တရုတ်နိုင်ငံသို့ စပါး မှောင်ခို တင်ပို့မှု တားဆီးနိုင်ရန် ရှမ်းပြည်နယ် အစိုးရနှင့် ပူးပေါင်း၍ ဆောင်ရွက်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင် လွင်က ဧရာဝတီသို့ ပြောသည်။
“စပါးကျတော့ ဒီမှောင်ခို ထွက်နေတဲ့ လမ်းကြောင်းကနေပြီးတော့ စုံစမ်းလို့ရတဲ့ အနေအထားလေးကို ရှမ်းပြည်နယ် အစိုးရ အဖွဲ့နဲ့ ညိုနှိုင်း အကြောင်းကြားထားတာပေါ့။ ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှာလည်း တရားမဝင် ကုန်သွယ်မှု တားဆီးရေး အထူးအဖွဲ့ ဆိုတာ ရှိတယ်။ သူတို့ကိုလည်း လှမ်းအကြောင်း ကြားတယ်။ နောက်တခုက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ကိုလည်း တရားမဝင် ကုန်သွယ်မှု တားဆီးပေးဖို့ အကြောင်းကြားထားတယ်” ဟု ၎င်းက ပြောသည်။
ယင်းသို့ တားဆီးရခြင်းမှာ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ စီးပွား/ကူးသန်း ဝန်ကြီး ဌာနသို့ တင်ပြထားသော ကြောင့် အရေးယူဆောင်ရွက်ရန် ပြင်ဆင်ခြင်း ဖြစ်ကြောင်း ဦးခင်မောင်လွင်က ရှင်းပြသည်။
ဆက်လက်၍ ၎င်းက“ပြည်နယ် အစိုးရနဲ့ ညိုနှိုင်းထားတာတော့ သိပ်တော့ မကြာသေးဘူး။ နောက်တခုက ရှမ်းပြည်နယ် အစိုးရ အဖွဲ့က စပါးတွေကို စစ်ဆေးမှု ရှိခဲ့တယ်။ စပါးက ပြည်တွင်းမှာ လွတ်လပ်စွာ သယ်ယူခွင့်လည်း ရှိတော့ လားရှိုး အထိ ရောက်လာရင် ဖမ်းတော့ မဖမ်းဘူး။ နောက်ကြောင်းကို ပြန်လွှတ်တာတော့ ရှိတယ်။ ပြည်ပ တင်ပို့ခွင့် မရှိတော့ တင် ပို့ရင်တော့ အရေးယူ ဆောင်ရွက်ပေးမှာ ရှိတယ်”ဟု ဆိုသည်။
စပါးကို ပြည်ပသို့ တင်ပို့လျှင် ကုန်ကြမ်း ပစ္စည်းများ ဖြစ်သော တိရစ္ဆာန် အစာထွက် ပစ္စည်းများ ပြည်တွင်း၌ ရှားပါးလာ နိုင်ခြင်းကြောင့် ပြည်ပ တင်ပို့ခွင့်ကို ခွင့်မပြုခြင်း ဖြစ်ကြောင်း ဦးခင်မောင်လွင်က ပြောသည်။
အကယ်၍ တင်ပို့လျှင် ပို့ကုန်/သွင်းကုန် ဥပဒေ အရ သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးကို ချမှတ်နိုင်သည်ဟု စီးပွား/ကူးသန်းက သိရသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) လက်အောက်ရှိ နယ်စပ် ကုန်သွယ်ရေး မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှဦးက “နယ်စပ်ကနေ တရုတ်ဘက်ကို စပါးတွေ သွားနေတာတော့ တော်တော် သွားပါ တယ်။ ကားလေးတွေနဲ့ ၃၊ ၄၊ ၅ တန်လောက် သွားကြတယ်။ တခါ တလေကျ တနေ့ကို ကားအစီး ၄၀၊ ၆၀နဲ့ ၁၀၀ လောက် အထိ သွားကြတယ်။ တခါတလေတော့လည်း အစီး ၂၀ နဲ့ ၃၀ ပေါ့။ မှောင်ခို ဆိုတော့လေ” ဟု ဧရာတီသို့ ပြော သည်။
ယင်းသို့ မှောင်ခိုသွားနေခြင်းကြောင့် ဆန်စက် လုပ်ငန်းရှင်များ အတွက် ကုန်ချော ထုတ်လုပ်မှု အပိုင်း၌ အနည်းငယ် အခက်အခဲ ဖြစ်ရကြောင်း ၎င်းက ဆိုသည်။
