရေးစင်္ကြန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမှ မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အခြာနေရာများဖြစ်သည့် နိုင်ငံအလယ်ပိုင်းမှ မန္တလေးနှင့် ပထမချိတ်ဆက်မည်ဖြစ်ပြီး ထိုနောက်အရှေ့ဖက်တွင် ရန်ကုန်နှင့် အနောက်ဖက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ နှင့် ဆက်သွယ်မည်ဖြစ်သည်။
မြန်မာနှင့် တရုတ်အရာရှိများသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်များနှင့် စီးပွားရေးစြင်္ကန်တည်ဆောက်ရေးကို အားပေးရန်ဆွေးနွေးကြသည်ဟု အထက်ပါ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
အချက် ၁၅ ချက်ပါသော ထိုနားလည်မှုစာချွန်လွှာကို လုပ်ငန်းအကောင်အထည်ဖေါ်ရေးအဖွဲ့ အဆင့်တွင် ဖေဖေါ်ဝါရီလကပင် အပြီးသတ်ရေးဆွဲခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားရေးဦးစီးဌာန DICA ထံမှ သိရသည်။ ထိုနားလည်မှုစာချွန်လွှာအရ မြန်မာအစိုးရသည် အခြေခံအဆောက်အအုံ၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လူသားရင်းမြစ်တိုးတက်ရေး၊ သုတေသနနှင့် နည်းပညာ အပါအဝင် ကဏ္ဍအများအပြားတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
စီးပွားရေးစြင်္ကန် တည်ဆောက်ခြင်းကို အကောင်အထည်ဖေါ်ရန် နှစ်နိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများသည် အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများတွင် ဦးစားပေးများရွေးချယ်ရန်အတွက် လုပ်ငန်းအကောင်အထည်ဖေါ်ရေးအဖွဲ့များ၊ ပူးတွဲကော်မတီများ တည်ထောင်ကြရမည်ဖြစ်သည်။
၂၀၁၇ ခုနှစ်နိုဝင်ဘာလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင်ဆွေးနွေးပြီးနောက် CMEC တည်ဆောက်ရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။ ထိုစီးပွားရေးစင်္ကြန်သည် BRI အစိတ်အပိုင်းအဖြစ် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုအောက်တွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ပေးမည်ဖြစ်သည်။
BRI သည် တရုတ်သမ္မတရှီကျင့်ပင်၏ လက်ရွေးစဉ်နိုင်ငံခြားရေးမူဝါဒ စီမံချက်ဖြစ်သည်။ ၂၀၁၃ ခုနှစ်က စတင်ထုတ်ပြန်သော ထိုအစီအစဉ်ကို ပိုးလမ်းမ စီးပွားရေးရပ်ဝန်းနှင့် ၂၁ ရာစုရေကြောင်း ပိုးလမ်းမကြီးဟုလည်း သိကြသည်။ ထိုအစီအစဉ်အရ တရုတ်နိုင်ငံမှ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့် ရုရှားစသည့်နိုင်ငံပေါင်း ၇၀ ခန့်ကို ဖြတ်သန်းကာ ဥရောပနှင့် ဆက်သွယ်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြုတ်နှံမှုကို မြှင့်တင်ပေးမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှအကြား၊ တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်နှင့် အိန္ဒိယသမုဒ္ဓရာတို့အကြားတွင် တည်ရှိနေသောကြောင့် BRI တွင် အရေးပါသော ပထဝီအနေအထားကို ပိုင်ဆိုင်ထားသည်။
မကြာသေးမီလများကလည်း တရုတ်နိုင်ငံသည် ကျောက်ဖြူအထူးစီးပွားရေးဇုန် ဥက္ကဌသစ်နှင့် သဘောတူညီမှုအသစ်ကို အတည်ပြုခဲ့သည်။ သဘောတူညီချက်အသစ်အရ ထိုစီမံကိန်းကြောင့် မြန်မာအစိုးရကို အကြွေးဝန်ပိမည် မဟုတ်ကြောင်း ပြောဆိုထားသည်။
ကျောက်ဖြူသည် BRI တွင် အဓိက သေနင်္ဂဗျူဟာ ကျသောနေရာတွင်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ကို စီးပွားရေးတိုးတက်စေမည်ဟု မျှော်လင့်ရသည်။ ထိုစီမံကိန်းကြောင့် တရုတ်နိုင်ငံသည် အိန္ဒိယ သမုဒ္ဓရာသို့ တိုက်ရိုက်အသုံးပြုခွင့်ရပြီး တရုတ်နိုင်ငံအနေဖြင့် မလက္ကာရေလက်ကြားကို မသုံးဘဲ ရေနံတင်သွင်းနိုင်မည့် လမ်းကြောင်းလည်းဖြစ်သည်။
ဇွန်လက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ် ကာကွယ်ရေးဝန်ကြီးဝေဖန်းဟဲနှင့် နေပြည်တော်တွင်တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးကို ဆွေးနွေးခဲ့သည်။ ထိုအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က BRI သဘောတူညီများ အောက်တွင် တရုတ်နိင်ငံနှင့် ဆက်ဆံရေး ပိုမိုတောင့်တင်းအောင်ပြုလုပ်မည်ဖြစ်ကြောင်း ကတိပြုသည်ဟု တရုတ်မီဒီယာများက ဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ထိပ်တန်းရင်းနှီးမြှုပ်နှံသူဖြစ်သည်။ တရုတ်နိုင်ငံသည် ၁၉၈၈ ခုနှစ်မှ ယခုနှစ်မေလအထိ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂၀.၀၁ ဘီလီယံ မြှုပ်နှံထားသည်ဟု DICA ၏ စာရင်းများအရ သိရသည်။