စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်နေမှုကို ထိန်းချုပ်နိုင်ရန် အစိုးရမှ ယခုလ အတွင်း စက်သုံးဆီ ဂါလံ ၂ သန်း ထုတ်ရောင်း ပေးမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သိရသည်။ သို့သော် ယင်းဆီမှာ နယ်ဈေးကွက်များတွင်သာ ရောင်းချမည်ဟု ဆိုသည်။
မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်း လက်အောက်ရှိ ရေနံဓာတု ဗေဒ စက်ရုံစု (သံပရာကန်)မှ ထွက်ရှိသော ဓာတ်ဆီများကို မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်း (MPTA) မှ တဆင့် စက်သုံးဆီ အရောင်းဆိုင်များသို့ ၁ ဂါလံလျှင် ၃၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ရီရီခင် (ကုန်ထုတ်)က “ဒီလမှာ စရောင်းပေးမယ်ဆို တော့ MPTA က လာပြီး ဝယ်ယူရမှာပါ။ သူတို့က တဆင့် ပြန်ဖြန့်မှာ။ အရည်အသွေးကတော့ ပုံမှန် ဂရိတ် ဆိုတော့ အဓိကက ဆိုင်ကယ်တွေ သုံးကြတာ။ ၉၂ တော့ မဟုတ်ပေမယ့် ၆၈၊ ၇၀ ဂရိတ်လောက်တော့ ရှိတယ်။ တချို့ Taxi တွေလည်း သုံးကြတယ်။ နယ်တွေမှာ အသုံးများတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ရောင်းချခြင်းအားဖြင့် ဈေးကွက် အတွင်းတွင် ပြည်တွင်းသုံး ဓာတ်ဆီ ဈေးနှုန်းကိုအထိုက်အလျောက် လျော့ကျစေနိုင်ကြောင်း ၎င်းက ဆိုသည်။
ဒေါ်ရီရီခင်က “နောက်မို့ဆိုရင် ဆိုင်ကယ်တွေ ၉၂ တွေ ဝယ်သုံးရမှာ။ အခုလို အစိုးရက လျှော့ဈေးနဲ့ ရောင်းတော့ အသင်းက နည်းနည်းပဲ ပိုတင်ရောင်းမယ်ဆိုရင် ဈေးလည်း သက်သာနိုင်မယ်။ ပြည်ပကဆီလည်း အသုံးနည်းနည်း လျော့နိုင်တော့ အထောက်အကူ ဖြစ်စေမှာပါ” ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတခုလုံး၏ စက်သုံးဆီ လိုအပ်ချက် ပြည့်မီရန် အတွက် စင်ကာပူမှမှာ ယူတင်သွင်းနေသည့် စက်သုံးဆီ ပမာဏမှာ တလလျှင် စက်သုံးဆီ တန်ချိန် ၆ သိန်းခန့် အထိ မှာယူ တင်သွင်း ရောင်းချ ပေးနေရသည်။
နိုင်ငံတဝှမ်းလုံး အတွက် စက်သုံးဆီများ သိုလှောင်ပေးနေသည့် သီလဝါ ဆိပ်ကမ်း အတွင်း၌ တန်ချိန် ၁၂ဝဝဝ အထိသာ တင်သွင်းနိုင်ခြင်းကြောင့် ပြည်ပနိုင်ငံမှ တန်ချိန် အမြောက်အမြား ဝယ်ယူ သိုလှောင်ရန် နေရာ အခက် အခဲရှိနေခြင်းသည်လည်း ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း မြင့်တက်နေမှုကို မထိန်းချုပ်နိုင်သော အချက် တချက် ဖြစ်သည်။
