ကချင်ပြည်နယ်မှ မြစ်ဆုံ စီမံကိန်း၏ နောက်ကွယ်တွင် ရှိနေသော တရုတ် အစိုးရပိုင် ကုမ္ပဏီက ရပ်တန့်နေသောစီမံကိန်း ပြန်လည်စတင်ရေး ဒေသခံများနှင့် တာဝန်ရှိသူများကို စည်းရုံးသည့် အားထုတ်မှုများ ဆောင်ရွက်လာနေသည်။
ဆည်တည်ဆောက်မည့်နေရာအနီးတွင် တည်ရှိသော အလန်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဖြစ်သည့် မုန်ရာက စီမံကိန်းသည် ဒေသခံများ၏ ဘဝကို တိုးတက်စေလိမ့်မည်ဟု တရုတ်နိုင်ငံ State Power Investment Corporation (SPIC) မှ တာဝန်ရှိသူများက စက်တင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးတခုတွင် ပြောကြားခဲ့ကြောင်း ပြောသည်။
“မြစ်ဆုံ စီမံကိန်းက လုံးဝ လုံခြုံ စိတ်ချရတယ်။ မကောင်းတဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စိုးရိမ်နေစရာ မလိုဘူးလို့ သူတို့က ကျနော်တို့ကို ရှင်းပြတယ်။ ကျနော်တို့ရွာ အကျိုးရှိမယ်လို့ သူတို့က ပြောတယ်။ အထူးသဖြင့် လျှပ် စစ်ပေါ့” ဟု သူက ဧရာဝတီသို့ပြောသည်။
စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲသို့ ဒေသခံ တာဝန်ရှိသူ ၂၀ ခန့်ကို ဖိတ်ကြားခဲ့သည်ဟု သူက ဆိုသည်။
ဆည်က တကမ္ဘာလုံးက ပြည်သူများကို အကျိုးပြုကြောင်းနှင့် ကချင်ပြည်နယ်မှ ချီဖွေ ရေအား လျှပ်စစ် ဆည်က လျှပ်စစ်ဓာတ်အားရရှိရန် အထောက်အကူဖြစ်ခဲ့ပြီး ဒေသခံအသိုင်းအဝိုင်းကို တိုးတက်စေခဲ့ပြီး ဖြစ်သည်ဟု SPIC တာဝန်ရှိသူများက ရှင်းပြခဲ့ကြောင်း မုန်ရာက ပြောသည်။
ကုန်ကျစရိတ် ၃.၆ ဘီလီယံရှိမည်ဟု ခန့်မှန်းထားပြီး ဆည်မှ ရရှိမည့် လျှပ်စစ်ဓာတ်အား ၆၀၀၀ မီဂါဝပ်၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်ပို့ မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်အရ သိရသည်။
မြစ်ဆုံသည် ဧရာဝတီမြစ် အထက်ပိုင်းနှင့် ဧရာဝတီမြစ်ဖျားခံရာ မေခ နှင့် မလိခ မြစ်များပေါ်တွင် တည်ဆောက်ရန် စီစဉ် ထားသည့် ရေအားလျှပ်စစ် စီမံကိန်း ၇ ခုအနက်မှ တခု ဖြစ်သည်။ လုပ်ငန်းများကို ၂၀၀၉ ခုနှစ်တွင် ထိုစဉ်က China Power Investment Corporation (CPI) ဟု သိကြသည့် SPIC က ရွှေ့ပြောင်းပေးရမည့် ဒေသခံများအတွက် အောင်မြင်သာကျေးရွာကို တည်ဆောက်ခြင်းနှင့် အတူ စတင်ခဲ့ပြီး စီမံကိန်းက ၁၀ နှစ် ကြာမြင့်မည်ဟု ခန့်မှန်းခဲ့သည်။
၂၀၁၀ ခုနှစ်တွင် ကျေးရွာ ၅ ခုမှ ပြည်သူ ၂၁၀၀ ကျော်ကို အောင်မြင်သာ ကျေးရွာသို့ အာဏာပိုင်များက အတင်းအဓမ္မ ရွှေ့ ပြောင်းနေရာချထားခဲ့သည်။ အစိုးရ သတင်းစာ၏ အဆိုအရ ပြန်လည်နေရာချထားရေး အစီအစဉ်အတွက် CPI က အမေ ရိကန်ဒေါ်လာ ၂၅ သန်း ခန့် သုံးစွဲခဲ့သည်ဟု သိရသည်။
