တပ်မတော်နှင့် နှစ်ဘက်သဘောတူ လက်မှတ်ထိုးသည့် နားလည်မှုစာချွန်လွှာကို ဇေကမ္ဘာ ကုမ္မဏီဘက်က ချိုးဖောက်ခဲ့သောကြောင့် တပ်မတော်ပိုင် မြေပေါ်တွင် ဆောက်လုပ်မည့် တရုတ်နှင့် စာချုပ်ချုပ်ထားသည့် အမေရိကန်ဒေါ်လာသန်း ၅၀၀ တန် မြရိပ်ညို အထပ်မြင့်အဆောက်အဦ စီမံကိန်း အစီအစဉ်ကို တပ်ဘက်က ပိတ်ပင် ရပ်ဆိုင်းလိုက်သည်။
ရန်ကုန်မြို့တွင် ဇေကမ္ဘာကုမ္ပဏီက အမြင့် ၃၈၂ ပေမှ ၄၂၁ ပေအထိရှိ ၁၂ ထပ် ပါ မြရိပ်ညိုအထပ်မြင့်အဆောက်အဦစီမံကိန်းကို တပ်ပိုင် မြေဧက ၁၃ ဧကကျော်ပေါ်၌ တည်ဆောက်ရန် စီစဉ်ခဲ့သည်။
ဇေကမ္ဘာ ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေ၏ ယခင် ပြောကြားချက်အရ ၂၀၂၀ ပြည့်နှစ် ပြီးသတ်ရန်လျာထားသည့် အဆိုပါစီမံကိန်းသည် ရန်ကုန်အတွက် အထင်ကရ ရင်းနှီးမြှပ်နှံမှုဖြစ်ပြီး၊ ဟိုတယ်နေရာနှင့် ဝန်ဆောင်မှုလုပ်ငန်းတိုက်ခန်းများပါ ပါဝင်ပြီး စီမံကိန်းကန်ထရိုက်တာမှာ တရုတ်နိုင်ငံ ဆောက်လုပ်ရေးကော်ပိုရေးရှင်း CSCEC ဟု သိရသည်။
မြရိပ်ညို အထပ်မြင့် စီမံကိန်းကို ဆက်လက် လုပ်ဆောင်ခြင်း မပြုရန် နှင့် လုပ်ငန်း ပိတ်သိမ်းကြောင်းကို ဇေကမ္ဘာ ကုမ္မဏီသို့ မေလ က အကြောင်းကြားခဲ့ကြောင်း ဗုဒ္ဒဟူးနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်မှ ပြောကြားသည်။
ထိုသို့ တပ်မတော် မှ ပြောကြားချက်သည် ဟူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဟေ ဘောင်ရှင်း နှင့်ကိုယ်စားလှယ်အဖွဲ့ ယခင်လက ယင်းစီမံကိန်းတည်နေရာကို လာရောက်ကြည့်ရှုခဲ့ပြီး၊ စီမံကိန်းအမည်ကို Yangon New World Project ဟု ကုမ္ပဏီက ပြောင်းလဲခဲ့ ပြီး ရက်သတ္တ ၁ ပတ်ကျော်၌ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို ဟူနန် ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှုး ခရီးစဉ်အတွင်း မြရိပ်ညို စီမံကိန်း၏ ရင်းနှီးမြှပ်နှံမှု ၄၀ ရာခိုင်နှုန်းမှာ ဇေကမ္ဘာက ထည့်ဝင်ခြင်းဖြစ်ပြီး ကျန် ၆၀ ရာခိုင်နှုန်းမှာ တရုတ်ကုမ္ပဏီထံမှ ဖြစ်ကြောင်း ဦးခင်ရွှေက ပြောကြားခဲ့သည်။
စစ်ထောက်ချုပ်ရုံးနှင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလက လက်မှတ်ရေးထိုးခဲ့သော သဘောတူစာချုပ်ကို ဇေကမ္ဘာကုမ္ပဏီက လိုက်နာခြင်း မရှိကြောင်း ရန်ကုန်မြို့ရှိ တပ်ပိုင် မြေများကို စီမံခန့်ခွဲသည့် တပ်မြို့ စည်ပင်အတွင်းရေးမှူး ဦးမိုးမင်းဝင်းက ပြောသည်။
အဆိုပါ သဘောတူညီချက်ဖြင့်အရ မြေအသုံးပြုငှားရမ်းခ ပရီမီယံကြေး စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၃၂၉ သန်း ကို နှစ်နှစ်အတွင်း ငါး ကြိမ်ခွဲ ပေးသွင်းရန် ဖြစ်သော်လည်း ဇေကမ္ဘာ ကုမ္မဏီ အနေဖြင့် နှစ်ကြိမ်သာ ပေးသွင်း ရသေးကြောင်း ၎င်းက ရှင်းပြသည်။
