မြန်မာနိုင်ငံအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှုကို အသုံးပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ခဲ့လျှင် ရန်ကုန်မြစ် အနောက်ဘက်ကမ်းမှ မြို့သစ်စီမံကိန်း အောင်မြင်လိမ့်မည်ဟု ယုံကြည်ကြောင်း ရန်ကုန်မြို့သစ် စီမံကိန်း၏ အမှုဆောင် အရာရှိချုပ်က ပြောသည်။
“ကျနော်တို့ အောင်မြင်မယ်လို့ ယုံကြည်ချက် ရှိတယ်။ ဘာလို့လဲ ဆိုတော့ အချိန်က မှန်နေတယ် (ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့)။ နောက်ကျမှာဘဲ စိုးရိမ်ပါတယ်” ဟု Mr. Serge Pun ခေါ် ဦးသိမ်းဝေက ပြောသည်။
ရန်ကုန်မြို့သစ် စီမံကိန်းသည် လက်ရှိအချိန်တွင် ကနဦးအဆင့်တွင်သာ ရှိနေသေးပြီး မြေပြင်လုပ်ငန်းများ စတင်ဆောင်ရွက်ခြင်းများ မရှိသေးပေ။ မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ပြည်တွင်း အင်ဂျင်နီယာများနှင့် စက်တင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ဦးသိမ်းဝေက လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ စက်ရုံ ၁၀ ရုံတွင် ၉ ခုက အမေရိကန် ကုန်သွယ်ခွန်ကို ရှောင်ရှားရန် တရုတ်နိုင်ငံမှ ထွက်ခွာရန် စဉ်းစားနေသည်ဟု ပြောသည်။ အမေရိကန်က တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်နေသည်။
ဦးသိမ်းဝေက ထိုအခြေအနေကို မြန်မာနိုင်ငံအတွက် အခွင့်အရေးဟု ပြောပြီး အစိုးရအနေဖြင့် ထိုအချက်ကို သိပြီး ကြိုးစားဖို့လိုကြောင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများကလည်း ထိုအခွင့်အရေးကို လုယူဖို့ ကြိုးစားနေကြောင်း ပြောသည်။ “ကျနော်တို့လည်း လုရမယ်” ဟု သူက ပြောသည်။
ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီ (New Yangon Development Company (NYDC)) အနေဖြင့် မြို့သစ် စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် ရန်ကုန်တိုင်းအစိုးရထံမှ ထောက်ခံမှု ရရှိထားပြီး ဖြစ်သည်။ စီမံကိန်းက အလုပ်အကိုင် နေရာ ၂ သန်း ဖန်တီးပေးလိမ့်မည်ဟု ကုမ္ပဏီက ဆိုသည်။ ယခုအခါ NYDC က စီမံကိန်းအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ရှာဖွေနေသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် စီမံကိန်း၏ လူမှုစီးပွား ပင်မစီမံချက် (socio-economic master plan) အရ မြို့သစ်တွင် အထည်ချုပ်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနှင့် မော်တော်ကား အစိတ်အပိုင်းများ ထုတ်လုပ်သည့် လုပ်ငန်းများ အပါအဝင် စက်ရုံများ ပါဝင်လိမ့်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ပစ္စည်းတွေ အပေါ်မှာ အခွန် လုံးဝမရှိပါဘူး။ ဒီကို ရွှေ့လာမယ်ဆိုရင် အဲဒါက သူတို့(တရုတ်နိုင်ငံသားများ) အတွက် အကျိုးရှိပါလိမ့်မယ်”ဟု NYDC ၏ ဒုတိယ ဥက္ကဌ အဖြစ်လည်း တာဝန်ယူထားသော ဦးသိမ်းဝေက ပြောသည်။
စီမံကိန်း၏ ပထမ အဆင့်ကို မြေဧက ၂၀၀၀၀ ကျယ်ဝန်းသည့် မြေပေါ်တွင် အကောင်အထည် ဖော်ရန် စီစဉ်ထားသည်။ ပထမအဆင့်တွင် ကျေးရွာ ၅ရွာ ကို မြို့အဆင့်မြှင့်ခြင်း၊ တံတား ၂ စင်း၊ ဓာတ်အားပေးစက်ရုံများ၊ ရေနှင့် ရေဆိုးထုတ် စက်ရုံများနှင့် ၁၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသော စက်မှုဇုန်တခု ပါဝင်မည် ဖြစ်သည်။ ထို အခြေခံအဆောက်အဦး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ကျော် ကုန်ကျမည်ဟု မျှော်မှန်းထားကြောင်း ကုမ္ပဏီက ပြောသည်။
သို့သော်လည်း ထိုနေရာသည် မြေမျက်နှာသွင်ပြင်အရ အနိမ့်ပိုင်းတွင် ရှိနေပြီး အမြင့်ဆုံးနေရာသည် ပင်လယ် ရေမျက်နှာပြင် အထက် ၅ မီတာသာရှိ သောကြောင့် ရေလွှမ်းမိုးမှု အန္တရာယ် တွေ့နိုင်သည့် အတွက် ဝေဖန်မှုများ နှင့် ရင်ဆိုင်နေခဲ့ရသည်။ ကုမ္ပဏီက ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ရေလွှမ်းမိုးနိုင်မှု အန္တရာယ်လေ့လာဆန်းစစ်မှု (FRA) ပြုလုပ်ရန် ဟော်လန်မှ အတိုင်ပင်ခံကုမ္ပဏီတခုဖြစ်သည့် Royal HaskoningDHV နှင့် အတူ စတင် ဆောင်ရွက်နေကြောင်း ပြောဆိုထားသည်။
မေလ အတွင်းတွင် NYDC က စီမံကိန်း ပထမအဆင့် အတွက် အခြေခံအဆောက်အဦး တည်ဆောက်ရန် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် China Communications Construction Co. Ltd (CCCC) နှင့် မူ ဘောင်သဘောတူညီချက်တခု လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်သည် မျှတသော ယှဉ်ပြိုင်မှုနှင့် ပွင့်လင်းမြင်သာမှုအတွက် ကမ္ဘာပေါ်တွင် သုံးစွဲနေသည့် Swiss Challenge ကို အသုံးပြုထားသော NYDC Challenge Model ၏ ပထမအဆင့် ဖြစ်ကြောင်း ပြောသည်။
ထို မူဘောင်သဘောတူညီချက်သည် CCCC ကို အခြေခံ အဆောက်အဦး လုပ်ငန်းများတည်ဆောက်ခွင့် ပေးခြင်း မဟုတ်ဟု ဦးသိမ်းဝေက ထိုစဉ်က ပြောကြားခဲ့သည်။ ၎င်းအစား CCCC က နည်းပညာဆိုင်ရာ အသေးစိတ် အချက်အလက်များ၊ ဘဏ္ဍာရေး အဆိုပြုချက်နှင့် စီးပွားရေးပုံစံ တခု အပါအဝင် စီမံကိန်း အကြို စာရွက်စာတမ်းများ(Pre-Project Documents-PPD) ကို NYDC က လေ့လာသုံးသပ်ရန် စုစည်းတင်ပြရမည် ဖြစ်သည်။ မျှတသော ယှဉ်ပြိုင်မှု ပထမအဆင့်၏ တစိတ်တပိုင်း အနေဖြင့် ဖြစ်သည်။
