ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားအရက်များ ရောင်းနေသော ဆိုင်များတွင် လက်လီလက်ကား ဆက်လက် ရောင်းချခြင်း မပြုရန် ခေါ်ယူ အသိပေးခဲ့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
နိုင်ငံခြားအရက်များကို ယစ်မျိုးလိုင်စင်များဖြစ်သည့် ဆိုင်၏ ဥပစာအတွင်း သောက်သုံးခွင့်ရှိသော FL 17 လိုင်စင်နှင့် ဆိုင်၏ ဥပစာအတွင်း သောက်သုံးခွင့်မရှိသော FL 12 လိုင်စင် နှစ်မျိုးဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တရားဝင် လိုင်စင်ထုတ်ပေးကာ ရောင်းချခွင့်ပေးထားပြီး ယခု ပိတ်ပင်တားမြစ်မှုသည် FL 12 လိုင်စင် ရှိသူများအပေါ်တွင် သက်ရောက်မှု ရှိမည်။
မည်သည့် နိုင်ငံခြားအရက်ကိုမဆို ရောင်းချသည်နှင့် ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း စက်တင်ဘာ လ ၂၉ ရက်နှင့် ၃၀ ရက်နေ့များက ခရိုင်အလိုက် အသိပေးခဲ့ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
“သူတို့ကိုတိုင်ကြားချက်ရလို့ ကွင်းဆင်းစစ်တယ် ပြောတယ်။ အတုတွေ ဘာတွေ ရောင်းတယ်ပေါ့။ အဲဒီအတွက် FL 12 လိုင်စင်ကိုင်ထားတဲ့သူတွေ အားလုံးကို ခေါ်ပြီးတော့ Attendance လက်မှတ်ထိုးခိုင်း ပြီးတော့ ဆက်ရောင်းချခွင့် မပြုတော့ဘူးလို့ ပြောလိုက်တယ်” ဟု Myanmar Bartenders Association မှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းအေး က ပြောသည်။
လုပ်ငန်းရှင်များအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ၊ ပြည်တွင်းအခွန်များ ဦးစီးဌာန ၊ စားသုံးသူရေးရာ ဦးစီးဌာနနဲ့ ကုန်သွယ်ရေး ဦးစီးဌာန မှ တာဝန်ရှိသူများက ခေါ်ယူ သတိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်းအခွန်ဦးစီးဌာနကလည်း အဆိုပါလုပ်ငန်းများမှ ကုန်သွယ်ခွန်အပါအဝင် သတ်မှတ်အခွန်အခများ ကောက်ခံလျက် ရှိရာ FL 12 လိုင်စင်သည် တစ်နှစ်လျှင် ယစ်မျိုးခွန် ၁၅ သိန်း နှင့် FL 17 သည် ၂၄ သိန်း ပေးဆောင်ရခြင်း ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ယစ်မျိုးလိုင်စင်ကိုင်ဆောင်သည့် တရားဝင်ဆိုင်ပေါင်း ၂၂၀၀ ခန့်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ နိုင်ငံခြားအရက် ရောင်းချမှုများကို တားမြစ်လိုက်ခြင်းကြောင့် ကြုံတွေ့ရမည့် အခက်အခဲများ၊ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများ နှင့်ပတ်သက်ပြီး လုပ်ငန်းရှင်များက အောက်တိုဘာလ ၁ ရက်နေ့က Chatrium Hotel တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။
ယင်းသို့ နိုင်ငံခြားအရက် ရောင်းချခွင့်ကို ပိတ်ပင်လိုက်ခြင်းသည် ဆိုင်များတွင် လုပ်ကိုင်နေသည့် အလုပ်သမားများ ထိခိုက်နိုင်သည့်အပြင် နိုင်ငံတော်မှ ရရှိနေသည့် အခွန်အခများ နှင့် ခရီးသွားကဏ္ဍအထိပါ အကျိုးသက်ရောက်မှုများ ဖြစ်လာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း (ရန်ကုန်) အထွေထွေအတွင်းရေးမှူး ဦးကောင်းမင်းခန့်က “အခုအချိန်က ပိတ်သင့်တဲ့အချိန် မဟုတ်သေးဘူးထင်တယ်။ နောက်ပိုင်း Impact က တော်တော်ကြီးလာနိုင်တယ်။ စီးပွားရေးသမားတွေ အတွက်ရော အစိုးရအတွက်ရော။ အစိုးရရဲ့ ပုလင်းတွေမှာ ကောက်တဲ့အခွန်တွေ နောက် လိုင်စင်ပေါ်မှာရနေတဲ့ အခွန်တွေကလည်း မနည်းဘူး” ဟုဆိုသည်။
ဆက်လက်ပြီး ဦးကောင်းမင်းခန့်က “ထိုင်းတို့ စင်ကာပူတို့မှာ အခွန်စည်းကြပ်တာပဲ ရှိတယ် ပိတ်ပစ်တာမျိုး မရှိဘူး။ အခုလို အချိန်မှာပိတ်ပြီးတော့ Local အရက်နဲ့နေနေရမယ့် အချိန်မဟုတ်ဘူး။ Tourist တွေလာတယ် ဒီမှာက nightlife ဘာမှမရှိဘူးဆိုတဲ့ အချိန်မှာတောင်မှ ဒါကိုပါ ထပ်ပိတ်လိုက်ရင် attraction ဘာမှ သိပ်လုပ်လို့ ရနိုင်မယ့် အခြေအနေမရှိဘူး။ အဲဒါကိုလည်း ပြန်ပြီးစိစစ်စေချင်တယ်” ဟု ပြောသည်။
အရက်နှင့် စီးကရက်အပါအဝင် ကုန်စည်အချို့ကို တားမြစ်ကုန်စည်အဖြစ် သတ်မှတ်ကာ စစ်အစိုးရလက်ထက် ကတည်းက တင်သွင်းခွင့် ပိတ်ပင်ထားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်မူ အထူးကုန်စည်ခွန် ဥပဒေပြဋ္ဌာန်းကာ လုပ်ငန်းအချို့ တရားဝင် တင်သွင်းခွင့်ရခဲ့သည်။
၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ အထူးကုန်စည်ခွန်ဥပဒေ ပြဋ္ဌာန်းကာ သီးသန့်ကောက်ခံခဲ့သည့် အထူးကုန်စည်များတွင် စီးကရက်၊ ဆေးလိပ်၊ အရက်အမျိုးမျိုး၊ ဝိုင်နှင့် ဘီယာ၊ သစ်၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့ စသော သယံဇာတပစ္စည်းများ ပါဝင်သည်။
ယခု သတိပေးတားမြစ်ရာတွင် နိုင်ငံခြားအရက်များ ရောင်းချမှုကို တွေ့ရှိပါက ရောင်းချသည့် ပစ္စည်းအားလုံးကို သိမ်းယူမည်ဖြစ်ကာ ပစ္စည်းတန်ဖိုးနှင့် ဆတူ ငွေပမာဏ ဒဏ်ငွေအပြင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်မည်ဖြစ်သည်ကို ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရောင်းချမှုကို သတင်းပေးသူအား ပစ္စည်းတန်ဖိုးမှ ၂၀ ရာခိုင်နှုန်းကို ပေးမည်ဖြစ်ကာ ၃၀ ရာခိုင်နှုန်းအား လာရောက်ဖမ်းဆီးသည့် အဖွဲ့အစည်းက ရမည်ဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းမှာ နိုင်ငံတော်မှ ရရှိမည်ဖြစ်သည်ကိုလည်း ရှင်းပြခဲ့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။