ဥရောပသမဂ္ဂသည် ရခိုင်ပြည် မြောက်ပိုင်း အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို ကုန်သွယ်ရေး ဒဏ်ခတ် အရေးယူရန် စဉ်းစားနေသောကြောင့် ကမ္ဘာ့အကြီးမားဆုံး ကုန်သွယ်ရေးအုပ်စု၏ အခွန်ကင်းလွတ်ခွင့် ဆုံးရှုံးမည့် အလားအလာ ရှိနေကြောင်း ဥရောပသမဂ္ဂ (EU) အရာရှိသုံးဦး ကို ကိုးကား၍ ရိုက်တာ Reuters သတင်းတပုဒ်က ဆိုသည်။
ဥရောပကော်မရှင်တွင် လက်ရှိ ဆွေးနွေးနေသော အရေးယူမှုများ၌ မြန်မာအတွက် အကျိုးအမြတ်များလှသော အထည်ချုပ် လုပ်ငန်းပါဝင်နေပြီး ထိုလုပ်ငန်းမှ အလုပ်အကိုင် ထောင်ပေါင်းများစွာအတွက် အန္တရာယ် ကျရောက် နိုင်သည်။ ချက်ခြင်း အရေးယူမည် မဟုတ်သေးသော်လည်း ဥရောပသမဂ္ဂ (EU) က “လူမျိုးစု သုတ်သင်ခြင်း”ဟု ၎င်းတို့ သတ်မှတ်ထားသည့် ကိစ္စအတွက် ဖိအားပေးရေး လက်နက် ဖြစ်လာသည်။
မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးပိတ်ဆို့မှု လုပ်သင့် မလုပ်သင့် ၆ လကြာ ပြန်လည်သုံးသပ်ခြင်းသည် EU ၏ မူဝါဒ ကြီးမားစွာ ပြောင်းလဲသွားခြင်းကို ပြသနေသည်။ ထို ၆ လတာ ကာလအတွင်း မြန်မာနိုင်ငံက လူသားချင်း စာနာမှုနှင့် ဒီမိုကရေစီ သတ်မှတ်ချက်များ ပြည့်မီပါက ထိုသို့ သုံးသပ်ခြင်းကို ရုပ်သိမ်းပေးမည် ဖြစ်သည်။
ထိုသို့ အရေးယူရန် ဖြစ်စေသော အကြောင်းရင်းမှာ သြဂုတ်လက ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာတွင် မြန်မာ့ တပ်မတော်သည် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ များကို လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲထားသောကြောင့် ဖြစ်သည်။ ထို့အပြင် အမေရိကန်နိုင်ငံကလည်း လုပ်ဆောင်ခဲသော လုပ်ရပ်အဖြစ် မြန်မာ တပ်မ နှစ်ခုစလုံးကို ပိတ်ဆို့အရေးယူ လိုက်သောကြောင့် EU အတွက် တွန်းအားဖြစ်စေကြောင်း အထက်ပါ အရာရှိများက ပြောသည်။
“ကျနော်တို့ရဲ့ အလားအလာရှိတဲ့ ဆောင်ရွက်မှုကြောင့် ပြည်သူတွေကို ထိခိုက်မှာ ကျနော်တို့ စိုးရိမ်နေတယ်။ ဒါပေမယ့် အဲဒီစစ်ဆင်ရေးကို လူမျိုးတုံး သတ်ဖြတ်မှုလို့ ဖော်ပြတဲ့ ကုလသမဂ္ဂ အစီရင်ခံစာကို ကျနော်တို့ လျစ်လျူရှုထားလို့ မရဘူး” ဟု ဥရောပ ကော်မရှင်အတွင်း ဆွေးနွေးပွဲမှ အရာရှိ တဦးက ပြော ပြောကြောင်း ရိုက်တာသတင်းက ဆိုသည်။
ဥရောပ ကော်မရှင်သည် EU ၏ ကုန်သွယ်ရေး မူဝါဒအတွက် တာဝန်ယူသော အဖွဲ့ဖြစ်သည်။
လက်ရှိအချိန်တွင် EU သည် မြန်မာ့တပ်မတော် အရာရှိများကို ခရီးသွားလာခွင့် ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုများ ထိန်းသိမ်းခြင်းတို့ ချမှတ်ထားသော်လည်း မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အရေးယူခြင်းကို မပြုလုပ်သေးပေ။ တပ်မတော်အကြီးအကဲနှင့် အခြား ငါးဦးကို လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအတွက် အရေးယူသင့်သည်ဟု ကုလသမဂ္ဂက ပြောခဲ့သည်။
