စီးပွားရေး

ငွေတန်ဖိုး ဆက်မကျအောင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် လုံးပမ်း

Want create site? Find Free WordPress Themes and plugins.

ငွေတန်ဖိုးကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွမှု ဖိအားများ အသစ်ပြန်ဖြစ်လာခြင်းကို ကာမိရန် ဖွံ့ဖြိုးဆဲ အာရှမှ ဗဟို ဘဏ်များအနေဖြင့် ငွေကြေးဆိုင်ရာ တင်းကြပ်မှုများ နောက်ထပ်ပြုလုပ်ရန် ဖြစ်လာစေခဲ့သည်။

စက်တင်ဘာလ ၂၇ ရက်နေ့တွင် Bank Indonesia (အင်ဒိုနီးရှား ဗဟိုဘဏ်) က ၎င်း၏ စံနှုန်းသတ်မှတ်ထားသော seven-day reverse repo rate (ဗဟိုဘဏ်က ကူးသန်းရောင်းဝယ်ရေး ဘဏ်များထံမှ ငွေချေးယူသည့် အတိုးနှုန်း) ကို အခြေခံ ပွိုင့်(basis points) ၂၅ တိုး၍ ၅.၇၅ ရာခိုင်နှုန်း သတ်မှတ်လိုက်သည်။ ထိုအချိန်တွင် Bangko Sentral ng Pilipinas (ဖိလစ်ပိုင် ဗဟိုဘဏ်) က အခြေခံပွိုင့် ၅၀ တိုး၍ ၄.၅ ရာခိုင်နှုန်းသို့ မြှင့်တင်ခဲ့သည်။ (အခြေခံပွိုင့် ၁၀၀ က ၁ ရာခိုင်နှုန်း နှင့် ညီမျှပါသည်။)

ယခုကဲ့သို့ တိုးမြှင့်လိုက်ခြင်းမှာ မေလမှ စတင်၍ ငွေကြေးမူဝါဒ (လစဉ်) အစည်းအဝေး ၆ ကြိမ်ပြုလုပ်ခဲ့သည့် အတော အတွင်း အင်ဒိုနီးရှား ဗဟိုဘဏ်က ၅ ကြိမ်မြောက် တိုးမြှင့်လိုက်ခြင်း ဖြစ်ပါသည်။ ဖိလစ်ပိုင် ဗဟိုဘဏ်က နောက်ဆုံး မြှင့်တင်လိုက်သည့် နှုန်းသည် ၂၀၀၉ ခုနှစ် မတ်လနောက်ပိုင်းတွင် အမြင့်ဆုံး ဖြစ်လာသည်။

အဆိုပါဖြစ်ရပ် ၂ ခုလုံးမှာ ထိုနေ့မတိုင်မီ ၁ ရက်အလိုတွင် U.S. Federal Reserve (အမေရိကန် ဗဟိုဘဏ်) က ၎င်း၏ စံ သတ်မှတ်ထားသည့် အတိုးနှုန်းကို ယခုနှစ်အတွင်းတွင် တတိယ အကြိမ်မြှင့်တင်လိုက်သည့် အတွက် အင်ဒိုနီးရှားနှင့် ဖိ လစ်ပိုင်ငွေကြေးများနှင့် ငွေကြေးဖောင်းပွမှု အလားအလာများ အပေါ်တွင် ဖိအားများ ထပ်မံမြင့်တက်လာသည့် အချိန်တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ဗဟိုဘဏ်က ၎င်း၏ အတိုးနှုန်းကို အခြေခံပွိုင့် ၂၅ တိုး၍ ၂ ရာခိုင်နှုန်းမှ ၂.၂၅ ရာ ခိုင်နှုန်းသို့ တိုးမြှင့်လိုက်ရာ ဒေါ်လာငွေက ပိုမိုခိုင်မာလာဖွယ်ရှိ၍ အာရှငွေကြေးများ အင်အားနည်းသွားမည် ဆိုသည့် သဘောဖြစ်သည်။ အမေရိကန်နှင့် တရုတ်တို့ကြားတွင် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာခြင်းကလည်း ရင်းနှီးမြှုပ်နှံသူများကို စိုးရိမ်ပူပန်မှု ဖြစ်စေ၏။

