စီးပွားရေး

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်ကို ကျည်ဆန်ရထားဖြတ်ပြေးရန် တရုတ်စဉ်းစားနေ

ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စင်္ကြန်ဒေသတွင် မြန်နှုန်းမြင့်ရထားလမ်း ဖောက်ရန် အဆိုပြုချက် ထွက်ပေါ်လာခဲ့သည်။ BCIM သည် တရုတ်၏ စီးပွားရေးရပ်ဝန်း (Belt and Road) အစပျိုးရေး စီးပွားရေးစင်္ကြန်များထဲမှ တခုဖြစ်သည်။

တရုတ်သည် တောင်အာရှဒေသတွင် ကုန်သွယ်ရေးနှင့်စီးပွားရေး တိုးချဲ့ရန် နိုင်ငံပေါင်းစုံ ဖြတ်သန်းသွားမည့် ကျည်ဆံရထား စီမံကိန်းကို စိတ်ဝင်စားလျက် ရှိကြောင်း အိန္ဒိယဆိပ်ကမ်းမြို့ဖြစ်သည့် ကာလကတ္တားမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ် မာဇန်ဝု၏ အဆိုအရ သိရသည်။

တရုတ်နိုင်ငံသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှတဆင့် ဖြတ်သန်းလျက် ကူမင်းနှင့် ကာလကတ္တားမြို့တို့ကို ဆက်သွယ်မည့် ကျည်ဆန်ရထား ဝန်ဆောင်မှုကို စဉ်းစားလျက်ရှိကြောင်း မာဇန်ဝုက ပြီးခဲ့သော ရက်သတ္တပတ် ဗုဒ္ဒဟူးနေ့တွင် ပြောကြောင်း အိန္ဒိယ သတင်းဌာန ANI က ဆိုသည်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံများလည်း အဆိုပါစီမံကိန်းမှ အကျိုးအမြတ်များစွာ ရမည်ဖြစ်သည်။

“ကျနော်တို့က ဒီလမ်းကြောင်း တလျှောက် စက်မှုလုပ်ငန်းတွေလည်း နောက်ဆက်တွဲ အကောင်အထည်ဖော်ကောင်း ဖော်ဖြစ်မှာပါ။ ကီလိုမီတာ ၂၈၀၀ ရှည်တဲ့စီမံကိန်းမှာ ဒီတိုင်းပြည်တွေလည်း စီးပွားရေးဖွံ့ဖြိုးမှုအလားအလာ တိုးပွားလာမှာပါ” ဟု ကောင်စစ်ဝန်ချုပ် မာဇန်ဝုက ဖြည့်စွက်ပြောသည်။

အဆိုပါ ရထားလမ်းသည် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စင်္ကြန်တွင် ကုန်သွယ်ရေးချဲ့ထွင်ရန် ရည်ရွယ်ထားပြီး တရုတ်၏ Belt and Road (BRI) စီးပွားရေးရပ်ဝန်း အစပျိုးမှု၏ တခုသော စီးပွားရေးစင်္ကြန်ဖြစ်သည်။ တရုတ် BRI သည် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန်နှင့်လည်း ဆက်စပ်နေခြင်းကြောင့် အိန္ဒိယ၏ အချုပ်အခြာအာဏာကို ထိပါးရာရောက်သည်ဆို၍ အိန္ဒိယအစိုးရက အတိအလင်း ကန့်ကွက်ခဲ့ပြီးဖြစ်သည်။

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြန်ကိစ္စ ငြိမ်းအေးစေရန်အတွက် တရုတ်နှင့်အိန္ဒိယတို့သည် များမကြာမီ နားလည်မှုတချို့ ရလာနိုင်ဖွယ်ရှိကြောင်း ဂျဝါဟလာနေရူးတက္ကသိုလ်မှ တရုတ်လူမျိုးနှင့် တရုတ်သုတေသနဌာန ပါမောက္ခ ဘီအာရ်ဒီးပက်က သုံးသပ်ပြောကြားသည်။

ပြီးခဲ့သည့်လက တရုတ်တောင်ပိုင်း၊ ကွမ်ကျိုးမြို့သို့ အိန္ဒိယ ခေါင်းဆောင်များအဖွဲ့ လာရောက်ခဲ့ရာ အိန္ဒိယနိုင်ငံမှ အာသံ၊ ထရီပူရနှင့် နာဂဒေသတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စစ်တကောင်းနှင့် ချိတ်ဆက်နိုင်ရန် အဓိက အစီအစဉ်တရပ်ကို အဆိုပြုခဲ့ကြပြီး ယင်းစီမံကိန်း အတွက် တရုတ်ရင်းနှီးမြှုပ်နှံမှုကို အကန့်အသတ်ဖြင့်ဝင်ရောက်ရန် ပထမဆုံးအကြိမ် ဖိတ်ခေါ်ခဲ့သည်။

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်သွယ်မည့်စီမံကိန်းသို့ ပါဝင်ရန် တရုတ်ကို ဖိတ်ခေါ်ခြင်းသည် တရုတ်အကဲခတ်သမားများက ကျယ်ကျယ်ပြန့်ပြန့် သတိထားရမည့် အံ့အားသင့်စရာ အရွေ့တခုဖြစ်ကြောင်း သုံးသပ်ကြသည်ဟု တရုတ်နိုင်ငံထုတ် ဂလိုဘယ်တိုင်းမ် သတင်းစာတွင် ရေးသားဖော်ပြထားသည်။

Loading