ကုလသမဂ္ဂ၏ တွေ့ရှိချက်များသည် တဖက်သတ်ဆန်သည်ဟူ၍ မြန်မာနိုင်ငံက ပယ်ချသည်။ လွန်ခဲ့သောနှစ် သြဂုတ်လက စစ်သွေးကြွ တိုက်ခိုက်မှုကို တုံ့ပြန်သော ထို စစ်ဆင်ရေးသည် အကြမ်းဖက်မှု နှိမ်နင်းခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံက ပြောသည်။
EU က မြန်မာကို ပေးထားသော ကုန်သွယ်ရေး အထူးအခွင့်အရေး အခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းလျင် အထည်ချုပ်လုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေမည်ဟု EU အရာရှိများက ယူဆကြသည်။ ဥရောပမှ ထုတ်လုပ်သူများသည် မြန်မာနိုင်ငံတွင် လုပ်အားခ နိမ့်ခြင်းကို အသုံးချပြီး မြန်မာအထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသည့် ဥရောပလုပ်ငန်းများတွင် Adidas, C&A, H&M, Inditex, Next နှင့် Primark စသည့် လက်လီ အရောင်းလုပ်ငန်းများ ပါဝင်သည်။
မြန်မာတပ်မတော်နှင့် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အနေဖြင့် အရပ်သားများကို ကာကွယ်ရန်၊ ဒုက္ခသည်များကို ပြန်လည်နေရာချထားရန် သို့မဟုတ် ရိုက်တာ သတင်းထောက်နှစ်ဦးကို အစိုးရလိျှု့ဝှက်ချက် ဥပဒေဖြင့် ထောင်ချထားခြင်း အပါအဝင် သတင်းလွတ်လပ်ခွင့်ကို တိုက်ခိုက်မှု ရပ်ရန် EU ၏ ပစ်မှတ်ထား အရေးယူမှုများက လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း လူ့အခွင့်အရေး အဖွဲ့များက ပြောသည်။
မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး မျက်နှာသာပေးခြင်းကို ပြန်လည်သုံးသပ်ရန် ဥရောပပါလီမန်က ကော်မရှင်ကို လွန်ခဲ့သောလက တိုက်တွန်းခဲ့သည်။
ကော်မရှင်အတွင်းတွင် သဘောထား ကွဲလွဲမှုများရှိနေပြီး EU ကုန်သွယ်ရေးအကြီးအကဲ ဆက်ဆီလီယာ မန်လ်စထရောင်းက အရေးယူမှု လုပ်ငန်းစဉ် စတင်လိုပြီး EU ၏ သံတမန်အကြီးအကဲ ဖက်ဒါရီကာ မော့ဟီရီနီ မှာမူ သာမန်ပြည်သူများ ထိခိုက်သည့် အရေးယူမှု မလုပ်ရန် EU မူဝါဒကြောင့် သတိထား လုပ်ဆောင် လိုသည်ဟု အထက်ပါအရာရှိများက ပြောသည်။
ကော်မရှင်အကြီးအကဲ ဂျင်းကလောက် ဂျန့်ကာကမူ မည်သည့်သဘောထားမျှ ဖော်ပြခြင်း မရှိကြောင်း သတင်းက ဆိုသည်။
မြန်မာနိုင်ငံမှ ဥရောပသို့ တင်ပို့မှုမှာ ၂၀၁၇ ခုနှစ်က ဒေါ်လာ ၁.၈၁ ဘီလျံရှိပြီး ၂၀၁၂ ခုနှစ်ကထက် ဆယ်ဆ နီးပါးပိုသည်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် EU သည် မြန်မာနိုင်ငံနှင့် လက်နက်မှလွဲပြီး အခြားပစ္စည်းများ ကုန်သွယ်နိုင်သည့် အဆင့်ပေးခဲ့သည်။ EU သည် မြန်မာနိုင်ငံ၏ ဆဋ္ဌမအကြီးဆုံး ကုန်သွယ်ဘက်အဖြစ်နှင့် အရေးပါသော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပင်ရင်း ဖြစ်သည်။
