မန္တလေးတိုင်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (SMEs) ဖွံ့ဖြိုးလာရန် အတွက် ကဏ္ဍ ၇ ရပ်ကို အခြေခံ၍ စီမံကိန်း ရေးဆွဲထားကြောင်း သတင်း ရရှိသည်။
မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRFCCI)ခန်းမတွင် စက်တင်ဘာလ ၂၇၊ ၂၈ ရက်တို့၌ တိုင်း အဆင့် လုပ်ငန်း စီမံချက် (SMEs Regional Plan) ထွက်ရှိလာရန် အတွက် တိုင်းအတွင်းရှိ လုပ်ငန်း ရှင်များနှင့် သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူ အချို့ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး ရေးဆွဲခြင်း ဖြစ်သည်။
MRFCCI အသင်း လက်အောက်ရှိ SMEs ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဝေက “အကြောင်းအရာ အလိုက် ခေါင်းစဉ်တွေ ခွဲပြီး သက်ဆိုင်ရာ နယ်ပယ်က လုပ်ငန်းရှင်တွေ ဆွေးနွေးကြတယ်။ သူတို့ရဲ့ ဆွေးနွေးချက်တွေ အပေါ် ဘုံတူညီတာ တွေကို ခွဲထွက် စုလိုက်ပြီး Action Plan အနေနဲ့ ရေးဆွဲလိုက်တယ်” ဟု ဧရာဝတီကို ပြောသည်။
ယင်းကဏ္ဍ ၇ ခုမှာ လုပ်ငန်းတူများ ပူးပေါင်းခြင်း၊ နည်းပညာနှင့် အခြေခံ အဆောက်အအုံ၊ စွန့်ဦး တီထွင် လုပ်ငန်း ဆိုင်ရာ အသိပညာမျှဝေခြင်း၊ ငွေကြေး ရရှိခြင်း၊ ပြည်တွင်း ပြည်ပဈေးကွက် ထိုးဖောက် ရှာဖွေခြင်း၊ သဘာဝ ပတ် ဝန်းကျင်ကို မထိခိုက်သည့် Greening SMEs များ ဖြစ်လာစေခြင်းနှင့် အားလုံး ပါဝင်နိုင်သော လုပ်ငန်း အသိုင်း အဝန်း များ ဖြစ်ရန် ဆောင်ရွက်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။
ဦးညွန့်ဝေက “Action Plan နဲ့ပတ်သက်ပြီး ဘာတွေ ဆောင်ရွက်မယ်။ ဘယ်ဟာတွေကို ဦစားပေးမယ်ဆိုတဲ့ ကိစ္စရယ်၊ တချို့က တိုင်းအဆင့်နဲ့ လုပ်လို့ ရနိုင်တယ်။ တချို့ကျ ပြည်ထောင်စု အဆင့် ဆိုတာရှိပေမယ့် ဒါတွေကို အဓိက ဆုံး ဖြတ်ချပြီး ဆောင်ရွက်မှာက တိုင်း SMEs အေဂျင်စီပဲ ဖြစ်ပါတယ်။ ရလဒ်တော့ ထွက်မလာသေးပါဘူး”ဟု ရှင်းပြ သည်။
၂ ရက်ကြာ ဆွေးနွေးချက်များ အရ SMEs အတွက် လုပ်ငန်း စီမံချက် ထွက်ရှိခဲ့ပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက် တာ ဇော်မြင့်မောင် နာယက အဖြစ် တာဝန်ယူထားသည့် SMEs အေဂျင်စီသို့ ပေးပို့ထားပြီး ဖြစ်သည်ဟု ဆိုသည်။
မန္တလေးမြို့ရှိ လမင်းသဇင် သကြားစက် ပိုင်ရှင် ဦးဝင်းဌေးက “Plan ဆွဲပြီးပြီ ဆိုရင် ဒါကို အကောင်အထည် ဖော်မယ့် အဖွဲ့အစည်းက အရေးကြီးပါတယ်။ အဲဒါရှိမှ တိုးတက်နိုင်မယ်။ ပြီးတော့ ဒီအတွက် ဘတ်ဂျက်ကရော ဘယ်ဌာနက ချ ပေးမှာလဲ။ အရင်တုန်းကလည်း ဒီလို ပြဿနာမျိုး ရှိခဲ့တယ်။ Plan တော့ ရှိတယ်။ ဘတ်ဂျက်ကိုကျ ဘယ်ဌာနကမှ ထည့်သွင်း ရေးဆွဲခဲ့တာ မရှိခဲ့တော့ စီမံချက်က စာအုပ်ထဲမှာပဲ ဒီအတိုင်း ကျန်နေတယ်။ ဘာမှဖြစ်မလာခဲ့ဘူး” ဟု ဧရာဝတီကို ပြောသည်။
တိုင်း SMEs အေဂျင်စီ အနေဖြင့် SMEs လုပ်ငန်းများကို လိုင်စင် ပြည့်စုံအောင် ချထားပေးခြင်း၊ သဘာဝ ပတ်ဝန်းကျင် မထိခိုက်သည့် လုပ်ငန်းများအဖြစ် ကူးပြောင်းနိုင်ရန် အသိပညာပေး ဆောင်ရွက်ခြင်း၊ ချေးငွေရရှိမှုတွေ လုပ်သာ ကိုင် သာသည့် ဖြေလျှော့မှုများ ပေးခြင်းနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန် အကူအညီပေးခြင်း တို့ကို ဆောင်ရွက်ပေးနိုင်မည် ဆိုပါက လုပ်ငန်းများ တိုးတက်လာဖွယ် ရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ SME လုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် အကူအညီ ပေးနေသည့် ကုလသမဂ္ဂ စက်မှု ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (UNIDO) မှ နည်းပညာ ပညာရှင် Mr. Luca က “ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ရေရှည် တည် တံ့ပြီး ကောင်းမွန် ခိုင်မာ တဲ့ SMEs တွေမရှိဘဲ စီးပွားရေး ဖွံဖြိုးမှု ဆိုတာ ဖြစ်မလာနိုင်ပါဘူး။ ပြီးတော့ ဒီလုပ်ငန်း တွေ ကပဲ အလုပ်အကိုင် အခွင့် အလမ်းနဲ့ ဆင်းရဲမွဲတေမှုက ရုန်းထွက်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။
မန္တလေးတိုင်းသည် လမ်းပန်း ဆက်သွယ်ရေးတွင် အချက်အချာကျပြီး နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများစွာ ရှိ သည့်အတွက် မြန်မာနိုင်ငံ၏ အရေးပါသော စီးပွားရေး ရပ်ဝန်းတခု ဖြစ်သောကြောင့် မန္တလေးတိုင်း၏ စီးပွားရေး ဖွံ့ဖြိုး မှုသည် နိုင်ငံအတွက် များစွာ အကျိုးသက်ရောက်မှု ရှိလာမည်ဟု ၎င်းက ဆိုသည်။
မန္တလေးတိုင်းသည် မြန်မာနိုင်ငံတွင် SME လုပ်ငန်းများ အများဆုံး ရှိသည့် တိုင်းဖြစ်ပြီး သက်ဆိုင်ရာ ဌာနများတွင် မှတ် ပုံတင်ထားသည့် လုပ်ငန်း အရေအတွက် ၅ သောင်းကျော် ရှိကြောင်း တိုင်း စက်မှု ကြီး ကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီး ဌာနက သိရသည်။