ရန်ကုန်မြို့ရွှေဘုံသာလမ်းရှိ ရွှေလက်ကား ဈေးကွက်သို့ အထူး စုံစမ်း စစ်ဆေးရေးဦးစီး ဌာန(စစစ)မှ ဝင်ရောက် စစ်ဆေးမှု များကြောင့် ယနေ့မှ စ၍ အရောင်းအဝယ် ရပ်နားထားကြောင်း ရွှေလုပ်ငန်းရှင်များက ပြောပြသည်။
ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးမျိုးမြင့်က“အရောင်းအဝယ် လုပ်တဲ့သူတွေ မလာ ကြ တာပါ။ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ) တို့ ဘာတို့က ခေါ်တယ်ဆိုတော့ လန့်ပြီးတော့ မလာကြ တော့တာ။ ဈေးကွက် အခြေအနေက အေးနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရွှေဘုံသာလမ်း၌ ရွှေ၊ ဒေါ်လာ လေပတ်ကား အရောင်းအဝယ် (နှုတ်ဖြင့် ကြိုရောင်းကြိုဝယ်) ပြုလုပ်နေသူ တချို့ကို အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စက်တင်ဘာလ ၂၄ ရက်က ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ထိုစစ်ဆေးမှုများ ကြောင့် ယနေ့ အရောင်းအဝယ်များ ရပ်နားထားကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ဆေးမှုများပြုလုပ်ရာတွင် ရွှေလုပ်ငန်းရှင် တချို့နှင့် အရောင်းအဝယ် ပြုလုပ်သူများကို စစ်ဆေးခဲ့ခြင်း ဖြစ် သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက “အသေးစိတ်တော့ မသိဘူး။ အရောင်းအဝယ်တွေ မ ကောင်းလို့ ရပ်ထားတာ ဖြစ်မှာပါ။ ဒါပေမယ့် နိုင်ငံပိုင် သတင်းစာမှာ ပါတဲ့အတိုင်းပဲ ဈေးကစားတဲ့သူတွေကို နိုင်ငံတော် က မေးမြန်းတယ် ဆိုတာကြောင့်ပါ”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက“ဒီနေ့ ရွှေဈေးကွက်ကတော့ အရောင်းအဝယ်တွေ မဖြစ်ဘူး။ အဲဒီတော့ ဈေးကတော့ မရှိဘူး။ ဒါကြောင့် အားလုံးက အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ကျပ် ၁၀ သိန်းအောက်ပဲ ရောင်းကြပါတယ်”ဟု ဈေးကွက် အခြေအနေကို ရှင်းပြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက် နေပြည်တော်တွင် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဋ္ဌေး က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဒေါ်လာ ငွေကြေးကစားသူများကြောင့် ဒေါ်လာ တန်ဖိုးတက်ပြီး မြန်မာငွေ တန်ဖိုးကျဆင်းမှုသည် တိုင်းပြည် စီးပွားရေး အခြေအနေကို ဆိုးရွားစေသဖြင့် ဈေးကစားသူများကို အရေးယူနိုင်ရန် အစိုးရတာဝန်ရှိသူများ စဉ်းစားနေ ကြောင်း ပြောဆိုပြီး နောက်ပိုင်း ဒေါ်လာဈေးနှင့် ရွှေဈေးများ အနည်းငယ် ကျဆင်းလာခဲ့သည်။
အစိုးရအနေနှင့် သတင်း စုံစမ်းမှုများ လုပ်ဆောင်နေပြီး ဈေးကွက်ကို ပြန်လည် ထိန်းသိမ်းနိုင်ရန် အတွက် စတင် လုပ်ဆောင် နေပြီဟုလည်း ဦးဇော်ဋ္ဌေးက ဆိုသည်။
လက်ရှိ ဈေးကွက် အတွင်း ဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်ဈေးနှုန်းမှာ ၁ ဒေါ်လာလျှင် ၁၅၈၅ ကျပ် ဝန်းကျင် ရှိနေ ကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။
ဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်နှုန်းမှာ ပြီးခဲ့သည့် ဇွန်လ ၁ ရက်တွင် ၁ ဒေါ်လာလျှင် ၁၃၄၄ ကျပ်မှ စတင်၍ စက်တင်ဘာ လ ၂၁ ရက် အထိ ၁ ဒေါ်လာ ၁၆၃၅ ကျပ်အထိ အမြင့်ဆုံး ဖြစ်ခဲ့သည်။
ရွှေဈေးမှာလည်း ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ကျပ် ၁၀ သိန်း ၄ သောင်း ကျော် အထိ ပြီးခဲ့သည့် ရက်များက မြင့်တက်ခဲ့သည်။
လတ်တလော မြန်မာ့ရွှေဈေးမှာ အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၀ သိန်း ဝန်းကျင်နှင့် လက်ဝတ် ရတနာဖြင့် ဝတ်ဆင်သော ၁၅ ပဲရည် ၁ ကျပ်သားလျှင် ကျပ် ၉ သိန်းကျော် ဝန်းကျင်တွင် ရောင်းချလျက် ရှိကြောင်း ဈေးကွက် အတွင်းက စုံစမ်း သိရှိရသည်။