ယခင် ရှေးဟောင်းပိုးလမ်းမနှင့် အလားတူ လမ်းကြောင်းတလျှောက်တွင် အာရှနှင့် ဥရောပကို ဆက်သွယ်ပေးမည့် ပါကစ္စတန်-တရုတ် စီးပွားရေး စင်္ကြန်အပါအဝင် တရုတ်နိုင်ငံ၏ Belt and Road စီမံကိန်းအောက်တွင် ရရှိထားသည့် သဘော တူညီချက်များကို ပါကစ္စတန်နိုင်ငံက မကြာသေးမီက ရပ်ဆိုင်းလိုက်သည်။ တရုတ်ကုမ္ပဏီများ မမျှမတ အကျိုး အမြတ်ရရှိမည် ဖြစ်ကြောင်း တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။
စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံ ရှိသည့် အခြေခံအဆောက်အဦး ဆိုင်ရာ အဓိက စီမံကိန်း ၂ ခုကို ပယ်ဖျက်လိုက်ကြောင်း မလေးရှားနိုင်ငံကလည်း ကြေညာခဲ့သည်။ အဆိုပါစီမံကိန်းများသည် Belt and Road Initiative (BRI) ၏ တစိတ်တပိုင်း ဖြစ်ပြီး အကြွေးထောင်ချောက်တွင်းသို့ မကျရောက်စေရန် ရှောင်ရှားသည့် အနေဖြင့် ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။
အာရှနိုင်ငံ အများအပြားက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရည်မှန်းချက် ကြီးမားလှသော BRI အရ သူတို့၏ နိုင်ငံများတွင် အကောင်အထည်ဖော်ရန် စီစဉ်ထားသည့် မဟာစီမံကိန်းများကို ရပ်ဆိုင်းခဲ့ကြသော်လည်း မြန်မာအစိုးရက ဒေါ်လာဘီလီယံနှင့် ချီ၍တန်သော စီးပွားရေး စီမံကိန်းတခုကို တရုတ်အစိုးရနှင့် မကြာသေးမီက သဘောတူခဲ့ခြင်းက ဘဏ္ဍာရေးဆိုင်ရာ တာဝန်ယူနိုင်မှု သတ်မှတ်ချက် (Sovereign Credit Rating) နှင့် အကြွေးကို ကိုင်တွယ်နိုင်စွမ်း နိမ့်သည့် နိုင်ငံတခုအတွက် အကြွေးထောင်ချောက် တခု ဖန်တီးပေးနိုင်သည့် အလားအလာကြောင့် အံ့သြမှုများ ဖြစ်စေခဲ့သည်။
ပြီးခဲ့သည့် အပတ်အတွင်းတွင် မြန်မာနိုင်ငံမှ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဝင်းနှင့် တရုတ်နိုင်ငံမှ ထိပ်တန်း စီးပွားရေး စီမံကိန်း အေဂျင်စီတခု ဖြစ်သည့် National Development and Reform Commission (NDRC) ၏ ဥက္ကဌ ဟေလိဖန်းတို့က တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) တည်ထောင်ရေးအတွက် နားလည်မှုစာချွန်လွှာ တခုကို လက် မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ စြင်္ကန်က BRI ၏ အစိတ်အပိုင်း အနေဖြင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ်၏ မြို့တော် ကူမင်းနှင့် ရခိုင်ပြည်နယ် ကျောက်ဖြူရှိ ဘင်္ဂလားပင်လယ်အော်မှ ရေနက်ဆိပ်ကမ်းတခုကို ဆက်သွယ်ပေးမည် ဖြစ်သည်။
နောက်ပိုင်းတွင် BRI ဟုသိကြသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အမှတ်တံဆိပ် ဖြစ်သော One Belt, One Road (OBOR) မူဝါဒကို ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်နိုင်ငံမှ ဥရောပသို့ အလယ်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ရုရှားတို့ကို ဖြတ်ကျော်၍ အနည်းဆုံးနိုင်ငံ ၇၀ ကို ကားလမ်း၊ ရထားလမ်း နှင့် ရေကြောင်းလမ်းများဖြင့် ဆက်သွယ်ထားသည့် ကွန်ရက်တခု တည်ဆောက်ရန် ရည်မှန်းထားသည်။
၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘေဂျင်းတွင် ပြုလုပ်သည့် Belt and Road Forum for International Cooperation ကို တက်ရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ် အတွင်းတွင် “Silk Road Economic Belt and 21st Century Maritime Silk Road Initiative” မူဘောင်အတွင်းတွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတခုကို လက်မှတ်ရေးထိုးခဲ့သည်။
CMEC စီမံကိန်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် အကြီးဆုံး နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) များထဲမှ တခုဖြစ်လာလိမ့်မည်ဖြစ်ပြီး FDI က တနှစ်ပြီးတနှစ် ကျဆင်းလာနေသလို ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာပြဿနာကြောင့် တိုင်းပြည်၏ ပုံရိပ်ကျဆင်းနေရခြင်းနှင့် မြန်မာနိုင်ငံရင်ဆိုင်နေရချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
၁၇၀၀ ကီလိုမီတာ ရှည်လျားသည့် စင်္ကြန်က မြန်မာနိုင်ငံ အလယ်ပိုင်းမှ မန္တလေးမြို့ အပါအဝင် တိုင်းပြည်၏ အဓိက စီးပွားရေး အချက်အချာနေရာများကို ဖြတ်သန်း၍ အဆုံးသတ်မည့် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်ရှိရာ အနောက်ဘက်သို့ မလှည့်မီ အရှေ့တောင်ဘက်ရှိ ရန်ကုန်ကို ဝင်ရောက်လိမ့်မည် ဖြစ်သည်။
CMEC အဆိုပြုချက်အရ စီမံကိန်း၏ ပထမအဆင့်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိ ခန့်မှန်း စီမံကိန်း ၂၄ ခုပါဝင်မည် ဖြစ်သည်။ နောက်တဆင့်တွင့် စတင်မည်ဖြစ်သော အဓိက အခြေခံ အဆောက်အဦး စီမံကိန်းများ ပါဝင်ခြင်း မရှိပါ။ အဆိုပါ ဘတ်ဂျက်မှ နေ၍ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက မြန်မာ နိုင်ငံတွင်းရှိ စင်္ကြန်တလျှောက်မှ ရေသွင်းရေထုတ်စနစ် ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် ဒေါ်လာ သန်း ၄၀၀ ရရှိမည် ဖြစ်သည်။
ရန်ကုန်တွင် CMEC ၏ အစိတ်အပိုင်းအနေဖြင့် China Communications Construction Company (CCCC) က ဒေါ်လာ ၁၀၀ ဘီလီယံတန် ရန်ကုန်မြို့သစ်ကို အဆိုပြုထားပြီး ဖြစ်သည်။ အဆိုပါ စီမံကိန်းက မြို့သစ်များ၊ စက်မှုဇုန်များ နှင့် မြို့ပြ ဖွံဖြိုးရေး စီမံကိန်းများကို ပူးတွဲတည်ဆောက်ရန် ရည်ရွယ်ထားသည်။
အဆိုပြုချက်တွင် မန္တလေး၊ တရုတ်နယ်စပ် မြန်မာဘက်ခြမ်းရှိ မူဆယ်နှင့် ရှမ်းပြည်နယ်တွင်းမှ လမ်းအချို့ကို ဖြတ်သန်းသော အဓိက လမ်း ၃ ခုကို အဆင့်မြှင့်တင်ရန်လည်း ပါဝင်သည်။ အဝေးပြေးလမ်းနှင့် ရထားလမ်းတို့က စစ်ပွဲဒဏ်ခံနေရသည့် ရှမ်း နှင့် ကချင်ပြည်နယ်များကို ဖြတ်သန်းသွားမည်ဟု မျှော်လင့်ရသည်။ ဗျူဟာမြောက် အစီအစဉ် ပိုမိုခိုင်မာစေရေး တရုတ်နိုင်ငံက နေပြည်တော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြားမှ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် အကူအညီပေးရေး အားထုတ်နေခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) ၏ အဆိုအရ စီးပွားရေး စြင်္ကန် စီမံကိန်းက အခြေခံ အဆောက်အဦး၊ ဆောက်လုပ်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေး၊ သုတေသနနှင့် နည်းပညာတို့ကို အရှိန်မြှင့်တင်ပေးလိမ့်မည် ဖြစ်သည်။
