နိုင်ငံခြားငွေကြေး ကစားသူများကို အရေးယူမည်ဟု အစိုးရက ပြောဆိုလိုက်ပြီး နောက်ပိုင်း စံချိန်တင် မြင့်တက်ခဲ့ သည့် အမေရိကန် ဒေါ်လာ ဈေး နှင့် ရွှေဈေးနှုန်းများ ပြန်လည် ကျဆင်းလာသည်။
ပြီးခဲ့သည့် တပတ်အတွင်း ဒေါ်လာဈေးမှာ ၁၆၃၅ ကျပ်နှင့် ဈေးပိတ်ခဲ့ပြီး ယခု စက်တင်ဘာလ ၂၄ ရက် ဈေးပြန် အဖွင့်တွင် ၁ ဒေါ်လာလျှင် ၁၆၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းဝယ်လျက်ရှိကာ ယနေ့ ညနေ ပြည်ပ ဈေးကွက်၌ ၁၅၆၀ အထိ ထပ်မံ ကျဆင်းလာကြောင်း ဈေးကွက် အတွင်းက သိရသည်။
မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ၊ နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက “ဒီနေ့ ဈေး ကျတော့ ကျမတို့လည်း အမေရိကန် ၁ ဒေါ်လာ ၁၅၉၀ ကျပ်နဲ့ ဈေးဖွင့်ပါတယ်။ ဈေးကတော့ စနေ၊ တနင်္ဂနွေနေ့ ကတည်းက နိုင်ငံ တော် သမ္မတရုံး ကလည်း ဈေးကစားနေတဲ့သူ အရေးယူမယ် ဆိုပြီး ပြောလိုက်တယ်။ အဲဒီရက်မှာ တင် ၃၀ ဒေါ်လာ လောက်ကျသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့တွင် ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ် ၃ ခုသို့ ဈေးကွက် အတွင်း ငွေကြေး လည်ပတ်မှု ကောင်းမွန် စေရန် အတွက် အမေရိကန် ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၅၉၀ ကျပ်ဖြင့် ဒေါ်လာ ၁ ဒသမ ၃ သန်း အများဆုံး ရောင်းချပေး ထားကြောင်း ၎င်းက ဆိုသည်။
“လေလံပစ်ပြီးတော့လည်း ကျမတို့ အခု ထုတ်ရောင်းပေးနေတယ်။ ဒီနေ့ ရောင်းတဲ့ ဒေါ်လာ ၁ ဒသမ ၃ သန်း ဆိုတာ က လည်း မနည်းဘူး”ဟုလည်း ဒေါ်မေတိုးဝင်းက ပြောဆိုသည်။
ထို့ပြင် ဗဟိုဘဏ်အနေနှင့် ဒေါ်လာဈေးကွက် တည်ငြိမ်မှု ရှိလာစေရန်အတွက် လုပ်ဆောင်နေသော အပြန်အလှန် ချေး ငွေ (Swap facility) ကို လက်ရှိ၌ စာချုပ်ချုပ်ဆိုထားသည့် ဘဏ် ၅ ခုရှိနေပြီး ယင်းကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
Swap facility အစီစဉ် ဆိုသည်မှာ အမေရိကန် ဒေါ်လာ လိုအပ်သော ပြည်တွင်းဘဏ်ကို ထုတ်ချေးပေးမည် ဖြစ်ပြီး ထို ထုတ်ချေးသည့် ပမာဏနှင့် ညီမျှသော မြန်မာ ကျပ်ငွေ ပမာဏကို ပြည်တွင်းဘဏ်က ဗဟိုဘဏ်သို့ ပေးဆောင်ရ မည် ဖြစ်ကြောင်း သိရသည်။