မြန်မာနိုင်ငံ အတွင်းမှ ရေနံစိမ်း ထွက်ရှိနေသော်လည်း ကမ္ဘာ့အဆင့်မီ စက်သုံးဆီများ ချက်လုပ်နိုင်ခြင်းမျိုး မရှိ သေးကြောင်း၊ ကမ္ဘာ့အဆင့်မီ စက်သုံးဆီများ ချက်လုပ်နိုင်မည် ဆိုလျှင်လည်း တနိုင်လုံး လိုအပ်ချက်ကို ဖြည့်တင်း ပေးနိုင်သည်အထိ ရေနံစိမ်း ထွက်ရှိခြင်းမျိုး မရှိကြောင်း၊ နိုင်ငံအတွင်း ရေနံစိမ်း ထွက်ရှိမှုသည် တနိုင်ငံလုံး လို အပ်ချက်၏ ၃၀ ရာခိုင်နှုန်းခန့်ကိုသာ ဖြည့်တင်းပေးနိုင်သည်ဟု သိရသည်။
အမေရိကန် ဒေါ်လာဈေးနှုန်းမှာ ၁၆၀၀ ကျော်မှ ၁၅၅၀ ဝန်းကျင်အထိ ကျဆင်းလာသော်လည်း ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်နေဆဲ ဖြစ်သည့်အတွက် ပြည်သူများကြား ဝေဖန်မှုများ ဖြစ်ပေါ်နေသည်။
မူဆယ်-မန္တလေး ကုန်တင်အဝေးပြေးယာဉ် အသင်းမှ ယာဉ်မောင်း ကိုကျော်ကျော်ဦးက “စက်သုံးဆီဈေးတွေ တက် သွားပေမယ့် ကျနော်တို့က ခရီးသည်တွေ အပေါ် ယာဉ်စီးခ ပိုပြီး တိုးတောင်းလို့မရဘူး။ ဒေါ်ဈေးတက်လို့ စက်သုံး ဆီဈေး တက်တယ်။ ဒေါ်လာဈေး ပြန်ကျရင်လည်း စက်သုံးဆီဈေးကို ပြန်ချပေး စေချင်ပါတယ်။ အရင်ကလည်း အခုလို စက်သုံးဆီဈေးတွေ တက်ဖူးပါတယ်။ ဒါပေမယ့် တက်ပြီးရင် ဈေးပြန်မကျတာကိုတော့ သက်ဆိုင်ရာကနေ ထိန်း ညှိပေးစေချင်ပါတယ်” ဟု ပြောသည်။
ယနေ့ ပေါက်ဈေးနှုန်းများ ဒီဇယ်တလီတာ ၁,၀၆၅ ကျပ်၊ ပရီမီယံ ဒီဇယ်တလီတာ ၁,၀၇၅ ကျပ်၊ အောက်တိန်း -92 တလီတာ ၁,၀၃၅ ကျပ်နှင့် အောက်တိန်း-95 ၁,၀၈၅ လီတာ ပေါက်ဈေး ရှိသည်။
ပြည်တွင်း စက်သုံးဆီဈေးသည် ဧပြီ ၂၈ မှ စက်တင်ဘာ ၂၈ ရက် အထိ ငါးလအတွင်း ဒီဇယ် တလီတာ ကျပ် ၂၃၀ ၊ ပရီမီယံ တလီတာ ၂၂၅ ကျပ်၊ အောက်တိန်း-92 တစ်လီတာ ကျပ် ၂၃၀ နှင့် အောက်တိန်း-95 တလီတာ ၂၃၅ ကျပ် ဖြင့် အသီးသီး မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
စက်သုံးဆီ ဈေးနှုန်းကို အရင်းဈေးအောက်ချ ရောင်းနေရသဖြင့် လက်ရှိ တလီတာ ၁၀၀၀ ကျော်မြင့် တက်နေသော ဈေးထက် ဈေးနှုန်းပြန်ကျရန် အလားအလာ မရှိသေးကြောင်း မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က စက်တင်ဘာလ ၂၈ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။
“အမြတ်မရရင်နေ အရင်းတော့ လိုချင်တာပေါ့။ ကျနော်တို့ အခု စက်သုံးဆီဈေးက အရင်ဈေးအောက်ကို ရောက်နေ တဲ့ဈေးမို့ ထပ်ကျဖို့ဆိုတာထက် မကျဖို့က ပိုများတယ်။ တကယ်တမ်းဆို ပြန်တက်ဖို့ပဲ ရှိတယ်လေ။ အမြတ်တခုရ အောင်တော့ သွားရမှာပဲ” ဟု ပြောသည်။