NYDC Challenge ၏ တစိတ်တပိုင်း အနေဖြင့် အခြားအဖွဲ့အစည်းတခုက CCCC ၏ တင်ပြချက်များကို ပိုမို၍ နည်းပါးသည့် ဈေးနှုန်းတခု ဖြင့် စိန်ခေါ် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ သို့သော် စီမံကိန်းဆောက်လုပ်ရေးဆိုင်ရာ အရည်အသွေးပိုင်းတွင်မူ CCCC က အဆိုပြုထားသည့်အတိုင်းပင် ဖြစ်ရမည် ဖြစ်သည်။ ထိုသို့ ယှဉ်ပြိုင်လာပါက CCCC အနေဖြင့် စိန်ခေါ်လာသည့် နှုန်းထားဖြင့် ဆောင်ရွက်နိုင်ခြင်း မပြုနိုင်ပါက စီမံကိန်း ဆောင်ရွက်ခွင့် အဆိုကို စွန့်လွှတ်ခွင့် ပြုထားသည်။ အကယ်၍ CCCC က စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့လျှင် ဒုတိယ အဖွဲ့အစည်းက ကန်ထရိုက်ရရှိမည် ဖြစ်ပြီး ပြင်ဆင်မှုနှင့် PPD တင်သွင်းမှုနှင့် ဆက်နွယ်သော ကုန်ကျစရိတ် အားလုံးကို CCCC အား ပြန်ပေးရမည် ဖြစ်သည်။ အဆိုပါကုန်ကျစရိတ်များကို တင်ဒါလုပ်ငန်းစဉ် မစတင်မီ NYDC နှင့် CCCC တို့ကြားတွင် သဘော တူညီမှု ရရှိရမည် ဖြစ်သည်။
“CCCC နဲ့ စီးပွားရေးသဘောတူညီချက် ညှိနှိုင်းမှုက ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်” ဟု ဦးသိမ်းဝေက စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြောသည်။
သို့သော်လည်း PPD ကို အောက်တိုဘာလတွင် အတည်ပြုဖွယ်ရှိပြီး NYDC Challenge က နိုဝင်ဘာလတွင် ဖြစ်မည်ဟု မျှော်လင့်ရ၍ ကန်ထရိုက်ရရှိသူကို ဒီဇင်ဘာလတွင် ဆုံးဖြတ်လိမ့်မည်ဟု သူက ပြောသည်။ အခြေခံ အဆောက်အဦးအတွက် တင်ဒါပြီးလျှင် သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် စီမံကိန်း၏ အခြား ကဏ္ဍများအတွက် တင်ဒါများရှိလာမည် ဖြစ်သည်။
“ဒါကြောင့် အဆင့် ၁ မှာ တံတားတွေ၊ ရွာမြို့တွေနဲ့ ပင်မ လမ်းတွေအတွက် ၂၀၂၀ အကုန်ပိုင်း သို့မဟုတ် ၂၀၂၁ အစောပိုင်းမှာ ဖြေရှင်းနိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တွဲဖက် အတွင်းရေးမှူး ဖြစ်သလို မြန်မာ ငလျင်ကော်မတီမှ အဖွဲ့ဝင် တဦး လည်းဖြစ်သော ဦးစောထွေးဇော်က ရန်ကုန် မြို့သစ် စီမံကိန်း နှင့် ပတ်သက်လျှင် ဘက်ပေါင်းစုံမှ စဉ်းစားပြီး ရေရှည်အတွက် ကြည့်စေချင်ကြောင်း NYDC ကို တိုက်တွန်းသည်။ မြို့သစ် စီမံကိန်း ၏ နေရာသည် မြေနိမ်ပိုင်းတွင်ရှိပြီး မြေပျော့သည့် အတွက် ရေလွှမ်းမိုးမှုနှင့် ငလျင် အန္တရာယ် ရှိနိုင်သောကြောင့် ထိုနေရာကို စီမံကိန်းအတွက် အဆင် ပြေသည့်နေရာ ဖြစ်အောင် ပြုလုပ်ရန် အတွက် ကြီးမားသော ရင်းနှီးမြှုပ်နှံမှု လိုအပ်လာမည် ဖြစ်သော ကြောင့် ကုန်ကျစရိတ်အတွက် စိုးရိမ်ကြောင်း သူက ဧရာဝတီသို့ပြောသည်။
“’ဒီပြဿနာတွေ ဖြေရှင်းဖို့ နည်းတွေရှိတယ်ဆိုရင်တောင် ကုန်ကျစရိတ်က အရမ်းကို ကြီးမားနိုင်ပါတယ်။ ကုန်ကျစရိတ်ကြောင့် စီမံကိန်းက မျောသွားမှာကို စိုးရိမ်တာ။ ကောင်းမွန်ပြီး ငြင်းစရာမရှိတဲ့ စီမံကိန်းမျိုးပဲ ဖြစ်စေချင်ပါတယ်” ဟု ဦးစောထွေးဇော်က ပြောသည်။
( New Yangon City CEO Urges Gov’t to Act Quickly to Secure Chinese Investment ကို ဘာသာပြန်ဆိုသည်။)