“ကျနော်တို့ဘက်က အကြိမ်ကြိမ် သတိပေးပေမယ့် ယနေ့အထိ ပေးသွင်းမှု မရှိပါဘူး” ဟု ဦးမိုးမင်းဝင်းက ပြောသည်။
ငွေပေးသွင်းရန် ပျက်ကွက်ခဲ့သည့်အပြင် ဇေကမ္ဘာ ကုမ္မဏီ အနေဖြင့် စီမံကိန်းမြေဧရိယာအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အဦများကို ဖြိုဖျက်ခဲ့ကြောင်း၊ မြေအသုံးပြုခွင့် ပရီမီယံကြေး ဒုတိယအသုတ် ပေးသွင်းပြီးချိန်တွင် မြေအနေအထား စမ်းသပ်မှုပြုရန် စာချုပ်တွင် သဘောတူထားသော်လည်း လက်တွေ့တွင် ကျော်လွန်ပြီး မြေရှင်းသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း တပ်မြို့ စည်ပင်အတွင်းရေးမှူးက ဖြည့်စွက်ပြောသည်။ ယင်းစီမံကိန်းအတွက် မည်သည့်နိုင်ငံခြားရင်းနှီးမြှပ်နှံကိုမှ ခွင့်ပြုထားခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“BOT စာချုပ် မချုပ်ရသေးဘဲ လက်မှတ်ရေးထိုးထားခြင်း မရှိပေမယ့်လည်း အဲဒီမြေပေါ်မှာ ကုမ္ပဏီက စီမံကိန်းနဲ့ဆိုင်တဲ့ အဆောက်အဦတွေ ဆောက်ခဲ့ပါတယ်။ အဲဒါကြောင့် သူတို့ လုပ်နေတာကို ကန့်ကွက်တဲ့ အကြောင်း၊ ဇေကမ္ဘာ ကုမ္မဏီကို တပ်ပိုင်မြေပေါ်မှာ စီးပွားရေး ဆက်ပြီး ပေးမလုပ်ဘူး ဆိုတာ အကြောင်းကြားထား ပြီး ဖြစ်ပါတယ်” ဟု ဦးမိုးမင်းဝင်းက ပြောကြားသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်တောင်းခံရန် ဦးခင်ရွှေ ထံသို့ ဗုဒ္ဒဟူးနေ့ ညပိုင်းတွင် ဆက်သွယ်ရာ အဆက်အသွယ် မရရှိခဲ့ပါ။
ယင်းသို့ သဘောတူစာချုပ်ချိုးဖောက်ခဲ့ခြင်းအပြင် မြရိပ်ညို အထပ်မြင့်အဆောက်အဦစီမံကိန်းသည် စတင်စဉ်ကတည်းကပင် အများပြည်သူစိုးရိမ်စရာ ဖြစ်ခဲ့သည်။ ယင်းမြေကို ယခုနှစ်အစောပိုင်းက စတင်ရှင်းလင်းခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့်ကပ်လျက် ရှိနေသည့် ၉၂ နှစ်သက်တမ်းရှိ ရေလှောင်ကန်ပြိုကျမည့်ဘေးကို အများပြည်သူက စိတ်ပူကြသည်။ ထိုသို့ အများပြည်သူစိုးရိမ်ပူပန်ခြင်းကို တပ်မတော် အနေဖြင့် သိရှိပါကြောင်း ဗုဒ္ဒဟူးနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မြို့ စည်ပင်အတွင်းရေးမှူးက ပြောသည်။
ဦးခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံရှိ အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီများအနက် တခုဖြစ်သည်။ ၎င်း၏သမီးသည် ယခင်စစ်အစိုးရလက်ထက် တတိယအာဏာအရှိဆုံးခေါင်းဆောင်ဖြစ်သူ ဦးရွှေမန်း၏ သားနှင့် လက်ထပ်ထားသည်။ သို့သော် ဦးရွှေမန်းသည် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါသော မဟာမိတ်တဦးဖြစ်နေပြီး တပ်ကမူ သူ့ကို ဘက်ပြောင်းသူဟု အမြင်ရှိသည်။
(Myanmar Military Shuts Down Chinese-Contracted $500M High-Rise Project ကို ဆီလျော်အောင် ဘာသာပြန်သည်။)