ဆည်၏ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများအပေါ် ပြည်သူလူထုက စိုးရိမ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခြင်းနှင့် အတူ ၂၀၁၁ ခုနှစ်တွင် ထိုစဉ်က သမ္မတ ဦးသိန်းစိန်က စီမံကိန်းကို ဆိုင်းငံ့ထားခဲ့သည်။ သို့ သော်လည်း တရုတ်နိုင်ငံက ၎င်း၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြည့်မီရေး အတွက် ဆည်တည်ဆောက်ရေး လုပ်ငန်းများကို ပြန်လည်စတင်ရန် မျှော်လင့်နေသည်။
စီမံကိန်းက တပိုင်းတန်းလန်းနှင့် ရပ်တန့်နေဆဲ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၁၆ ခုနှစ်တွင် အာဏာရရှိခဲ့ ပြီးနောက် အစိုးရက ဆည်နှင့် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံ အသိုင်း အဝိုင်းအပေါ် သက်ရောက်မှုများကို ပြန်လည် သုံးသပ်ရန် ကချင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အဖွဲ့ဝင် ၂၀ ဦးပါဝင်သော ကော်မရှင် တခုကို ဖွဲ့စည်းခဲ့သည်။ ကော်မ ရှင်က ယခုအချိန်အထိ အစီရင်ခံစာ ၂ စောင်ပြုစုခဲ့ပြီး ဖြစ်သော်လည်း အစိုးရက ၂ ခုလုံးကို ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိသေးပါ။
ဆည်တည်ဆောက်မည့်နေရာတွင် ကမ္ဘာပေါ်၌ အရှားပါးဆုံး ဇီဝမျိုးကွဲ အချို့ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူများက ပြောကြပြီး စီမံကိန်းက ဧရာဝတီမြစ်၏ သဘာဝ အလှအပနှင့် ရေစီးဆင်းမှု ၂ ခုလုံးကို ပျက်စီးစေ လိမ့်မည် ဖြစ်ကြောင်း သတိပေးခဲ့ကြသည်။ စင်ကာပူနိုင်ငံ အရွယ်အစားခန့်ရှိသည့် ဧရိယာကို ရေလွှမ်းမိုးစေနိုင်သည့် အလားအလာရှိပြီး လူ ၁၀၀၀၀ ကျော်၏ အသက်မွေးမှုကို ထိုခိုက်စေနိုင်သည် အိုးမဲ့အိမ်မဲ့ ဖြစ်စေနိုင်သည်ဟု သူတို့က ပြောသည်။
သြဂုတ်လ အတွင်းတွင် ပဲခူးတိုင်းအတွင်းရှိ ဆည်တခု ကျိုးပေါက်ခြင်းကြောင့် လူ ၆၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ၂ ရက် အကြာတွင် SPIC က မြစ်ဆုံဆည် တည်ဆောက်မည့်နေရာ အနီးတွင် နေထိုင်သူများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ စီမံကိန်းသည် ကမ္ဘာပေါ်တွင် အတော်ဆုံး ဆည်တည်ဆောက်သူများ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
ကုမ္ပဏီက သွားရောက်ခဲ့သည့် ကျေးရွာများထဲတွင် နောင်ချိန်ကျေးရွာလည်း အပါအဝင် ဖြစ်သည်။