ထို့ကြောင့် စက်သုံးဆီ ဈေးနှုန်းများကို အရင်းဈေးအောက်ချ မရောင်းရန် စက်သုံးဆီ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် ညှိနှိုင်း ထားကြောင်းလည်း ၎င်းက ဆိုသည်။
အရင်းဈေးအောက် လျှော့ရောင်းနေရသည် ဆိုခြင်းမှာ ဒေါ်လာဈေး မြင့်ချိန်တွင် တင်သွင်းရခြင်း၊ ယနေ့ ရောင်းချ သည့် စက်သုံးဆီသည် ရက်သတ္တတပတ် ကြိုတင် ဝယ်ယူရခြင်းကြောင့် ယခုကဲ့သို့ ဒေါ်လာဈေးပြန် ကျချိန်တွင် စက်သုံးဆီဈေး မြင့်နေခြင်း ဖြစ်ကြောင်း ဦးဝင်းမြင့်က ရှင်းပြသည်။
မန္တလေးတိုင်း ဒေသကြီး စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရာင်းချသူများ အသင်းကလည်း အရှုံးခံ ရောင်းချပေးနေကြောင်း ဆိုသည်။
မန္တလေးတိုင်း ဒေသကြီး စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရာင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးသက်ဝေ က “လက်ရှိ ၂ လ ၃ လအတွင်းမှာ ရောင်းချနေတဲ့ စက်သုံးဆီဈေးတွေက နိုင်ငံခြား သွင်းဈေးထက်ကို အောက်ရောက်နေပါတယ်။ ရန်ကုန်ရောက်ဈေးနဲ့ မန္တလေးရောက်ဈေး ယှဉ်ရင် ရောင်းချပေးနေတာက အရင်ဈေးလောက်ပဲ ရှိတာပါ။ လက်ရှိ ဒေါ် လာဈေးက အတက်အကျ တည်ငြိမ်စ ပြုလာတယ် ဆိုပေမယ့်လည်း တရုတ်ငွေဈေးက မြင့်နေတယ်။ မြန်မာကျပ် ငွေက ကျပြီးရင်းကျ နေတော့ စက်သုံးဆီဈေးကို တည်ငြိမ်အောင် ဘယ်လိုမှ ထိန်းမရဘူး ဖြစ်နေတာပေါ့” ဟု ပြောသည်။
လတ်တလော အခြေအနေ၌ အရှုံးပေါ်၍ နယ်မြို့ ဒေသများရှိ စက်သုံးဆီ အရောင်းဆိုင်လေးများမှာ လုပ်ငန်း ရပ်ဆိုင်း ခဲ့ရသည့် ဖြစ်ရပ်များလည်း ရှိနေပြီး ငွေကြေးလိမ်လည် ထွက်ပြေးသူ ၂ ဦးလည်း ရှိနေကြောင်း သိရသည်။
ဒေါ်လာဈေးကျလျှင် စက်သုံးဆီဈေးကျနိုင်ရန် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများကို ပြည်ပမှ တင်သွင်းသည့် စက်သုံးဆီကို လက်ကား ပြန်လည် ရောင်းချရာတွင် အနည်းဆုံး အမြတ် ၀ ရာခိုင်နှုန်းမှ အများဆုံး ၂ ရာခိုင်နှုန်း ထက်ပိုမယူရန်နှင့် လက်လီပြန်လည် ရောင်းချရာတွင်လည်း အများဆုံး အမြတ် ၄ ရာခိုင်နှုန်း ထက် ပိုမယူရန် အသင်း အနေဖြင့် ညှိနှိုင်းထားသည်ဟုလည်း သိရသည်။
ယင်းဈေးနှုန်းများသည် ဖြစ်သင့်သည့် ဈေးနှုန်း ဖြစ်သောကြောင့် လုပ်ငန်းရှင်များ အနေဖြင့်လည်း သဘောတူညီကြပြီး ယင်းအစီအစဉ်ကို စက်တင်ဘာလ၂၉ ရက်တွင် စတင် အကောင်အထည်ဖော်ပြီဟု ဆိုသည်။
(ဒီလှိုင်းဝင်း ပူးပေါင်း ရေးသားသည်။)