ရူပီးယား(rupiah) ငွေတည်ငြိမ်မှုကို ထိန်းထားနိုင်ရေးအတွက် အဓိက စိုးရိမ်ပူပန်နေရသည့် အင်ဒိုနီးရှား ဗဟိုဘဏ်အတွက် နောက်ထပ် ငွေတန်ဖိုး ကျဆင်းခြင်းက လက်ခံနိုင်စရာ မဟုတ်ပါ။ ပို့ကုန်မြှင့်တင်ခြင်း၊ သွင်းကုန်ကို လျှော့ချခြင်း အားဖြင့် အစိုးရက ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချနိုင်ရန် ဆောင်ရွက်နေသော်လည်း ငွေတန်ဖိုးက ယခုနှစ်အစပိုင်းမှ စတင်၍ အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အခြားသော ထွန်းသစ်စဈေးကွက်များမှ အကျပ်အတည်းများ ကူးစက်လာမည်ကို စိုးရိမ်ခြင်းနှင့် အတူ ရင်းနှီးမြှုပ်နှံသူများက ရူပီးယားငွေပိုင်ဆိုင်မှုများကို ဈေးလျှော့ ထုတ်ရောင်းနေကြသည်။

ရူပီးယားငွေက ၁၉၉၈ ခုနှစ် အာရှ ဘဏ္ဍာရေး အကျပ်အတည်းနောက်ပိုင်းတွင် အနိမ့်ဆုံးအနေဖြင့် စက်တင်ဘာလ အစောပိုင်းတွင် တဒေါ်လာလျှင် ၁၅၀၁၆ ရူပီးယား အထိ ကျဆင်းသွားခဲ့သည်။

“ကျနော်တို့ အခြေအနေက တိုးတက်မှု ရှိနေဆဲပါ။ ကြိုတင်ပြင်ဆင်မှုရှိတယ်။ (သူများထက်) လျှင်လျှင်မြန်မြန် တုန့်ပြန်နိုင် ပါတယ်” ဟု အင်ဒိုနီးရှား ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ပယ်ရီဗာဂျီယို က ပြောသည်။ သို့သော်လည်း “ကျနော်တို့ရဲ့ မူဝါဒက နောက်လမှာ သို့မဟုတ် နောက်ပိုင်းမှာ ဘယ်လိုဖြစ်လာမလဲ။ အဲဒါကတော့ အချက်အလက်တွေအပေါ်မှာ အလွန်ပဲ မူတည်ပါလိမ့်မယ်” ဟု သူက ထပ်ပြောသည်။

ရူပီးယားငွေက ပြီးခဲ့သည့် အပတ်အတွင်းတွင် ဖိအားအသစ်နှင့် ရင်ဆိုင်ခဲ့ရသည်။ တိုင်းပြည်၏ သြဂုတ်လ အတွက် ကုန်သွယ်ရေး လိုငွေပြမှုက ဈေးကွက်က မျှော်လင့်ထားသည်ထက်များပြီး အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလီယံသို့ ရောက် ရှိ သွားသောကြောင့် ဖြစ်သည်။

အမေရိကန် ဒေါ်လာနှင့်နှိုင်းယှဉ်လျှင် ရူပီးယားငွေ တန်ဖိုးကျဆင်းခြင်းက အင်ဒိုနီးရှားနိုင်ငံအတွက် ပြဿနာဖြစ်စေသည်။ ကုမ္ပဏီများအနေဖြင့် အမေရိကန် ဒေါ်လာဖြင့် အကြွေးများ ကြီးမားစွာ တင်နေသောကြောင့် ဖြစ်သည်။

