ပြည်တွင်း ရွှေဈေးကွက်၌ ပုံမှန်ထက် ကျော်လွန် အရောင်းအဝယ်ပြုလုပ်၍ ဈေးကစားသူများကို အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စစစ)က ခေါ်ယူ၍ ဆက်လက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
ရန်ကုန်မြို့ရှိ တိတ်စိန် ရွှေဆိုင် ပိုင်ရှင် ကိုဇော်အောင်က“ဈေးကွက်က အေးတယ်။ အရောင်းအဝယ် မဖြစ်ကြဘူး။ စသုံးလုံး က ရွှေသမား လေး၊ ငါး၊ ဆယ်ယောက် ခေါ်ယူ စစ်ဆေးနေတယ်။ ပြန်မလွှတ်သေးဘူး။ ဒါကြောင့်လည်း ဈေးကွက်က မစ နိုင် သေးဘူး။ ဈေးကတော့ ကျသွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်ကလည်း ရွှေလုပ်ငန်းရှင် တချို့အား လတ် တလော ၌ စ သုံးလုံးက ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်နေသေးကြောင်း၊ သို့သော် အတိအကျ ဖြေပေး၍ မရသေးကြောင်း ပြော ဆိုသည်။
အမေရိကန် ဒေါ်လာနှင့် ရွှေဈေးနှုန်း မြင့်တက်ရန် ဈေးကစားမှုများ ရှိနေသည် ဆိုသည့် သတင်းကြောင့် ရန်ကုန်မြို့ ရွှေဘုံ သာလမ်းရှိ ရွှေနှင့် ဒေါ်လာ ရောင်းဝယ်မှုများနှင့် ပတ်သက်၍ ကျော်ဇော သတင်းရှိသူများကို ယခုလ ၂၄ ရက်မှ စတင်၍ စစ်ဆေးမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူး ဦးအောင်မျိုးက “အခုမှ ခေါ်ယူ စစ်ဆေး မေးမြန်းတာလေး တွေ လုပ်တယ်ဆိုတော့ အရေအတွက် အားဖြင့်တော့ ဘယ်လောက် ဖြစ်မယ် ဆိုတာ အတိအကျ ပြောလို့ မရသေးဘူး။ လိုအပ်တာ မှန်သမျှ လုပ်မှာပါ။ အခုက ဆောင်ရွက်ဆဲပါ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုလအတွင်း ရွှေဈေးနှုန်းမှာ ကျပ် ၁၀ သိန်းကျော်အထိ မြင့်တက်ခဲ့ရာမှ ယနေ့ ရန်ကုန်မြို့ရှိ အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ် သားလျှင် ခန့်မှန်းခြေ ဈေးနှုန်း အဖြစ် ၉၉၀၀၀၀ ကျပ် ဝန်းကျင်သို့ ကျဆင်းလျက်ရှိပြီး ရွှေလက်ကား ဈေးကွက်ကိုမူ ပိတ်ထားသေးကြောင်း ရန်ကုန်မြို့ ရွှေဈေးကွက်က သိရသည်။
၁၅ ပဲရည် အခေါက်ရွှေဈေးမှာ ၁ ကျပ်သားလျှင် ၉၃၀၀၀၀ ကျပ် ဝန်းကျင်တွင် အရောင်းအဝယ် ရှိနေသည်။
မန္တလေးတိုင်း အတွင်း၌မူ ယနေ့တွင် အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၁၀ သိန်းအောက်ဖြင့် ဈေးကွက်ဖွင့်နိုင်ခဲ့ကြောင်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ဧရာဝတီ ကို ပြောသည်။