ဒေါ်လာ ငွေကြေးကစားသူများကြောင့် အမေရိကန် ဒေါ်လာ တန်ဖိုးတက်ပြီး မြန်မာငွေ တန်ဖိုးကျဆင်းမှုမှာ တိုင်းပြည် စီးပွားရေး အခြေအနေကို ဆိုးရွားစေသဖြင့် ဈေးကစားသူများကို အရေးယူနိုင်ရန် အစိုးရ တာဝန်ရှိသူများ စဉ်းစားနေ ကြောင်း စက်တင်ဘာလ ၂၁ ရက်က နေပြည်တော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဋ္ဌေးက ပြောသည်။
လက်ရှိတွင် အစိုးရ အနေနှင့် သတင်း စုံစမ်းမှုများ စတင် လုပ်ဆောင်နေပြီး ဈေးကွက်ကို ပြန်လည် ထိန်းသိမ်းနိုင်ရန် အစီ အစဉ် ရေးဆွဲလျက်ရှိကာ မကြာခင် ယင်းအစီစဉ် စတင်နိုင်ရန် လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆိုသည်။
နိုင်ငံခြား ငွေကြေး ရောင်းဝယ်ရေး လုပ်ကိုင်နေသူ တဦးဖြစ်သည့် ဦးမိုးက “လောလောဆယ်တော့ ၁ ဒေါ်လာ ၁၆၀၀ ကျပ် ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ဘာမှ သေသေချာချာ အရောင်းအဝယ် ကောင်း ကောင်း မလုပ်ကြသေးဘူး။ ပြန်ကျလာတယ် ဆိုပေမယ့် ပါးစပ်အရ သာ ပြောတာ။ ဥပမာ KBZ ဘဏ်ကနေ ၁၆၁၀ ကျပ်နဲ့ရောင်းပေးမယ်။ ဈေးကွက်ထဲ မှာ ၁၆၁၀ ကျပ်၊ ၁၆၀၅ ကျပ်နဲ့ ဖြတ်မယ်။ ဒါပေမယ့် ရောင်းတဲ့သူတွေက ၅ ကျပ်၊ ၁၀ ကျပ်နဲ့တောင် မရောင်းချင်ကြဘူး” ဟု ဈေးကွက် အခြေအနေကို ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “အခုလို ခြိမ်းခြောက်လိုက်လို့ ဝယ်ထား၊ သိမ်းထားတဲ့ သူဋ္ဌေးတွေက နဂိုတည်းက အလုပ်မှ မရှိ တာ ဒေါ်လာ ပိုက်ပြီး အိမ်မှာ ထိုင်နေမှာပေါ့။ တကယ် အလုပ်လုပ်တဲ့သူက ဒီရက်ပိုင်းမှာ ခက်ခဲသွားတယ်။ အခုချိန်ထိ ဈေးကွက် လည်း ဈေးတွေ ဘာတွေ ဖွင့်မပေးနိုင်သေးဘူး။ ရောင်းတဲ့သူကလည်း အရင်ဈေးတွေကို မျှော်ပြီးတော့ မရောင်းသေးဘူး။ ကစားနေတဲ့ သူတွေကလည်း အစိုးရ ဖမ်းမှာစိုးလို့ မရောင်းဘူးဆိုရင် လက်ရှိ ပို့ကုန်၊ သွင်းကုန် လုပ် နေတဲ့ လူတွေ အတွက် အစိုးရက ပုဂ္ဂလိက ဘဏ်တွေကို ထုတ်ရောင်းသလို ပုဂ္ဂလိက ဘဏ်တွေက ပြန်ထုတ် ရောင်းပေးမယ့် အပေါ် မူတည်တယ်”ဟုလည်း ပြောဆိုသည်။
လတ်တလော ဈေးကွက်၌ ဒေါ်လာဈေးနှုန်းအပြောင်းအလဲကြောင့် စောင့်ကြည့်နေကြဆဲ အခြေအနေသာ ဖြစ်ကြောင်း ဒေါ်လာ ရောင်းဝယ်ရေး လုပ်ငန်းသမားများက ဆိုသည်။
