စီးပွားရေး

ကျပ်ငွေနှင့် ရောင်းမည့် ကျောက်မျက်ပြပွဲ ပြုလုပ်မည်

Want create site? Find Free WordPress Themes and plugins.

ကျပ်ငွေဖြင့် ရောင်းချမည့် ကျောက်စိမ်း ကျောက်မျက်ပြပွဲကို နိုဝင်ဘာလ အတွင်း နေပြည်တော်၌ ကျင်းပသွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းက ထုတ်ပြန်ထားသည်။

အဆိုပါ ပြပွဲကို နိုဝင်ဘာ ၁၂ ရက်မှ ၁၇ ရက် အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပမည် ဖြစ်ပြီး ကျောက် မျက်ရိုင်းများနှင့် စီ၊ ဒီ အဆင့်ရှိ အဆင့်နိမ့် ကျောက်စိမ်း အသားကျောက်များကို မြန်မာ ကျပ်ငွေဖြင့် ပြသ ရောင်းချသွားမည် ဟု သိရသည်။

လက်ရှိ၌ မိုးရာသီဖြစ်၍ ကျောက်တူးဖော်ရေး လုပ်ငန်းများ ရပ်နားထားရာ မန္တလေး ကျောက်စိမ်း ဈေးကွက် အတွင်း ကျောက်ကုန်ကြမ်း ပစ္စည်းရှားပါးနေကြောင်း ဈေးကွက်မှ ကျောက်ကုန်သည်များထံမှ သိရသည်။

မန္တလေးမြို့ရှိ ကျောက်ကုန်သည် တဦးဖြစ်သူ ကိုဖြိုးက “လက်ရှိက ဈေးကွက်ထဲမှာ ကုန်ကြမ်းရှားတယ်။ ဒါပေမယ့် အနိမ့် ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်။ အခုလို မြန်မာပွဲကျ အနိမ့်ကျောက်တွေ ရောင်းတာမို့ ပုတီးတို့ လက် ကောက်သမားတွေ ကုန်ကြမ်းရတဲ့ အတွက် ဈေးကွက်မှာ ပစ္စည်းပိုပေါလာမှာပါ” ဟု ဧရာဝတီကို ပြောသည်။

ယင်းပြပွဲတွင် ကျောက်စိမ်း ကျောက်မျက်များ တင်ပြရောင်းချလိုသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင် များက ယခုလ ၂၇ ရက်မှ တပတ်အတွင်း မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဗဟိုကော်မတီ လက်အောက်ရှိ ကျောက် စိမ်းလုပ်ငန်း ကော်မတီထံ လာရောက် လျှောက်ထားရမည် ဖြစ်ပြီး ကျောက်များ စစ်ဆေး လက်ခံခြင်း၊ အခြေခံ ရောင်းဈေးများ ညှိနှိုင်း သတ်မှတ်ခြင်း၊ ခင်းကျင်း နေရာချထားခြင်းကို အောက်တိုဘာ ၁၀ ရက်မှ လကုန် အထိ ဆောင်ရွက် သွားမည်ဟု ပါရှိသည်။

ထို့အတူ ကျောက်မျက်ပြပွဲသို့ တက်ရောက်လိုသည့် နိုင်ငံသား ရတနာ ကုန်သည်များ အနေဖြင့် နိုဝင်ဘာ ၅ ရက်မှ စ၍ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ဝယ်ယူခွင့် ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေး မည်ဖြစ် ကြောင်း သိရသည်။

မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ တနှစ်လျှင် အနည်းဆုံး ကျောက်မျက်ပြပွဲ ၂ ကြိမ်ပြုလုပ်ပေး လျှက်ရှိပြီး မြန်မာကျပ်ငွေဖြင့် အဆင့်နိမ့် စီ၊ ဒီ ကျောက်များ ရောင်းချပွဲနှင့် အရည်အသွေးမြင့် အေ၊ ဘီ အဆင့် ကျောက်များကို ပြည်တွင်း၊ ပြည်ပကျောက်ကုန်သည်များသို့ နိုင်ငံခြားငွေ (ယူရို)ဖြင့် ရောင်းချသည့်ပြပွဲတို့ ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လက ကျင်းပခဲ့သည့် နိုင်ငံခြား ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်း အတွဲပေါင်း ၅ ထောင်ကျော်၊ တန်ဖိုးငွေ ယူရို သန်း ၄၀၀ ကျော် ရောင်းချခဲ့ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းက သတင်း ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading