တနိုင်တပိုင် လုပ်ကိုင်သည့် ရွှေလုပ်ကွက်များ ချထားပေးရန်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရက စိစစ်လျက် ရှိကာ ပြည်ထောင်စုအစိုးရက ခွင့်ပြုချက်ရရှိပါက အမြန်ဆုံး ချထားပေးသွားမည်ဟု မန္တလေးတိုင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က ဧရာဝတီကို ပြောသည်။
ဦးမျိုးသစ်က “လောလောဆယ် လုပ်ကွက်တွေ မချပေးသေးဘူး။ ချထားပေးဖို့ လက်လုပ်လက်စား၊ အသေးစား ရှိ တယ်။ အဲဒါတွေကို မြို့နယ်အဆင့် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အစီအစဉ်နဲ့ သတ္တုတွင်းက အကုန်ပြန် စိစစ်နေတယ်။ အဲဒါပြီးရင် ပြည်ထောင်စု တင်မယ်။ ခွင့်ပြုရင် လုပ်ကွက်ချပေးလို့ရပြီ”ဟု ဆိုသည်။
မန္တလေးတိုင်း သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်တို့တွင် တနိုင်တပိုင် တူးဖော်လိုသူ ဒေသခံများမှာ တူးဖော်ခွင့်လိုင်စင်ကို တိုင်းအစိုးရထံ လျှောက်ထားရမည် ဖြစ်သော်လည်း လုပ်ကွက်များ ပြန်လည်စိစစ်ဆဲကာလဟု ဆိုကာ လျှောက်လွှာ ခေါ်ယူခြင်း မပြုသေးပေ။
လက်ရှိတွင် လိုင်စင်ဖြင့် တူးဖော်မှု လုပ်နေသည့် လုပ်ကွက်များ ဟုတ်၊ မဟုတ်အား သယံဇာတနှင့် သဘာ၀ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း (အထက်မြန်မာပြည်) က စိစစ် လျက် ရှိပြီး ယင်းအတွက် တိုင်းအစိုးရအဖွဲ့နှင့် အစည်းအဝေး ခြောက်ကြိမ် ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။
သပိတ်ကျင်းမြို့မှ လက်လုပ်လက်စား ရွှေတူးဖော်ခွင့်လိုင်စင် လျှောက်ထားသူ ကိုတင်ဇော်ဦးက“လုပ်ကွက် လိုင်စင် အတွက် သက်ဆိုင်တဲ့ဌာနက တရားဝင်တော့ လျှောက်လွှာ မခေါ်သေးပေမယ့် ကျနော်တို့က နည်းဥပဒေမှာပါတဲ့ အချက်တွေနဲ့အညီတော့ လုပ်ကွက်လျှောက်ထားတယ်။ ဒါပေမယ့် အခုထိ ရတာလား၊ မရတာလားဆိုတာ မသိရသေး ဘူး။ ဒေသခံက တရားဝင်လုပ်ချင်ပေမယ့် အခုလို ကြန့်ကြာနေတော့ ရွှေထွက်တဲ့ဒေသမှာ ရွှေမလုပ်ရရင် ဒေသခံ အတွက် စားဝတ်နေရေး ပြဿနာ ရှိလာနိုင်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
မန္တလေးတိုင်းတွင် ရွှေထွက်သည့်ဒေသများမှာ သပိတ်ကျင်း၊ စဉ့်ကူး၊ ရမည်းသင်းမြို့နယ်တို့ ဖြစ်သည်။ ရှေးယခင်ကတည်းက သပိတ်ကျင်းနှင့် စဉ့်ကူးရှိ ဒေသခံများမှာ လက်လက်လုပ်စားအဖြစ် တနိုင်တပိုင် တူးဖော်ခဲ့ကြ သော်လည်း သတ္တုတွင်း ဥပဒေအရ တရားမဝင်ခဲ့ပေ။
ထို့ကြောင့် နောက်ဆုံး ထွက်ရှိသည့် သတ္တုတွင်းဥပဒေတွင် သက်ဆိုင်ရာ တိုင်းအစိုးရအဆင့်က ဒေသခံများအတွက် လက်လုပ်လက်စား လုပ်ကွက်များ ချထားပေးခွင့်ရှိပြီး ယင်း အတွက် တရားဝင် လျှောက်ထားရယူနိုင်ကြောင်း ပြဋ္ဌာန်း ထားသည်။
သို့သော် တိုင်းအစိုးရက တရားဝင် လျှောက်လွှာခေါ်ယူခြင်း မရှိသေးသည့်အတွက် ယင်းပြဋ္ဌာန်းချက်အရ သပိတ်ကျင်း နှင့် စဉ့်ကူးဒေသခံများက တနိုင်တပိုင် တူးဖော်ခွင့် လျှောက်ထားလိုကြောင်း အစိုးရထံ တင်ပြမှုများ ရှိသော်လည်း တိုင်း အစိုးရ၏ မူဝါဒပိုင်းအရ အားနည်းမှုများ ရှိနေသည့်အတွက် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း ရွှေလုပ်ကွက် လျှောက် ထားသည့် ဒေသခံများက ဝေဖန်လျက် ရှိသည်။
တိုင်းသယံဇာတဝန်ကြီး ဦးမျိုးသစ်က“မြန်အောင်တော့ တတ်နိုင်သလောက် လုပ်နေပါတယ်။ ဘဏ္ဍာနှစ်ကို မစောင့်ပါ ဘူး။ ဘယ်တော့ချပေးမလဲဆိုတာ ကိုယ်မြန်ပေမယ့် ပြည်ထောင်စု ကြာနေရင်တော့ ပြောဖို့ခက်မယ်လေ။ ပြည်ထောင် စု မှာကျ တိုင်းကတင်လာတဲ့ လုပ်ကွက်တွေက ထပ်တာ ရှိ မရှိ၊ ဘယ်အကွက်က အသေးစား၊ အလတ်စား ဆိုပြီး ပညာ ရှင် တွေ စိစစ်ရတယ်။ အဲဒါ ရပြီဆိုရင် ခွင့်ပြုချက် ရပြီ”ဟု ဧရာဝတီသို့ ရှင်းပြသည်။
သပိတ်ကျင်းနှင့် စဉ့်ကူးဒေသတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တနိုင်တပိုင် လက်လုပ်လက်စား ရွှေလုပ်ကွက်များ ချထားပေးခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ထပ်မံချထားပေးခဲ့ခြင်း မရှိတော့ဘဲ ယခုနှစ်ကျမှသာ စတင်ချထားပေး ရန် ပြန်လည်စီစဉ်နေခြင်း ဖြစ်သည်။
လက်ရှိတွင် သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်တို့၌ လုပ်ကိုင်ခွင့်ရထားသည့် ရွှေတူးဖော်ရေး လုပ်ကွက်ပေါင်း ၂၀၀ နီးပါး ရှိကြောင်း အမှတ် (၂) သတ္တုတွင်းလုပ်ငန်း (အထက်မြန်မာပြည်) ၏ ကိန်းဂဏန်းများအရ သိရသည်။