အင်ဒိုနီးရှား ကော်ပိုရေးရှင်းများ (ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများ မပါ) တင်နေသည့် အကြွေးများ (ဘဏ်ချေးငွေ များ နှင့် အာမခံစာချုပ်များ အပါအဝင်)က ၂၀၁၈ ခုနှစ်တွင် ဒေါ်လာနှင့် တွက်လျှင် ၁၀၆ ဘီလီယံ ရှိပြီး ပြီးခဲ့သည့် နှစ်ကထက် ၁၂ ရာ ခိုင် နှုန်းများလာကြောင်း Dealogic မှ ရရှိသည့် အချက်အလက်များအရ သိရသည်။ ဒေါ်လာအကြွေးများက စက် တင်ဘာလ ၂၈ ရက်မှ ၂၀၂၀ ခုနှစ်ကုန်ပိုင်းအတွင်းတွင် စုစုပေါင်း ဒေါ်လာ ၂၁ ဘီလီယံ အထိ ရောက်လာရန် ရှိနေသည်။

ဒေါ်လာ အကြွေးတင်နေသော်လည်း ဝင်ငွေကို ရူပီးယားနှင့် ရရှိသည့် ကုမ္ပဏီများအတွက် ငွေတန်ဖိုးကျဆင်းခြင်းက ပြန်ပေးဆပ်ရမည့် ဝန်ထုပ်ဝန်ပိုး တိုးလာခြင်းပင် ဖြစ်သည်။

ငွေတန်ဖိုး နောက်ထပ်ကျဆင်းခြင်းက သွင်းကုန် စရိတ်များကိုလည်း မြင့်တက်စေနိုင်သည့် အန္တရယ်ရှိပြီး အနာဂတ်တွင် ငွေကြေးဖောင်းပွမှုကိုလည်း မြင့်တက်စေနိုင်သည်။ လာမည့်နှစ်တွင် ဒုတိယသက်တမ်းအတွက် ယှဉ်ပြိုင်ရန် ရှိနေသော သမ္မတ ဂျိုကိုဝီဒိုဒိုအတွက် စိတ်မသက်သာစရာ အလားအလာတခု ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသည်လည်း ကံမကောင်းခဲ့ပါ။ တိုင်းပြည်၏ ငွေကြေးဖောင်းပွမှုက ဆယ်စုနှစ်တခု နီးပါးကာလအတွင်းတွင် အမြင့်ဆုံးနှုန်း အနေဖြင့် ပြီးခဲ့သည့် လအတွင်းက ၆.၄ ရာခိုင်နှုန်းသို့ ရောက်ခဲ့သည်။ အစားအစာနှင့် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်သွားခဲ့သည်။

ယခုနှစ်စ ပိုင်းမှ စ၍ အမေရိကန်ဒေါ်လာနှင့် ယှဉ်လျှင် ၈ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည့် ပီဆို(peso) ငွေတန်ဖိုးကျခြင်းက ငွေကြေးဖောင်းပွမှု ဖိအားများကို လှုံ့ဆော်ပေးခဲ့သည်။ ဗဟိုဘဏ်က နှုန်းများမမြှင့်တင်မီ ၁ ရက်အလိုတွင် ပီဆိုတန်ဖိုးက ၁၃ နှစ်အတွင်းတွင် အနိမ့်ဆုံးအနေဖြင့် တဒေါ်လာလျှင် ၅၄.၃၃ ပီဆို ဖြစ်သွားခဲ့သည်။

သမ္မတ ရိုဒရီဂို ဒူတာတေး၏ “ဆောက်၊ ဆောက်၊ ဆောက်” အခြေခံ အဆောပ်အဦး အစီအစဉ်နှင့် ပြည်တွင်းစီးပွားရေး ဖွံ့ ဖြိုးလာခြင်းက တိုင်းပြည်၏ ကုန်သွယ်ရေးလိုငွေပြမှုကို ဒေါ်လာ ၂၂.၄၉ ဘီလီယံ အထိ ကျယ်ပြန့်သွားစေခဲ့သည်။ ယခင် နှစ်ကထက် ၇၂ ရာခိုင်နှုန်း မြင့်မားသွားခြင်း ဖြစ်သည်။ ပီဆိုငွေကိုလည်း တန်ဖိုးကျဆင်းစေခဲ့၏။ အမေရိကန်က ၎င်း၏ အ တိုးနှုန်းကို မြှင့်တင်လိုက်ပြီးနောက်တွင် ဖိလစ်ပိုင်ငွေတန်ဖိုးက သမိုင်းဝင် အနိမ့်ဆုံး အနေအထားတဝိုက်တွင် ဆက်လက် ၍ ရှိနေခဲ့သည်။

