စက်သုံးဆီဈေး အဆမတန် မြင့်တက်လာမှုနှင့်အတူ ခရီးသွားဦးရေလည်း ကျဆင်းလာသဖြင့် နေပြည်တော်မှ ပခုက္ကူနှင့် ချောက်မြို့ နယ်များသို့ ပြေးဆွဲနေသည့် မြသရဖူ ယာဉ်လိုင်း၊ ယောရွှေပြည် ယာဉ်လိုင်းတို့မှာ ယခုလအတွင်း ရပ်နားလိုက်ရကြောင်း သတင်း ရရှိသည်။
နေပြည်တော် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မထသ)မှ ရရှိသည့် အချက်အလက်များအရ ရပ် နားလိုက်ရသည့် ယာဉ်လိုင်းများ ရှိသလို တွက်ခြေမကိုက်သဖြင့် ခေါက်ရေကို စုပေါင်း၍ ပြေးဆွဲနေရသည့် ယာဉ်လိုင်းများလည်း ရှိ ကြောင်း သိရသည်။
နေပြည်တော် မထသမှ လက်ထောက်ဌာနမှူး ဦးအောင်ကျော်နိုင်က“စီးပွားရေးအရ ဆီဈေးတက်လာတာရယ်။ ခရီးသည် နည်းသွားတာရယ်။ စီးပွားရေးအရ တွက်ခြေမကိုက်လို့ နားတာပေါ့။ ယာဉ်စီးခတော့ တရားဝင် တိုးမတောင်းဘူး။ ပုံမှန်ဆိုရင် မန္တလေး ကို ၅၀၀၀ ကျပ် ပေါ့။ ဟိုတနေ့က သွားတော့ အထူးယာဉ် ဆွဲပေးတယ် ဆိုလို့ ၈၀၀၀ ပေးလိုက်ရတယ်။ သူလည်း မကိုက်တော့ ဘူးလေ”ဟု သတင်းထောက်များကို ပြောသည်။
နေပြည်တော်တွင် အနယ်နယ်အရပ်ရပ်ရှိ မြို့ပေါင်း ၄၅ မြို့သို့ ယဉ်လိုင်းပေါင်း ၁၅၀ ဝန်းကျင် ပြေးဆွဲလျက်ရှိနေပြီး နေပြည်တော် အခြေပြု ယာဉ်လိုင်း ၂၉ ခု၊ အခြားမြို့ အခြေပြု ယာဉ်လိုင်း ၇၄ ခု ရှိကြောင်း၊ နေ့စဉ် ကားအစီးရေ ၂၀၀ ဝန်းကျင် အဝင်၊ အထွက် ရှိကြောင်း သိရသည်။
“၂ လိုင်းက လုံးဝ နားလိုက် ရတာ။ လက်ရှိ ဆီဈေးနဲ့ မကိုက်တော့ဘူးလေ။ အဆင်ပြေရင် ထွက်ကြတာပဲ။ အရင်းလေး ရနေရင်ကို ထွက်ကြတယ်။ ဆီဖိုး၊ ဒရိုင်ဘာနဲ့ ယဉ်နောက်လိုက်ခ ရှိမယ်။ လမ်းကြေး၊ တံတားကြေး၊ ဂိတ်ကြေးတွေ ရှိမယ်။ အဲဒါကိုက်ရင်ကို ထွက်ကြတယ်။ လုပ်သားလေးတွေ အလုပ်ရတယ်ဆို ထွက်တယ်။ အခုက မကိုက်လွန်းလို့ မထွက်ကြတာ။ သာမန် ရှုံးရုံလည်း ထွက်တယ်”ဟု ဦးအောင်ကျော်နိုင်က ပြောသည်။
လက်ရှိ အလုပ်မှာ ထွက်ပြေး၍ ရသည့် အလုပ်မဟုတ်သဖြင့် အရှုံးခံပြီး ဆက်လက် ပြေးဆွဲနေရကြောင်း၊ ပွင့်လင်းရာသီ ရောက်လာ တော့မည့် အချိန်နှင့် ဆီဈေးပြန်ကျမည့် အချိန်ကို စောင့်၍ ဆွဲနေရကြောင်း၊ တခုကံကောင်းသည်မှာ မိုးတွင်းကာလဖြစ်၍ ကား အစီးရည် နည်းသဖြင့် အရှုံး သက်သာနေကြောင်း JJ Express ၏ ဒါရိုက်တာ ဦးမြင့်ဦးက ဧရာဝတီသို့ ပြောသည်။