“ကျမတို့က ဆည်ကို လက်မခံဘူးလို့ သူတို့ကို ပြောပြီးပါပြီ။ ဒါပေမယ့် သူတို့က ကျမတို့ကို နည်းလမ်းအမျိုးမျိုးနဲ့ ချဉ်းကပ်နေတယ်။ ကျမတို့ စိုးရိမ်စရာ မလိုဘူးလို့ပဲ သူတို့က ပြောနေတယ်။ ဒါပေမယ့် ကျမတို့က ဒေသခံတွေပါ။ သူတို့ ကတိပေးတာကို အခြေခံပြီး ကျမတို့ ဘဝတွေကို မစွန့်စားနိုင်ပါဘူး” ဟု နောင်ချိန် ဒေသခံတဦး ဖြစ်သည့် ရွိုင်ဂျာက ဧရာဝတီသို့ ပြောသည်။
“သူတို့က အထူဆုံး တမံကို ဆောက်မယ်။ ဆည်က ကျိုးပေါက်မှာ မဟုတ်ဘူး ပြောတယ်။ ဒါပေမယ့် ကျမတို့က သူတို့ကို မယုံဘူး” ဟု သူက ပြောသည်။
နောင်ချိန်ကျေးရွာသည် ဆည်တည်ဆောက်မည့်နေရာ၏ အောက်ဘက် ၁၆ ကီလိုမီတာ အကွာ ဧရာဝတီ မြစ်ကမ်းပါးတွင် ရှိသော်လည်း အကယ်၍ ဆည်ကျိုးပေါက်ခဲ့လျှင် သူတို့၏ နေအိမ်များ ရေလွှမ်းမိုးခံရမည်ကို ဒေသခံများက စိုးရိမ်နေကြဆဲ ဖြစ်သည်။
“သူတို့က ရွာတွေကို လာပြီး ကျနော်တို့ ဘာတွေ လိုအပ်သလဲလို့ မေးတတ်ကြတယ်။ မြစ်ဆုံကို မကြာခင်ပြန်စမှာ ကျနော် စိုးရိမ်တယ်” ဟု အလန်ကျေးရွာ အုပ်ချုပ်ရေးမှူး မုန်ရာက ပြောသည်။
ဇူလိုင်လအတွင်းတွင် တရုတ်အစိုးရပိုင် သတင်းစာဖြစ်သည့် Global Times က မြစ်ဆုံဆည်နှင့် ပတ်သက်၍ တရုတ်အစိုးရက လက်မလျှော့သေးကြောင်း ဖော်ပြခဲ့သည်။ စီမံကိန်းကို ဆိုင်းငံ့ရန် မြန်မာနိုင်ငံ၏ ဆုံးဖြတ်ချက်က ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှုကို လျော့ကျစေသည်ဟုလည်း ဆိုသည်။
စီမံကိန်းနှင့် ပတ်သက်၍ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်အောင် ထံမှ မှတ်ချက်တောင်းခံရန် ဆက်သွယ်၍ မရခဲ့ပါ။
သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အဖွဲ့အစည်းတခု ဖြစ်သည့် EcoDev မှ ဒါရိုက်တာ ဦးဝင်းမျိုးသူက နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ တရုတ်သမ္မတ ရှီကျင်ဖျင့် လာရောက်လည်ပတ်ရန် စီစဉ်ထားသည့် ခရီးစဉ် မတိုင်မီ SPIC က ဆည်နှင့် ပတ်သက်၍ အဖြေတခု ရရှိရန် ဆန္ဒရှိနေကြောင်း ပြောသည်။
“သူ့ ခရီးစဉ် မတိုင်မီ သူတို့က ဖြစ်နိုင်တဲ့ရလဒ်ကို ရှာချင်ကြတယ်။ တကယ်လို့ ကျနော်တို့က စီမံကိန်းကို ပယ်ဖျက်လိုက် တယ်ဆိုရင် သူတို့က လျော်ကြေး အပြည့်အဝလိုချင်တယ်” ဟု သူက ပြောသည်။
မူလ သဘောတူညီချက်အရ CPI က စီမံကိန်း၏ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး မြန်မာအစိုးရက ၁၅ရာခိုင်နှုန်းပိုင်ဆိုင်သည်။ ကျန် ၅ ရာခိုင်နှုန်းကို မြန်မာအခြေစိုက် Asia World ကုမ္ပဏီက ပိုင်ဆိုင်သည်။
အကယ်၍ မြန်မာနိုင်ငံက စီမံကိန်းကို ပယ်ဖျက်လိုက်ပါက လျော်ကြေး ဒေါ်လာ သန်း၈၀၀ ပေးရမည် ဖြစ်သော်လည်း အကယ်၍ ဆက်လက်ဆောင်ရွက်ပါက တနှစ်လျှင် ဒေါ်လာ သန်း ၅၀၀ ဝင်ငွေရရှိနိုင်သည်ဟု SPIC ကပြောသည်။ လက်ရှိ အချိန်တွင် စီမံကိန်းကို ဆိုင်းငံ့ထားစဉ် အစိုးရက တနှစ်လျှင် လျော်ကြေး ဒေါ်လာ သန်း ၅၀ ပေးနေရသည်။