CMEC က တရုတ်ကုန်စည်များကို မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများသို့ တိုက်ရိုက် စီးဆင်းခွင့် ပြုလိမ့် မည်ဖြစ်ကြောင်းနှင့် တရုတ်စက်မှုလုပ်ငန်းများအနေဖြင့် မြင့်တက်လာသော အလုပ်သမားခများနှင့် တရုတ် စက်မှုလုပ်ငန်းများ ဝန်ပိနေခြင်းကို လျှော့ချနိုင်ရန် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာနိုင်ကြောင်း အဆိုပြုချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ အရှေ့တောင်အာရှနှင့် တောင်အာရှ တို့ကြားတွင် ကုန်သွယ်ရေး အဓိက အချက်အချာ နေရာတခု ဖြစ်လာလိမ့်မည် ဟုလည်း ဆိုသည်။
သို့သော်လည်း မြန်မာနိုင်ငံ တလွှားမှ အခြေခံအဆောက်အဦးစီမံကိန်းများကို မည်သို့ ဘဏ္ဍာရေးထောက်ပံ့မည်ဆိုသည် ကို ကျွမ်းကျင်သူများက မေးခွန်းထုတ်နေကြသည်။
ဘန်ကောက်မြို့ ချူလာလောင်ကွန် တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာနရှိ Institute of Security and International Studies မှ တွဲဖက် ပါမောက္ခ သစ်ထီနန် ပေါင်ဆူဒီရတ် က “CMEC အနေနဲ့ တရုတ်နိုင်ငံရဲ့ Belt and Road က တခြားသော အခြေခံ အဆောက်အဦးဆက်သွယ်မှု အနေနဲ့ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန်ကို ဥပမာ ယူကြည့်နိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
“သိသာထင်ရှားတဲ့ အန္တရာယ်ကတော့ အကြွေးထောင်ချောက်ပါ။ တရုတ်နိုင်ငံက စင်္ကြန် စီမံကိန်းတွေ တည်ဆောက်ဖို့ ငွေတွေ အမြောက်အမြား ထုတ်ချေးတာက အကြွေးယူတဲ့ တိုင်းပြည်တွေမှာ ကြွေးပြန်ဆပ်ဖို့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ပြန်ပေးဖို့ သူတို့မှာ အခက်အခဲ ဖြစ်ကြပါလိမ့်မယ်။ အဲဒီအခါမှာ တရုတ်နိုင်ငံက အားသာချက်နဲ့ ငွေ ချေးတဲ့ တိုင်းပြည်တွေ အပေါ်မှာ သြဇာ လွှမ်းမိုးမှု ရသွားစေပါတယ်” ဟု သူက ပြောသည်။
၂၀၁၈ ခုနှစ် မတ်လတွင် ဝါရှင်တန် အခြေစိုက် Center for Global Development ၏ အစီရင်ခံစာတစောင်၌ တရုတ်နိုင်ငံ က အကူအညီပေးရေးလုပ်ဆောင်မှုများ ဆက်တိုက်ပြုလုပ်ခြင်းနှင့် ငွေကြေး အမြောက်အမြား ချေးငှားခြင်းအားဖြင့် BRI တွင် ပါဝင်သော နိုင်ငံအများအပြားကို ဘဏ္ဍာရေး အန္တရာယ်အတွင်းသို့ တွန်းပို့နေသည်ဟု ဖော်ပြခဲ့သည်။ အထူးသဖြင့် အန္တရယ်များသော နိုင်ငံများမှာ လာအို၊ မွန်ဂိုလီးယား၊ ကာဂျစ်ကစ္စတန်၊ မော်လ်ဒိုက်၊ ဂျဘူဒီနှင့် မွန်တီနီဂရိုးတို့ ဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။
US Overseas Private Investment Corporation ၏ အကြီးအကဲကလည်း အဆိုပါ စိုးရိမ်မှုကို ပဲ့တင်ထပ်ခဲ့သည်။ တရုတ်နိုင်ငံ၏ BRI က ဆင်းရဲနွမ်းပါးသည့် နိုင်ငံ အများအပြားအတွက် အကြွေးထောင်ချောက် တခုကို ဖန်တီးနေသည်ဟု သူက သတိပေးသည်။