မန္တလေး အောင်သမာဓိ ရွှေဆိုင်မှ ဦးမော်က“အခုလိုအခြေအနေမှာ အစိုးရက ဝင်ထိန်းတယ်ဆိုတာ အများကြီး တောင် နောက်ကျနေပါပြီ။ ဒီလောက်ဈေးနှုန်းကြီးက အစကတည်းက မဖြစ်သင့်ဘူးလေ။ ကိုယ့်နိုင်ငံရဲ့ အခြေအနေက သွင်းကုန် များလား၊ ပို့ကုန် ဦးစားပေးတာလား ဆိုတာ သတိပြုသင့်ပါတယ်။ အခုတော့ ရှိသမျှ ကုန်ဈေးနှုန်းတွေ လိုက် တက်နေပြီး ဒေါ်လာဈေး ကျပေမယ့် အဲဒီကုန်ဈေးနှုန်းက လိုက်မကျဘဲ နောက်ဆုံး ပြည်သူပဲ ခံရတာ”ဟု ဧရာဝတီကို ပြော သည်။
ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်းမှာ ပြီးခဲ့သည့် ဇွန်လ ၁ရက်တွင် ၁ ဒေါ်လာလျှင် ၁၃၄၄ ကျပ်မှ စတင်၍ စက်တင်ဘာ လ ၂၁ ရက်အထိ ၁ ဒေါ်လာ၊ ၁၆၃၅ ကျပ် အထိ အမြင့်ဆုံးတက်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်လာဈေးနည်းတူ ရွှေဈေးမှာလည်း ပြီးခဲ့သည့် တပတ်အတွင်းက စံချိန်တင် မြင့်တက်ခဲ့သည့် အခေါက်ရွှေ တကျပ် သားလျှင် ကျပ် ၁၀ သိန်း ၃ သောင်းကျော် ရှိခဲ့ရာမှ ယနေ့ အဖွင့်ဈေးနှုန်းမှာ ၁၀ သိန်း ၄ ထောင် အထိ ပြန်လည် ကျဆင်း ခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။
ရန်ကုန်မြို့ တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင် က“ကမ္ဘာ့ ရွှေဈေးလည်း နည်းနည်း ပြန်ကျတယ်။ ဒေါ်လာ ဈေး လည်း ပြန်ကျ တာကြောင့် ပြည်တွင်း ရွှေဈေးလည်း နည်းနည်း ပြန်ကျသွားတယ်။ ကမ္ဘာ့ရွှေဈေးက ၁ အောင်စ ဒေါ်လာ ၁၂၀၀ အောက် ကနေ ဒေါ်လာ ၁၁၀၀ အောက် ရောက်သွားတယ်။ ဒေါ်လာဈေးကလည်း ၁၆၀၀ ကျပ် အောက်ကို ပြန်ရောက်သွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးတင်ထွန်း ကလည်း“ဒေါ်လာဈေးကျတော့ ရွှေဈေးလဲ ကျသွား တယ်။ မနေ့ ကဆို တကျပ်သားကို ၃ထောင် (ကျပ်) လောက်အထိ ပြုတ်ကျသွားတယ်။ လောလောဆယ် အခြေ အနေမှာတော့ ဈေး မငြိမ်သေးဘဲ အတက်အကျ ရှိနေ နိုင်သေးတယ်။ ဒါပေမယ့် အရင်ကလောက်တော့ အတက် အကျ မကြမ်းတော့ ဘူး ပေါ့”ဟု ပြောဆိုသည်။
ရွှေဈေး မြင့်တက်နေဆဲ အခြေအနေ ဖြစ်သော်လည်း အရောင်းအဝယ်ရှိနေကြောင်း ဈေးကွက်အတွင်းက သိရသည်။
ယနေ့ ညနေပိုင်း၌ မြန်မာ့ ရွှေဈေးမှာ အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၀ သိန်း ၁ သောင်း ၂ ထောင် ဈေးနှင့် ပြန်လည် ပိတ်ခဲ့ပြီး ၁၅ ပဲရည် ၁ ကျပ်သားလျှင် ကျပ် ၉ သိန်း ၅ သောင်းဝန်းကျင်တွင် ရောင်းချလျက် ရှိသည်။
ရွှေဈေးနှုန်းမှာ လက်ရှိ ဈေးနှုန်းထက် ပြန်လည် ကျဆင်း လာနိုင်ကြောင်းလည်း ရွှေလုပ်ငန်းရှင် တချို့က ခန့်မှန်း ပြောဆို ကြသည်။
မြတ်ပြည့်ဖြိုး ပူးပေါင်း ရေးသားသည်။