ပြီးခဲ့သည့် နှစ်အတွင်း ရခိုင်မြောက်ပိုင်းအရေး မြန်မာနိုင်ငံက အနောက်နိုင်ငံများနှင့် ဆက်ဆံရေး အဆင်မပြေမှုများ ရှိလာသည်နှင့် အမျှ တရုတ်နိုင်ငံနှင့် ပိုမိုနီးစပ်မှုများ ရှိလာခဲ့သည်။ တရုတ်အစိုးရ၏ အားသာချက်တိုးလာခြင်းက ဆည်နှင့် ပတ်သက်၍ သဘောတူညီချက် အသစ်တခု ရရှိရေး မြန်မာ အစိုးရအပေါ် ဖိအား ဖြစ်လာမည်ကို အချို့က စိုးရိမ်နေကြသည်။
အစိုးရက လတ်တလောတွင် နောက်ထပ် တရုတ်အစိုးရပိုင် ကုမ္ပဏီ တခုနှင့် သဘောတူညီချက် အသစ်တခုကို လက် မှတ်ရေးထိုးခဲ့ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် ပြန်လည်စတင်ရေးလုပ်ငန်းများ လမ်းပွင့်သွားခဲ့သည်။ တရုတ်သမ္မတ Xi Jinping ၏ အမှတ်တံဆိပ် ဖြစ်သော ခေတ်သစ်ပိုးလမ်းမ စီမံကိန်း၏ အစိတ်အပိုင်းတခု ဖြစ်သည့် ကျောက်ဖြူ အထူးစီး ပွားရေးဇုန်က တရုတ်နိုင်ငံကို အိန္ဒိယ သမုဒ္ဒရာနှင့် တိုက်ရိုက်လမ်းပွင့်စေပြီး ကုန်းတွင်းပိတ်ပြည်နယ်ဖြစ်သည့် ယူနန်ပြည် နယ် တိုးတက်မှုကို အရှိန်မြှင့်ပေးမည် ဖြစ်သည်။
Global Times သတင်းစာ၏ အဆိုအရ တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံတို့က တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် နှင့် ပတ်သက် ၍ နားလည်မှုစာချွန်လွှာတခုကိုလည်း စက်တင်ဘာလ ၉ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်။ စြင်္ကန်က ယူနန်ပြည်နယ် ၏ မြို့တော်ကူမင်းနှင့် ကျောက်ဖြူတို့ကို မန္တလေး နှင့် ရန်ကုန်တို့မှ တဆင့် ဆက်သွယ်ပေးမည် ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းက ကောက်ယူခဲ့သည့် စစ်တမ်းတခုအရ မြန်မာပြည်သူ ၈၅ ရာခိုင်နှုန်းက မြစ်ဆုံဆည်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း တွေ့ရှိရသည်။
“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ အားလုံးက စီမံကိန်းကို ပယ်ဖျက်သင့်ကြောင်း အကြံပြုခဲ့ကြတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုဖြစ်မလဲဆိုတာ ကျနော်တို့ သေချာမသိသေးဘူး” ဟု ဦးဝင်း မျိုးသူက ပြောသည်။
“အဲဒါက အစိုးရ အဖွဲ့အပေါ်မှာ မူမတည်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ မူတည်တယ်။ ကျနော်တို့က သူ့ရဲ့ ဆုံး ဖြတ်ချက်ကို သိရဖို့ စောင့်နေကြပါတယ်။”
( Chinese Company Lobbies Locals on Reboot of Suspended Myitsone Dam Project ကို ဘာသာပြန်ဆိုသည်။)