ယခုနှစ်တွင် နှုန်းများ ဆက်တိုက်မြှင့်တင်ခြင်းက ဈေးနှုန်းဖိအားများ ကျယ်ပြန့်လာမည့် အရိပ်အယောင်များ ထပ်တလဲလဲ ပေါ်နေသောကြောင့် ဖြစ်သည်ဟု ဖိလစ်ပိုင် ဗဟိုဘဏ် ဒုတိယ အုပ်ချုပ်ရေးမှူး ချူချီဖိုနေရှာက သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောသည်။ ၄ နှစ်နီးပါး တည်ငြိမ်သော မူဝါဒတခုကို ထိန်းသိမ်းထားခဲ့ပြီးနောက် ဗဟိုဘဏ်က ယခုနှစ် အတွင်းတွင် အတိုးနှုန်းများကို အခြေခံပွိုင့် ၁၅၀ တိုးမြှင့်ခဲ့သည်။

“ဒုတိယ အဆင့်သက်ရောက်မှုတွေအတွက် ညွှန်ပြမှုတွေရှိနေတဲ့ အချိန်မှာ ငွေကြေးဖောင်းပွမှုဖြစ်နိုင်တဲ့ မျှော်လင့်ချက် တွေက မြင့်မားနေတုန်းပါပဲ” ဟု ချူချီဖိုနေရှာက ပြောသည်။

ငွေကြေးဖောင်းပွမှုက ယခုနှစ်နှင့် ၂၀၁၉ ခုနှစ်တွင် ခန့်မှန်း ထားသည့်နှုန်းဖြစ်သော ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်း အတွင်း ထက် ကျော်လွန်လိမ့်မည်ဟု ဖိလစ်ပိုင် ဗဟိုဘဏ်က မျှော်လင့်ထားသည်။

ယခုလ အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းဒေသများကို ဝင်ရောက်တိုက်ခတ်ခဲ့သော မန်းခွတ် တိုင်ဖုန်းမုန်တိုင်း ကြောင့် ကုန်ဈေးနှုန်းများက ဆက်လက်မြင့်တက်နေနိုင်ပါသည်။ မုန်တိုင်းကြောင့် ပီဆို ၂၇ ဘီလီယံ( အမေရိကန် ဒေါ် လာ ၄၉၇ သန်း) ခန့် တန်ဖိုးရှိသည့် စိုက်ပျိုးရေး ထွက်ကုန်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။

အမေရိကန်နိုင်ငံတွင် ငွေကြေးမူဝါဒ တင်းကျပ်ခြင်းကြောင့် ဒေသတွင်းငွေကြေးများအပေါ် ဖိအားသက်ရောက်ခြင်းက အာရှမှ အခြားသော ဗဟိုဘဏ်များအတွက်လည်း စိုးရိမ်စရာတခု ဖြစ်စေခဲ့သည်။

ဟောင်ကောင်မှ Monetary Authority (ဟောင်ကောင် ဗဟိုဘဏ်) က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ၎င်း၏ အခြေခံ နှုန်းကို ၂.၅ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်သည်။ ဟောင်ကောင်ဒေါ်လာက အမေရိကန်ဒေါ်လာနှင့် ချိတ်ဆက်ထားသော ကြောင့် ဖြစ်သည်။ အတိုးနှုန်းများမြှင့်တင်ခြင်းက အိမ်ပိုင်ရှင်များအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း သတိပေးခဲ့သည့်တိုင် ဟောင်ကောင်မှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

HSBC၊ Standard Chartered နှင့် Hang Seng တို့ကဲ့သို့ ဟောင်ကောင်မှ အဓိက ဘဏ်များက ဗဟိုဘဏ်က နှုန်းများကို မြှင့်တင်လိုက်ပြီး နာရီပိုင်းအတွင်းတွင် သူတို့၏ ချေးငွေအတိုးနှုန်းများကို ၁၂ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် စက်တင် ဘာလ ၂၇ ရက်နေ့က မြှင့်တင်လိုက်ကြသည်။

