ကုန်သွယ်ရေးမညီမျှမှုဟု ယူဆသောလုပ်ရပ်အတွက် အမေရိကန်နိုင်ငံသည် တရုတ်နှင့် မက္ကစီကိုတို့ကို ပစ်မှတ်ထားနေချိန်တွင် ဂျပန်သည် မထင်မရှားဖြစ်နေပြီး ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် ဂေါက်သီး ရိုက်ဖက် ထရမ့်၏ ခင်မင်မှုကြောင့် ဂျပန်နိုင်ငံသည် ပစ်မှတ်အဖြစ်မှ ကင်းလွတ်နေမည်ဟု မျှော်လင့်နေသည်။
သို့သော် ကုန်သွယ်ရေး ပွတ်တိုက်မှုများကို ဆွေးနွေးမည့် အစည်းအဝေးများကျင်းပရန် အာဘေးနှင့် ထရမ့်တို့ ပြင်ဆင်နေပြီး ကားများအား အခွန်တိုးမြှင့်မည်ကို စိုးရိမ်နေသည့် ဂျပန်နိုင်ငံသည် အမေရိကန်သမ္မတအတွက် နောက်ထပ်ပစ်မှတ် ဖြစ်လာနိုင်သည့် လက္ခဏာများရှိနေသည်။
ထရမ့်သည် တတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် ဂျပန်နိုင်ငံနှင့် မြင့်မားလှသော ကုန်သွယ်ရေး လိုငွေ ကို မကြာ ခဏ ညီးညူလေ့ရှိသည်။
ဝေါစထရိ ဂျာနယ်သို့ ပြောကြားရာတွင် ထရမ့်က ဂျပန်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို အလေး ထား ပြောဆိုပြီးနောက် “တကယ်တော့ သူတို့ဘယ်လောက်ပေးရမယ်ဆိုတာကို ကျနော် ပြောလိုက် တာနဲ့ ဒီကောင်းမွန်တဲ့ ဆက်ဆံရေးဟာနိဂုံးချုပ်သွားမှာပါ”ဟု ပြောသည်။
လွန်ခဲ့သောနှစ်က ဂျပန်နိုင်ငံနှင့်ကုန်သွယ်ရေးလိုငွေမှာ အမေရိကန်ဒေါ်လာ ၆၈.၈ ဘီလျှံရှိပြီး တရုတ် (၃၇၅ ဘီလျှံ) နှင့် မက္ကစီကို (၇၁ ဘီလျှံ) ပြီးလျှင် တတိယ အများဆုံးဖြစ်သည်။ ထိုပမာဏသည် အမေရိကန် နိုင်ငံ၏ ကျန်ကမ္ဘာတဝန်းလုံးနှင့် ကုန်သွယ်ရေးလိုငွေ ၇၉၆ ဘီလျှံ၏ ဆယ်ပုံတပုံပင် မရှိပေ။
ယခုနှစ် ပထမ ၈ လအတွင်း ကုန်သွယ်ရေးလိုငွေမှာ ဒေါ်လာ ၄၀ ဘီလျှံဖြစ်သည်ဟု တရားဝင် အမေရိကန် စာရင်းများအရသိရသည်။
မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများ တင်ပို့သောကြောင့် ဖြစ်ပေါ်သော လိုငွေမှာ စုစုပေါင်းလိုငွေ ၈၀ ရာခိုင် နှုန်းရှိပြီး အမေရိကန်လမ်းများပေါ်မှ ဂျပန်ကားသန်းပေါင်းများစွာသည် ထရမ့်အတွက် စိတ်ဆိုးစရာဖြစ် နေကာ အမေရိကန်ကားများကို ဂျပန်နိုင်ငံတွင် အသုံးပြုမှုနည်းပါးလှသည်။
ထိုသို့ဖြစ်ရခြင်းမှာ အခွန်နှင့် သက်ဆိုင်ခြင်းမရှိပေ။ ဂျပန်နိုင်ငံသည် တင်သွင်းသော ကားများကို အခွန် မကောက်ဘဲ အမေရိကန်ပြည်ထောင်စုက ၂.၅ ရာခိုင်နှုန်း အခွန်စည်းကျပ်သည်။
အမေရိကန်ကားများသည် အရွယ်အစား ကြီးမားသောကြောင့် ဂျပန်နိုင်ငံနှင့် မသင့်တော်ဘဲ အသုံးပြုသူများ၏ အကြိုက်နှင့် လည်းကိုက်ညီခြင်းမရှိကြောင်း သုတေသီများကပြောသည်။