သီရိလင်္ကာ နိုင်ငံတွင် BRI မှ ရေနက်ဆိပ်ကမ်း စီမံကိန်းတခုကို မကြာသေးမီက တရုတ်အစိုးရပိုင် ကုမ္ပဏီတခုသို့ လုပ်ပိုင်ခွင့် ၉၉ နှစ် လွှဲပြောင်းပေးအပ်ခဲ့ရသည်။ သီရိလင်္ကာနိုင်ငံက ချေးငွေကို ပြန်မပေးနိုင်သောကြောင့် ဖြစ်သည်။ သီရိလင်္ကာနိုင်ငံသည် တရုတ်နိုင်ငံက Belt and Road လမ်းကြောင်းတလျှောက်တွင် သြဇာလွှမ်းမိုးမှု ရရှိရေး ချေးငွေနှင့် အကူအညီကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခဲ့ခြင်း၏ အမြင်သာဆုံး ဥပမာများထဲမှ တခုဖြစ်ပါသည်။
BRI တွင် ဗျူဟာကျသည့် စီမံကိန်းတခု ဖြစ်သော ကျောက်ဖြူဆိပ်ကမ်းသည် မလက္ကာ ရေလက်ကြားကို ရှောင်ရှား၍ တရုတ်နိုင်ငံ၏ ရေနံတင်သွင်းနိုင်သော အဓိက တံခါးပေါက်တခု ဖြစ်နေခဲ့ပြီး ဖြစ်သည်။ တရုတ်နိုင်ငံကို အိန္ဒိယ သမုဒ္ဒရာသို့ တိုက်ရိုက်ဆက်သွယ်ခွင့် ပြုထားသည်။ စီမံကိန်းက တရုတ်နိုင်ငံ၏ အိပ်မက်ဖြစ်သော ကုန်းတွင်းပိတ် ယူနန်ပြည်နယ် ဖွံ့ဖြိုးမှု မြှင့်တင်ရေးကို ဖြည့်ဆည်းပေးလိမ့်မည် ဖြစ်သည်။
လတ်တလောတွင် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်နှင့် ပတ်သက်၍ ရှယ်ယာပြန်လည်ညှိနှိုင်းမှု အောင်မြင်ခြင်းနှင့်အတူ စီးပွားရေး စင်္ကြန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့သော မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ ဒေသတွင်းတွင် စီးပွားရေးသြဇာ ရရှိရေး ဗျူဟာမြောက် အစီအစဉ်အတွင်းသို့ ဝင်ရောက်လာနေသည်။ ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ ပြစ်တင် ဝေဖန်မှုများကြောင့် အနောက်တိုင်းမှ ရင်းနှီးမြှုပ်နှံမှုများ အဝေးသို့ ရောက်နေသည့် အချိန်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ပထဝီ အနေအထားအရရော စီးပွားရေး အရပါ ရှောင်ရှား၍ မရနိုင်သည့် အိမ်နီးချင်း ဖြစ်သွားသည်။
“မြန်မာနိုင်ငံက တရုတ်နိုင်ငံက လွဲပြီး အားကိုးစရာ မရှိဘူး။ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို တရုတ်လက်ထဲကို တွန်းပို့နေတယ်” ဟု ရန်ကုန် အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးဖြစ်သည့် ဦးမောင်မောင်စိုးက ဧရာဝတီသို့ ပြောသည်။
“တရုတ်နိုင်ငံက သူတို့ရဲ့ ဗျူဟာမြောက် အစီအစဉ်ကို လက်လျှော့မှာ မဟုတ်ဘူး။ သူတို့က ရှေ့ကို ဆက်သွားဖို့ နည်းလမ်း ပေါင်းများစွာ ရှာဖွေလိမ့်မယ်။ကျနော်တို့ အနေနဲ့ သူတို့နဲ့ လက်တွေ့ကျကျ အလုပ်လုပ်နိုင်မယ့် ပိုကောင်းတဲ့ နည်းလမ်းတခု ရှာဖွေဖို့ လိုပါတယ်” ဟု ဦးမောင်မောင်စိုးက ပြောသည်။
ကျောက်ဖြူဆိပ်ကမ်းက သယ်ယူပို့ဆောင်ရေး ဗဟိုတခုဖြစ်သည့် ၎င်း၏ အခန်းကဏ္ဍကြောင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အရှေ့မြောက် အိန္ဒိယ စီးပွားရေး စင်္ကြန်များတွင် အဓိက ကျသည့် စီမံကိန်းတခု ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။ တရုတ်ပိုက်လိုင်းများက ၂၀၁၇ ခုနှစ်မှ စ၍ ရေနံနှင့် ဓာတ်ငွေများကို ကျောက်ဖြူဆိပ်ကမ်းမှ ယူနန်ပြည်နယ်သို့ ပို့ဆောင်ပေးနေသည့်အတွက် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် လောင်စာထောက်ပံ့မှုများ ရရှိရေးတွင် အရေး ပါနေခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသည် စီးပွားရေး ဖွံ့ဖြိုးမှုကို မြှင့်တင်ရန်နှင့် လူနေမှုအဆင့်အတန်း တိုးတက်စေရန် အခြေခံအဆောက်အဦး အဆင့်မြှင့်တင်မှုကို မလွဲမသွေလိုအပ်သော်လည်း ပိုင်ဆိုင်မှု၊ လုပ်ငန်းလုပ်ကိုင်မှု နှင့် စီမံကိန်းများ၏ စည်းကမ်းချက်များနှင့် ပတ်သက်၍ အရေးပါသော မေးခွန်းများ ရှိနေသည်ဟု ကျွမ်းကျင်သူများက ထောက် ပြကြသည်။