အိန္ဒိယ နိုင်ငံတွင် “အောက်တိုဘာနဲ့ ဒီဇင်ဘာ မူဝါဒ အစည်းအဝေးတွေမှာ နှုန်းတွေ မြှင့်တင်လိမ့်မယ်လို့ ဈေးကွက်ရဲ့ မျှော် လင့်ချက်တွေက ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အများအပြားတိုးလာခဲ့ပါတယ်” ဟု Bank of America Merrill Lynch မှ အာရှ၏ ငွေကြေးဈေးကွက်ဗျူဟာ လေ့လာသူတဦး ဖြစ်သည့် Rohit Garg က အစီရင်ခံစာ တစောင်တွင် ရေး သားခဲ့သည်။ အိန္ဒိယ၏ ရူပီးငွေ ထပ်၍ အားနည်းလာခြင်းကြောင့် ဖြစ်သည်။ ရူပီးငွေက ယခုနှစ် အစပိုင်းမှစ၍ တန်ဖိုး ၁၂ ရာခိုင်နှုန်း နီးပါး ကျဆင်းလာခဲ့သည်။ ဒေသတွင်းတွင် စွမ်းဆောင်ရည် အညံ့ဆုံး ငွေကြေးများထဲမှ တခုဖြစ်နေသည်။

“Reserve Bank of India (အိန္ဒိယ ဗဟိုဘဏ်)ရဲ့ လတ်တလော လေ့လာမှုတခုအရ ငွေတန်ဖိုး ၁ ရာခိုင်နှုန်း ကျဆင်းခြင်း က ၁၂ လတာကာလအတွင်းမှာ ငွေကြေးဖောင်းပွမှုကို အခြေခံပွိုင့် ၁၅ (ဝ.၁၅ ရာခိုင်နှုန်း) တိုးစေတာကို တွေ့ရပါတယ်။ အတိုးနှုန်းကို အခြေခံပွိုင့် ၂၅ လောက်ပဲ တိုးတာက ရူပီး ငွေပေါ်က ဖိအားကို ဖယ်ရှားနိုင်ဖွယ်ရာ မရှိပါဘူး။ အခြေခံပွိုင့် ၅၀ တိုးတာက ရူပီးအတွက် ကောင်းပါလိမ့်မယ်” ဟု Rohit Garg က ဆိုသည်။

Bank of Korea (ကိုရီးယား ဗဟိုဘဏ်)၏ အုပ်ချုပ်ရေးမှူး လီကျူယိုးကလည်း အမေရိကန်နှင့် နှုန်းထားခြင်း ကွာဟချက် ကျယ်ပြန့်လာခြင်းအတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် ဗဟိုဘဏ်က ၎င်း၏ အတိုးနှုန်းကို အခြေခံပွိုင့် ၂၅ တိုး၍ ၂ ရာခိုင်နှုန်းမှ ၂.၂၅ ရာ ခိုင်နှုန်းသို့ တိုးမြှင့်လိုက်သော်လည်း ကိုရီးယား ဗဟိုဘဏ်က ၎င်းတို့၏ စံ သတ်မှတ်ချက်နှုန်း ဖြစ်သော ၁.၅ ရာခိုင်နှုန်းကို ပြီးခဲ့သည့် ၁၀ အတွင်းတွင် ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

“နှုန်းကွာခြားချင်က အခြေခံပွိုင့် ၇၅ အထိကျယ်ပြန့်သွားပါတယ်။ အမေရိကန်က နောက်ထပ်မြှင့်တင်ဖို့ စီစဉ်နေတယ်။ ကျနော်တို့ ငွေကြေးစီးဆင်းမှုနဲ့ အတိုးနှုန်းကွာခြားချက်ကို ပိုပြီးဂရုတစိုက် စောင့်ကြည့်ဖို့ လိုမယ်လို့ ကျနော်ထင်ပါတယ်” ဟု လီကျူယိုးက စက်တင်ဘာလ ၂၇ ရက်နေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ကိုးကား ။ ။ Nikkei Asian Review

Did you find apk for android? You can find new Free Android Games and apps.
Loading