“ဆီဈေးတက်နေတဲ့ ကိစ္စကို အစိုးရလည်း မတတ်နိုင်ဘူး။ ဒေါ်လာဈေးနဲ့ ကမ္ဘာ့ ပေါက်ဈေး အပေါ်မှာ တွက်ပြီး ရောင်းနေတာလေ။
ဈေးလည်း နည်းနည်းတက်ဆွဲလိုက်ရင် သွားတဲ့လူလည်း အဆင်ပြေသွားမှာပဲ။ ဒီကိစ္စကို ခရီးသည်နဲ့ အစိုးရက နားလည်ပေးဖို့ လိုတယ်။ တက်တယ်တက်တယ်လို့ လိုက်အော်နေလို့လည်း မရဘူး”ဟု ၎င်းက သုံးသပ်သည်။
စက်သုံးဆီဈေးများ မြင့်တက်လာသဖြင့် ယာဉ်စီးခ တိုးမြင့် ကောက်ခံခွင့်ရရှိရန် ယာဉ်လိုင်း လုပ်ငန်းရှင်တချို့ က သက်ဆိုင်ရာသို့ တင်ပြမှုများလည်း ရှိနေပြီး ယနေ့အချိန်ထိ ဈေးတက်မတောင်းသော်လည်း မည်သည့်အချိန်အထိ ခံနိုင်ရည် ရှိမည်ကို မပြောနိုင် သေးကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။
နေပြည်တော်-မန္တလေး သို့ အပတ်စဉ် အသွားအပြန်လုပ်သူ ဦးလေးလေးစိုးက “ကားလက်မှတ်ဈေးတက်တာက တပတ်လောက် ရှိ သွားပြီ။ ၆၅၀၀ (ကျပ်) ဖြစ်သွားပြီ။ အရင်က ၅၅၀၀ ဖြစ်တယ်။ ၆၀၀၀ ဖြစ်တယ်။ ပြီးတော့ အခု ၆၅၀၀ ပေးရတယ်။ ကျနော် ပြောတာ ရိုးရိုးကား။ ညပိုင်းထွက်တဲ့ အထူးကားတွေလည်း ဈေးတက်တယ်လို့တော့ ကြားတယ်။ ကားခတွေ တက်သွားတာ ဆီဈေးကြောင့်လို့ပဲ အားလုံးက ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။
နေပြည်တော် ကောင်စီနယ်မြေတွင် စက်သုံးဆီဈေးမှာ ပြန်မကျသေးဘဲ 92 တလီတာ ၁၀၄၀ ကျပ်၊ 95 တလီတာ ၁၀၉၀ ကျပ်၊ ဒီဇယ် တလီတာ ၁၀၅၅ ကျပ်၊ ဒီဇယ် ပရီမီယံ ၁၀၆၅ ကျပ် ပေါက်ဈေးရှိကြောင်း အရောင်းဆိုင်များထံမှ သိရသည်။
“E – Lite က မနေ့က ပြောတော့ ၄ ကြိမ် လျော့ထားတယ်လို့ ပြောတယ်။ တရက်ကို အရင်က ၁၀ ကြိမ်လောက် ထွက်တာ။ အခု ၆ ကြိမ်လောက်ပဲ ထွက်တော့တယ်။ နေပြည်တော်-မန္တလေး-လားရှိုး-တောင်ကြီး ပေါ့။ နေပြည်တော် – ရန်ကုန် ၄ ကြိမ် လျော့လိုက် တယ်။ ပြီးတော့ မန္တလေးလိုင်း ရပ်ထားတယ်”ဟု နေပြည်တော် မထသမှ တာဝန်ရှိသူ ဦးအောင်ကျော်နိုင်က ပြောသည်။
စက်သုံးဆီ ဈေးနှုန်းမှာ လုံးဝ ပြန်မကျဘဲ အတက်ဖက်သို့သာ ဆက်တိုက် ဦးတည်လျက်ရှိနေသည်မှာ လနှင့်ချီ ရှိပြီဖြစ်သည်။