“မြန်မာနိုင်ငံ အနေနဲ့ မျှတပြီးတော့ အားနည်းချက်မရှိတဲ့ စည်းကမ်းချက်တွေကို ရအောင် ညှစ်ထုတ်ယူရပါလိမ့်မယ်။ ဘယ်လို မလုပ်ရဘူး၊ ဘာကြောင့် တရုတ်နိုင်ငံဆီမှာ အကြွေးတွေ အများကြီး အတင်မခံသင့်ဘူး ဆိုတာ အတွက် လာအိုနိုင်ငံက ဥပမာကောင်းတခုပါ ” ဟု ပါမောက္ခ သစ်ထီနန် ပေါင်ဆူဒီရတ် က ပြောသည်။
“မြေ အသုံးပြုခွင့်နဲ့ တခြား လုပ်ပိုင်ခွင့်တွေ၊ ဒီစီမံကိန်းတွေအတွက် စည်းကမ်းချက်တွေလိုမျိုး တခြား နှောင်ကြိုးတွေကိုလည်း မြန်မာနိုင်ငံအနေနဲ့ သတိထားရပါလိမ့်မယ်။ ကောင်းကောင်းလုပ်နိုင်ခြင်းက မြန်မာနိုင်ငံအတွက် အချုပ်အခြာ အာဏာ လုံခြုံမှုနဲ့ စီးပွားရေး အမျိုးသား အကျိုးစီးပွားကို ရရှိစေပါလိမ့်မယ်” ဟု သူက ထပ်ပြောသည်။
DICA တာဝန်ရှိသူ တဦး၏ အဆိုအရ နားလည်မှုစာချွန်လွှာတွင် ၂ ဘက်လုံးမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများကြားတွင် ပူး ပေါင်းဆောင်ရွက်ရန် အချက် ၁၅ ချက်ပါဝင်သည်ဟု သိရသည်။ သို့သော်လည်း မြန်မာ အစိုးရက ယခုချိန်အထိ လူသိရှင်ကြား ထုတ်ပြန် ကြေညာခြင်း မရှိသေးပါ။
သြဂုတ်လ အတွင်းက ပြုလုပ်ခဲ့သည့် “Myanmar’s Economy 2018: Progress, Problems, Possibilities” အမည်ရှိ ဆွေးနွေးပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ အထူး စီးပွားရေးအကြံပေး ရှောင်တာနဲလ်က တရုတ် နိုင်ငံ၏ မဟာ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ၏ မဟာစီမံကိန်းများသည် မြန်မာနိုင်ငံ၏ အမျိုးသား နှင့် စီးပွားရေး အကျိုးစီးပွားအတွက် ဟုတ်/မဟုတ်ကို စဉ်းစားရမည် ဟု ပြောကြားခဲ့သည်။
BRI ၏ အခြေခံ အဆောက်အဦး စီမံကိန်းများ စတင်ပြီးနောက်ပိုင်းတွင် နိုင်ငံအချို့၌ ဘဏ္ဍာရေး အခက်အခဲများ ရှိလာခဲ့သော်လည်း တရုတ်နိုင်ငံမှ National Development and Reform Commission ၏ ဒုတိယ ဥက္ကဌ နင်ကျိကျဲက စီမံကိန်းများသည် အကြွေးထောင်ချောက် မဟုတ်ကြောင်း သြဂုတ်လ အတွင်းတွင် ပြောကြားခဲ့ သည်။ အကြွေးပြဿနာရှိသော နိုင်ငံများသည် မြင့်မားသော အကြွေးများ ကာလရှည်ကြာစွာ ရှိနေကြသည်ဟု သူက ထောက်ပြခဲ့ သည်။
“တရုတ်နိုင်ငံအတွက်ကတော့ မြန်မာ သို့မဟုတ် လာအို သို့မဟုတ် သီရိလင်္ကာလို နိုင်ငံတွေကို မတရားလုပ်တယ်လို့ မြင်မခံရအောင် ဂရုစိုက်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက ဒေသခံတွေရဲ့ မကျေနပ်မှုတွေနဲ့ တရုတ် အကျိုးစီးပွားကို ဆန့်ကျင်မှုတွေဆီကို ဦးတည်စေနိုင်လို့ ဖြစ်ပါတယ်” ဟု သစ်ထီနန် ပေါင်ဆူဒီရတ် က ပြောသည်။
(Analysis: ‘Debt Trap’ Alert Rises in Myanmar as More Belt and Road Projects Scrapped ကို ဘာသာပြန်သည်။)