သို့သော် ဂျပန်နိုင်ငံသည် တင်းကျပ်သော လုံခြုံရေးဆိုင်ရာ စံနှုန်းများကဲ့သို့သော အခွန်မဟုတ်သည့် ကုန်သွယ် ရေး အတားအဆီး အများအပြား ချမှတ်ထားသောကြောင့် တင်သွင်းရန်ခက်ခဲစေသည်ဟု ဝေဖန်သူများက ဆိုသည်။
အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်သီဇာနှင့် ဂျပန်ကုန်သွယ်ရေးကိုယ်စားလှယ် တိုရှီ မစ်ဆူ မိုတီဂျီတို့ အကြား ပဏာမ ဆွေးနွေးမှုများသည် ခရီးရောက်ခြင်းမရှိဘဲ ဒုတိယအကြော့ ဆွေးနွေးမှုများကို တနင်္လာနေ့နှောင်းပိုင်းတွင် စတင်မည်ဟုမျှော်လင့်ရသည်။
နှစ်ဖက် မတူညီသော အမြင်များရှိနေပြီး ဂျပန်နိုင်ငံက နိုင်ငံစုံ ကုန်သွယ်ရေးစာချုပ်ဖြစ်သည့် ပစိဖိတ် ပူးပေါင်း ဆောင်ရွက်မှု – Trans-Pacific Partnership ကဲ့သို့သော ညီလာခံများတွင် ကုန်သွယ်ရေး အငြင်းပွား မှု များကို ဖြေရှင်းလိုသော်လည်း အမေရိကန်နိုင်ငံက နှစ်နိုင်ငံဆွေးနွေးဖြေရှင်းလိုသည်။
ဂျပန်ကားထုတ်လုပ်ရေးကဏ္ဍကို အမေရိကန်က အခွန်တိုးမြှင့်ခြင်းကို ဆိုင်းငံ့ထားလျှင် ဂျပန်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံဆွေးနွေးခြင်းကို လက်ခံနိုင်သည်ဟု ကျိုဒိုသတင်းဌာနကရေးသားသည်။
လတ်တလောတွင် ရန်လိုသော သဘောထားများ အပြင်းအထန်ဖြစ်ပွားခြင်းမရှိသေးသော်လည်း မကြာမီ အခြေအနေပြောင်းလဲသွားနိုင်သည်ဟု IHS Markit မှ စီးပွားရေးပညာရှင် ဟာယူမီ တာဂူချီကပြောသည်။
တရုတ်နဲ့ မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် – NAFTA တို့နဲ့ ကုန်သွယ်ရေး တင်းမာမှုတွေကို ဖြေရှင်းပြီးရင် ထရမ့်က ဂျပန်နိုင်ငံဖက်ကို အာရုံစိုက်လာနိုင်တယ်” ဟု သူကဆိုသည်။
“ဂျပန်နဲ့ဆွေးနွေးတဲ့နေရာမှာ ထရမ့်အစိုးရရဲ့ အထိရောက်ဆုံးလက်နက်ကတော့ အမျိုးသား လုံခြုံ ရေးကို အကြောင်းပြပြီး ကားတင်သွင်းမှုကို အခွန် ၂၅ ရာခိုင်နှုန်း အထိချမှတ်လိုက်ဖို ပဲဖြစ်နေတယ်” ဟု Teneo Intelligence မှ တိုဘီယာ့စ် ဟားရစ်ကပြောသည်။
ထိုသို့လုပ်ဆောင်ခြင်းသည် ဂျပန်နိုင်ငံစီးပွားရေးအပေါ် အကြီးအကျယ် ထိခိုက်စေမည်ဖြစ်သည်။
တိုယိုတာနှင့် နစ်ဆန်းကဲ့သို့သော ကားထုတ်လုပ်ငန်းကြီးများသည် အမေရိကန်တွင် ကားများကို သန်းနှင့်ချီ ရောင်းချပြီး ထိုကားများကို ဂျပန်၊ မက္ကစီကိုနှင့် ကနေဒါတို့ကဲ့သို့သော အခြားနေရာ များတွင် ထုတ်လုပ်သည်။
၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့်ခြင်းသည် ဂျပန်နိုင်ငံ၏ စုစုပေါင်း အမျိုးသားထုတ်လုပ်မှုကိ ဝ.၅ ရာခိုင်နှုန်းအထိ လျှော့ကျသွားစေနိုင်ကြောင်း IHS Markit မှ စီးပွားရေးပညာရှင် ဟာယူမီ တာဂူချီကပြောသည်။