ထိုကဲ့သို့ တရုတ်သို့ စပါးများ တရားမဝင် သွားနေခြင်းမှာ ၃၊ ၄ နှစ်ခန့် ရှိနေပြီး ယခု နောက်ပိုင်း၌ ပို၍ များလာခြင်း ဖြစ် ကြောင်း ဦးလှဦးက ပြောသည်။
ယင်းသို့ စပါးများကို ဝယ်ယူခြင်းမှာ မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်ချောများကို ဝယ်ယူခြင်းထက် ဈေးပိုသက်သာခြင်း၊ စပါး ဝယ်ယူပြီး တရုတ်ပြည်မသို့ ပြန်လည် တင်ပို့သည့် အခါ အမြတ်ငွေများ ရရှိခြင်းတို့ကြောင့် စပါးဝယ်ယူမှု ပိုမို ပြုလုပ် လာကြကြောင်း ဈေးကွက် အတွင်းက သိရသည်။
ဆက်လက်၍ ဦးလှဦးက “ဖမ်းဖို့ ပြောနေတာ ကြာပါပြီ။ မူဆယ်ဘက်ကလည်း တရားမဝင် ကုန်သွယ်မှုက တော်တော် များ လာတာလေ။ များလာတော့ စပါးတခုတည်း ရည်ရွယ်ပြီး လုပ်တာတော့ မဟုတ်ဘူး။ တခုလုံး ခြုံငုံပြီး လုပ်တာ။ အရင်ထဲက လုပ် တာပါ။ ဒါပေမယ့် မြောက်ပိုင်းမှာ နယ်မြေ အခြေအနေအရ တော်တော်လေး ရှှုပ်ထွေးတာလေ။ အဖွဲ့ အစည်းတွေက တော်တော်များတာလေ။ အစိုးရက အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းတွေရော၊ အစိုးရနဲ့ အဆင်မပြေတဲ့ အဖွဲ့တွေရော အဖွဲ့ အစည်းတွေက၂၀ ကျော်တယ်။ အဲဒီတော့ သူတို့ ရပ်တည်ဖို့ လမ်းကြောင်းက မှောင်ခိုလမ်းကြောင်းပဲ အားပြုရတယ်”ဟု ပြောသည်။
လက်ရှိ အခြေအနေများမှာ ကုန်သွယ်ရေး အနေနှင့် တရားမဝင် ကုန်သွယ်မှု တားဆီးရေး ကိစ္စရပ်များကို အစိုးရ အနေ ဖြင့် လုပ်ဆောင်သော်လည်း တရားမဝင် ကုန်သွယ်ရေး လုပ်ငန်းများ အားလုံး ပပျောက်နိုင်သည်ဟု ယူဆ၍ မရနိုင် ကြောင်း ၎င်းက ပြောဆိုသည်။
ယင်းသို့ စပါး အတိုင်းသာ ပြည်ပသို့ ထွက်မည် ဆိုပါက မွေးမြူရေး လုပ်ငန်းများမှာ ဆန်ဘေးထွက် ပစ္စည်းများကို အမှီ ပြု နေရသဖြင့် အစာ ဈေးနှုန်းရှားပါးခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ပြည်တွင်း ကြက်၊ ဝက်၊ ငါး ဈေးနှုန်း များလည်း တက်လာနိုင်သည် အထိ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထိခိုက်မှုများ ရှိလာနိုင်ကြောင်း ဆန်စပါး လုပ်ငန်း ရှင် တချို့က ပြောဆိုကြသည်။
စပါးများ မှောင်ခို ထွက်နေသည့် ပုံစံမှာ ပြည်နယ် အတွင်းရှိ ပြည်သူ့စစ်များက ၎င်းတို့၏ စားနပ်ရိက္ခာ အတွက် သယ်ယူ ရာတွင် တရားဝင် ခွင့်ပြုချက်နှင့် သွားခြင်းကိုနွှယ်၍ မှောင်ခိုသွားနေခြင်းများလည်း ရှိကြောင်း၊ အဓိက အားဖြင့် မူဆယ် ဘက် လမ်းကြောင်းထက် နမ့်ခမ်း လမ်းကြောင်းဘက်မှ သွားနေခြင်းမှာ ပိုများကြောင်း ကုန်သည်များက ဆိုသည်။
ယခု စပါးတင်း တရာလျှင် ငွေကျပ် ၅ သိန်းကျော်မှ ၆ သိန်း ၃ သောင်းကျော်အထိ တရုတ် ကုန်သည်များက ဝယ်ယူမှု ရှိနေကြောင်း သိရသည်။