နီပေါအစိုးရသစ်သည် ယခင်အစိုးရဟောင်း၏ ဆုံးဖြတ်ချက်ကို ပြန်လည်အကောင်အထည်ဖော်သည့်အနေဖြင့် တရုတ် ကဲကျိုးပါ့(Gezhouba)အုပ်စုကော်ပိုရေးရှင်းနှင့် နိုင်ငံအတွင်း အကြီးဆုံးရေအားလျှပ်စစ်စက်ရုံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတဦးက တနင်္ဂနွေနေ့က ပြောကြားလိုက်သည်။ ယင်းပြောကြားမှုမှာ နီပေါ၏ ချည့်နဲ့နေသော အခြေခံအဆောက်အဦအတွက် တရုတ်ရင်းနှီးမြှပ်နှံမှုကို လက်ခံလိုက်ခြင်းဖြစ်သည်။
Gezhouba အုပ်စုသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ တန်ဖိုးကုန်ကျမည့် ဘူဒီဂန်ဒကီရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရန် စာချုပ်သက်တမ်းကျော်လွန်သွားသဖြင့် ပြီးခဲ့သည့်နှစ်က ယခင်အစိုးရနှင့် သဘောတူညီမှု ပျက်ပြားခဲ့သဖြင့် အစိုးရလက်အောက်ရှိ နီပေါလျှပ်စစ်အာဏာပိုင်အဖွဲ့(NEA) က လျာထားသည့်စီမံကိန်းအနေဖြင့် ကျန်ရှိနေခဲ့သည်။
သို့သော် တရုတ်နှင့်နီးစပ်သူဟု ယူဆရသော နီပေါဝန်ကြီးချုပ် ကေပီရှာမားအိုလီက ယမန်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရပြီး အာဏာရခဲ့လျှင် တရုတ်ကုမ္ပဏီနှင့်စီမံကိန်းတည်ဆောက်ရေးကို ပြန်စရန် ကတိပြုခဲ့သည်။ ၎င်း၏နီပေါကွန်မြူနစ်ပါတီက ရွေးကောက်ပွဲတွင် မဲအပြတ်သတ်ဖြင့် တောင်ပြိုကမ်းပြိုအနိုင်ရပြီးနောက် ဖေဖော်ဝါရီလတွင် အိုလီ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
အခြေခံအဆောက်အဦစီမံကိန်းများတွင် အထောက်အပံ့နှင့်ရင်းနှီးမြှပ်နှံမှုပြုလုပ်ခြင်းအားဖြင့် တရုတ်နှင့်အိန္ဒိယ နှစ်နိုင်ငံလုံးက နီပေါကို သြဇာလွှမ်းမိုးနိုင်ရန် အလုအယက်ဖြစ်နေကြသည်။
ဟိမဝန္တာတောင်တန်းများပေါ်မှ ဆီးနှင်းများအရည်ပျော်ကျရာမှ ဖြစ်တည်လာသော နီပေါမြစ်များသည် ရေအားလျှပ်စစ်ထုတ်ယူခြင်းမျိုး ယခင်က မရှိခဲ့ပေ။ နိုင်ငံဘဏ္ဍာချို့တဲ့မှုကြောင့် နှစ်စဉ်လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၁၄၀၀ မဂ်ဂါဝပ်ပြည့်မီအောင် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ ဖြည့်ဆည်းခဲ့ရသည်။
ခတ္တမန္ဒူမြို့တော်၏အနောက်ဘက် ကီလိုမီတာ ၅၀ (၃၂ မိုင်)အကွာရှိ ဘူဒီခန်ဒကီမြစ်ပေါ်တည်ဆောက်မည့် ၁၂၀၀ မဂ်ဂါဝပ်ထွက်ရန်လျာထားသော စီမံကိန်းသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်သည့် နီပေါအတွက် လျှပ်စစ်ဓာတ်ပြည့်ဝလာခြင်းဖြင့် စီးပွားရေးတိုးတက်လာစေရန် ရည်ရွယ်သည်။
နီပေါအစိုးရက တရုတ်ကုမ္ပဏီနှင့် စီမံကိန်းပုံစံများ ညှိနှိုင်းပြီးနောက် ရေအားလျှပ်စစ်စက်ရုံ တရားဝင်ဆောက်လုပ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ဆိုသည်။ လက်မှတ်ရေးထိုးခဲ့သော ရက်စွဲကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
တရုတ်ကုမ္ပဏီမှတာဝန်ရှိသူများကမူ ဤစီမံကိန်းအပေါ် ချက်ချင်းသဘောမှတ်ချက်ပေးခြင်း မရှိသေးပေ။
ယမန်နှစ်က သဘောတူလက်မှတ်ရေးထိုးခဲ့သော တရုတ်၏ BRI စီမံကိန်း အစိတ်အပိုင်းအနေဖြင့် ဘူဒီခန်ဒကီစီမံကိန်းကို နီပေါက လိုလားနေသည်။
ကိုးကား။ ။ Reuters