တိုယိုတာကဲ့သို့သော ထုတ်လုပ်သူများအနေဖြင့် ကုန်ကျစရိတ်ကို မကျခံနိုင်ဘဲ အမေရိကန်မှ ကားဝယ် သူများ သာ ကျခံရလိမ့်မည်ဖြစ်ကြောင်း ကားထုတ်လုပ်သူများကို သတိပေးထားသည်။ ထိုအခါ အမေရိကန် ကားဝယ်ယူသူများသည် ကားတစီးလျှင် ဒေါ်လာ ၆၀၀၀ ခန့်အထိပိုမိုဈေးပေးရ တော့မည်ဖြစ်သည်။
ထရမ့်က ဂျပန်ကားများကို အမေရိကန်နိုင်ငံတွင် ပိုမိုထုတ်လုပ်ရန်တောင်းဆိုလာနိုင်သော်လည်း လှုပ်ရှားမှု အတွက် အကန့်အသတ်များရှိနေသည်။
ဂျပန်ကားထုတ်လုပ်သူများသည် လက်ရှိအခြေအနေတွင်ပင် အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် ကားစီးရေး ၄ သန်းခန့် ထုတ်လုပ်နေပြီး အမေရိကန်နိုင်ငံတွင် အလုပ်သမား ၁.၅ သန်းခန့် ခန့်ထားသည်ဟု IHS Markit မှ စီးပွားရေးပညာရှင် ဟာယူမီ တာဂူချီကပြောသည်။
တရုတ်နှင့် ဖြစ်ပွားသကဲ့သို့ အပြန်အလှန်လက်စားခြေ အခွန်တိုးမြှင့်ခြင်းသည် မည်သူ့ကိုမျှ အကျိုးမရှိကြောင်း အာဘေးက ပြောကြားထားသဖြင့် ထိုသို့ အပြန်အလှန်လက်စားခြေ အခွန်စစ်ပွဲလည်း မဖြစ်နိုင်ပေ။
ထိုသို့လုပ်မည့်အစား ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံက သံမဏိခွန်တိုးမြှင့်ချိန်က ခြိမ်းခြောက်သည့် အတိုင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားကောင်းတိုင်ကြားနိုင်သည်။
အာဘေးအနေဖြင့် လုပ်ဆောင်သင့်သော ကိစ္စမှာ ပြည်တွင်းထုတ်လုပ်မှုကို မထိခိုက်နိုင်သည့် အချို့ သော ပစ္စည်းများ၊ သဘာဝဓါတ်ငွေ့၊ စစ်ဖက်ပစ္စည်းများကို အမေရိကန်နိုင်ငံမှ ပိုမိုဝယ် ယူခြင်း သာဖြစ်သည်ဟု စီးပွားရေး ပညာရှင် တာဂူချီပြောသည်။
ဂျပန်နိုင်ငံသည် အမေရိကန် ကန်ထရိုက်တာ လော့ခ်ဟိ မာတင် ကထုတ်လုပ်သည့် ဈေးနှုန်းကြီး မြင့်လှသော Aegis Ashore ဒုံးကျည်ကာကွယ်ရေး စနစ်များဝယ်ယူမည်ဟု ကြေညာထားပြီး ဖြစ်သည်။
သို့သော် ထိုမျှနှင့် လုံလောက်နိုင်ခြေမရှိဘဲ အာဘေးအနေဖြင့် စေ့စပ်ညှိနှိုင်းရေး ကျွမ်းကျင်မှုကို အသုံးပြုရ ဖွယ်ရှိနေသည်။
ဂျပန်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးဈေးကွက် ဖွင့်ပေးခြင်းကဲ့သို့သော ဈေးကွက်ချဉ်းကပ်မှုနှင့် ပတ်သက်သော ကျေနပ်လက်ခံနိုင်ဖွယ်ရှိသည့် အလျှော့ပေး အစီအစဉ် တခုကို မကြာမီပေးနိုင်ပါက ထရမ့်၏ ဒေါသစက်ကွင်းမှ လွတ်နိုင်သည်ဟု ဟားရစ်ပြောသည်။
သို့သော် လယ်သမားများကိုအကာအကွယ်ပေးရန် အခွန်စနစ်အသုံးပြုနေရသော ဂျပန်နိုင်ငံအတွက် ထိုကိစ္စ မှာ ထိရှလွယ်သော ကိစ္စဖြစ်နေသည်။
Free Malaysia today သတင်းတွင်ဖော်ပြထားသည့် Trade wars: Is Trump lining up Japan next? ကိုဘာသာပြန် ဆိုသည်။