ငွေကြေး မတည်ငြိမ်၍ Re-export လိုင်စင် အသစ် ခွင့်မပြုနိုင်သေးဟု ဆို
ပြည်တွင်း ငွေကြေး အခြေအနေ ပြန်လည် တည်ငြိမ်သွားမှသာ Re-export လိုင်စင်အသစ်များ ခွင့်ပြုရန် စဉ်းစားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ဒု ဝန်ကြီး ဦးအောင်ထူးက ဧရာဝတီ ကို ပြောသည်။
သြဂုတ်လ ဒုတိယပတ်အတွင်းက ပြည်တွင်းတွင် ဒေါ်လာဈေး မြင့်တက်ပြီး ငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်နေသည့် အခြေအနေကြောင့် ဒေါ်လာဖြင့် ပြည်ပမှ ဝယ်ယူတင်သွင်းခွင့် ပြုထားသည့် Re-export လိုင်စင်သစ်များ လျှောက် ထား မှုကို သြဂုတ်လ ၁၇ ရက်တွင် စတင် ပိတ်သိမ်းကြောင်း စီးပွား/ကူးသန်း က ထုတ်ပြန်ထားသည်။
“ဒါက နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒပေါ် မူတည်ပါတယ်။ ဒါပေမယ့် ငွေကြေးအခြေအနေ ပြန်လည်တည်ငြိမ်မယ်၊ လုပ်ငန်းရှင်တွေဘက်ကလည်း တောင်းဆိုမှုတွေရှိလာမယ် ဆိုရင်တော့ ပြန်စဉ်းစားမှာပါ”ဟု ဒုဝန်ကြီး ဦးအောင်ထူးက ပြောသည်။
Re-export လိုင်စင်ဆိုသည်မှာ အကြမ်းဖျင်းအားဖြင့် ပြည်ပမှ ကုန်စည်များကို ဝယ်ယူကာ ပြည်တွင်းမှတဆင့် အခြား နိုင်ငံသို့ တင်ပို့ကုန်သွယ်ခြင်း ပြုလုပ်သည့် လိုင်စင် အမျိုးအစားဖြစ်ပြီး ရောင်းဝယ်မှုအများစုတွင် အမေရိကန်ဒေါ်လာ ကိုသာ အဓိထား အသုံးပြုကြသည်။
ယင်းအခြေအနေကြောင့် ပြည်တွင်းဒေါ်လာဈေး မြင့်မားနေချိန်တွင် ဒေါ်လာ လိုအပ်ချက် ပိုမိုများပြားကာ ဈေးပိုမြင့် လာနိုင်သည့် အလားအလာများကြောင့် လိုင်စင်သစ် ချပေးခြင်းကို ရပ်ဆိုင်းခဲ့ရခြင်းလည်း ဖြစ်ပြီး ခွင့်ပြုပြီး လိုင်စင်များ ကိုမူ ဆက်လက် လုပ်ကိုင်ခွင့် ပေးထားသည်။
Re-export လိုင်စင်ဖြင့် ပြည်တွင်းသို့ တင်သွင်းနေသည့် ကုန်စည်များအနက် သကြားနှင့် စက်သုံးဆီတို့မှာ အဓိက ဖြစ်ပြီး လိုင်စင်သစ် ချထားပေးခြင်းကို လာမည့်နှစ် ဧပြီလကျမှသာ ပြန်လည် စဉ်းစား ပေးစေလိုကြောင်းလည်း ပြည်တွင်း လုပ်ငန်းရှင်များဘက်မှ ပြောဆိုမှုများ ရှိသည်။
“အခုအချိန်မှာ ဒေါ်လာဈေး ပြန်ကျလာပြီ ဆိုပေမယ့် Re-export ကို ပြန်မပေးသင့်သေးဘူး။ ဘာလို့လဲ ဆိုတော့ လာမယ့် နိုဝင်ဘာဆို ကြံရာသီ စပြီလေ။ ကြံရာသီစတဲ့ အချိန်မှာ သကြားဈေးတည်ငြိမ်မှ ပြည်တွင်း ကြံစိုက် တောင်သူတွေ အတွက် အကျိုးအမြတ် ရနိုင်မှာ။ ကြံရာသီအပြီး ဧပြီလောက်မှ ပြန်ခွင့်ပြုတာ ပိုကောင်းပါမယ်”ဟု ပြည်တွင်း သကြား လုပ်ငန်းရှင်တဦး ဖြစ်သူ ဦးဝင်းဌေးက ဧရာဝတီကို ပြောသည်။
ဗဟိုဘဏ်က သြဂုတ် ၁၃ ရက်မှ စတင်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်း ဘောင်သတ်မှတ်ချက် (ဝ.၈ ရာခိုင်နှုန်း) အား ပယ်ဖျက်ခဲ့ပြီးနောက် သြဂုတ်လ တတိယပတ် အတွင်း ပြည်တွင်း ငွေလဲလှယ်နှုန်းမှာ တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၆၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။
ယင်းနောက် အစိုးရက ဒေါ်လာဈေးကစားနေသူများကို ဖမ်းဆီးအရေးယူ စစ်ဆေးမှုများ ပြုလုပ်လာသည့် အတွက် ဒေါ်လာဈေး ပြန်လည်ကျဆင်းခဲ့ကာ ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက် ဗဟိုဘဏ်က သတ်မှတ်သည့် ရည်ညွှန်းငွေ လဲလှယ်နှုန်းမှာ တဒေါ်လာလျှင် ၁၅၆၀ ကျပ် အထိသာ ရှိတော့သည်။