“ရန်ကုန်မှာ နှစ်ရက်လောက် ဈေးမဖွင့်တော့ တချို့ အရောင်းအဝယ် လုပ်ချင်တဲ့သူတွေ ခက်နေကြပြီမို့ မန္တလေးက ဒီနေ့ ဈေးစဖွင့် လိုက်တာ။ ဒီနေ့ အခြေအနေကတော့ အဝယ်ထက် အရောင်းတွေ ပိုများတယ်”ဟု ၎င်းက ပြောပြသည်။
စက်တင်ဘာ ၂၅ ရက်မှ စ၍ ရန်ကုန် ရွှေဈေးကွက် မဖွင့်တော့ဘဲ ဈေးကွက် စောင့်ကြည့် အနေအထားဖြင့် ရှိနေသဖြင့် မန္တလေးမှ ရွှေအရောင်းအဝယ် လုပ်လိုသည့် ကုန်သည်များ၊ ရွှေဆိုင်များ အဆင်ပြေစေရန် အတွက် မန္တလေး ရွှေဈေး ကွက်ကို ယနေ့ နေ့လယ် ၁၂ နာရီခန့်က တကျပ်သားလျှင် ၉၉၅၀၀၀ ကျပ်ဖြင့် ဈေးစဖွင့်ခဲ့ကြောင်း တိုင်းရွှေလုပ်ငန်း ရှင်များ အသင်းမှ သိရသည်။
ဈေးဖွင့်ပြီး ၂ နာရီအတွင်း ရွှေဈေးနှုန်းမှာ ၁ ကျပ်သားလျှင် ထောင်ဂဏန်းခန့် အတက်အကျရှိပြီး အရောင်းအဝယ် ပုံမှန် ရှိနေကာ နေ့လယ် ၂ နာရီတွင် တကျပ်သားလျှင် ၉၈၉၀၀၀ ကျပ် အထိ ဈေးထပ်ကျ လာကြောင်း ဦးတင်ထွန်းက ပြော သည်။
“အလားအလာကတော့ ဗဟိုဘဏ်ပေါ် မူတည်တာပါပဲ။ သူသတ်မှတ်တဲ့ ဒေါ်လာဈေး ထပ်ကျရင် ရွှေဈေးလည်း ထပ်ကျ လာမှာပါပဲ” ဟု ၎င်းက ဆိုသည်။
နေ့စဉ် ကမ္ဘာ့ရွှေပေါက်ဈေးကို အမေရိကန် ဒေါ်လာဖြင့် မြှောက်၍ ပြည်တွင်းရွှေဈေးအဖြစ် သတ်မှတ် ရောင်းချခြင်း ဖြစ်သည့် အတွက် တိုက်ရိုက် ဆက်နွယ်နေဟုလည်း ဦးတင်ထွန်းက ရှင်းပြသည်။
ဗဟိုဘဏ်က ယနေ့ သတ်မှတ်သော အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းသည် ၁ ဒေါ်လာလျှင် ၁၅၇၈ ကျပ်ဖြစ်ပြီး ပြည် တွင်း ပုဂ္ဂလိက ဘဏ်များတွင် တဒေါ်လာလျှင် ၁၅၄၀ မှ ၁၅၇၅ ကျပ် ဝန်းကျင်တွင် ရှိကြောင်း သိရသည်။
မန္တလေး အောင်သမာဓိ ရွှေဆိုင်မှ ဦးမော်က “ကိုယ့်နိုင်ငံ အခြေအနေ အရ ဈေးကွက် တည်ငြိမ်နေမှသာ စားသုံးသူတွေ ဒုက္ခမရောက် မှာလေ။ လူတစု အကျိုးအတွက် လုပ်တာမျိုးကို အစိုးရဘက်ကလည်း ထိထိရောက် ရောက်ကိုင်တွယ် သင့် တယ်”ဟု ဧရာဝတီကို ပြောသည်။
ယင်းသို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် ကာလ ဖြစ်သည့်အတွက် ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ ထပ်မံ ကျဆင်း လာ နိုင်ပြီး မှောင်ခိုဈေးကွက် အသွင်လည်း ပြန်လည် ပေါ်ပေါက်လာနိုင်ကြောင်းကို လုပ်ငန်းရှင်တချို့က ပြောဆိုကြသည်။
ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုး ပူးပေါင်း ရေးသားသည်။