မြန်မာအထည်ချုပ် လုပ်ငန်းသည် ရေနံနှင့်ဓာတ်ငွေ့ပြီးလျှင် အကြီးမားဆုံး နိုင်ငံခြား ငွေရှာသော လုပ်ငန်း ဖြစ်သည်။ လွန်ခဲ့သောနှစ်က ဒေါ်လာ နှစ် ဘီလျံဖိုး တင်ပို့ပြီး အလုပ်အကိုင် လေးသိန်းခွဲ ပံ့ပိုးပေးသည် ဟု မြန်မာအထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ အဆိုအရ သိရသည်။
ကုန်သွယ်ရေး ပိတ်ဆို့လိုက်လျင် စစ်အုပ်ချုပ်ရေး နေအိမ်အကျယ်ချုပ် ၁၅ နှစ်ကြာမှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး သူ၏ ပါတီက လွှတ်တော်နှစ်ရပ်စလုံးတွင် အများစုနှင့် သမ္မတ ရာထူးရစေသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ကူရန် ပေးထားသည့် အခွင့်အရေးများ ဆုံးရှုံးရမည် ဖြစ်သည်။
EU အတွက် အခြား အကန့်အသတ်ရှိသော နည်းလမ်းမှာ အထည်ချုပ်လုပ်ငန်းကို အရေးယူမှုမှ ကင်းလွတ်စေရန် ဖြစ်သည်ဟု အရာရှိတဦးက ပြောသည်။ သို့သော် အထည်ချုပ်လုပ်ငန်းမှာ ကြီးမားလှသောကြောင့် အရေးယူမှုမှာ နာမည်မျှသာ ဖြစ်မည်။ အထည်နှင့် ဖိနပ်မှာ မြန်မာနိုင်ငံမှ EU သို့ ပို့ကုန်စုစုပေါင်း၏ လေးပုံသုံးပုံ ကျော်သည်။
EU နှင့် အမေရိကန်ပြည်ထောင်စု နှစ်ခုစလုံးတို့သည် ဒီမိုကရေစီအရေးကို ထောက်ကူရန်နှင့် တရုတ် သြဇာလွှမ်းမိုးမှုကို လျှော့ချရန် စီးပွားရေးတိုးတက်မှုကို အားပေးလိုကြသည်ဟု အထက်ပါ အရာရှိများက ပြောသည်။
အမေရိကန်နိုင်ငံသည် စစ်တပ်အရာရှိ လေးဦးနှင့် ရဲတပ်ဖွဲ့အရာရှိတဦး၊ တပ်ဖွဲ့နှစ်ဖွဲ့တို့ကို သြဂုတ်လက အရေးယူ ပိတ်ဆို့ခဲ့သည်။ လူပုဂ္ဂိုလ် ဒါဇင်ဝက်ခန့်နှင့် အနည်းဆုံး စစ်တပ် စီးပွားရေးလုပ်ငန်းကြီး နှစ်ခုတို့ကို အရေးယူရန် ထပ်မံ စဉ်းစားနေသည်ဟု အမေရိကန် အရာရှိများက ပြောသည်။
အစုလိုက် သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် အခြားရက်စက်မှုများကို အကွက်ချ လုပ်ဆောင်သည်ဟု လွန်ခဲ့သောတပတ်က ထုတ်ပြန်သည့် အမေရိကန်နိုင်ငံခြားရေးဌာန အစီရင်ခံစာ တစောင်က ဆိုသော်လည်း လူမျိုးတုံးသတ်ဖြတ်မှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဟု သုံးစွဲခြင်း မရှိပေ။
သို့သော် ထိုတွေ့ရှိချက်သည်ပင် နောက်ထပ် အမေရိကန် ပစ်မှတ်ထား အရေးယူမှုများနှင့် ဒဏ်ခတ်မှုများ ပြုလုပ်ရန် လုံလောက်သည်ဟု နိုင်ငံခြားရေးဌာန အဆင့်မြင့် အရာရှိတဦးက ပြောသည်။
မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာအကြာ စစ်တပ် တိုက်ရိုက်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ ကူးပြောင်းခဲ့ သောကြောင့် ယခင်သမ္မတ ဘားရက်အိုဘားမား ရုပ်သိမ်းပေးခဲ့သည့် ကျယ်ပြန့်သော စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည် ချမှတ်ရန် အမေရိကန်တွင် ဆန္ဒရှိပုံမရပေ။
တချို့ ဥရောပကုမ္ပဏီများသည် မြန်မာနိုင်ငံကို စီးပွားရေး သပိတ်မှောက်ပြီး ဖြစ်သည်။ ကာတီယာသည် မြန်မာနိုင်ငံမှ ကျောက်မျက် ဝယ်ယူခြင်းကို ဒီဇင်ဘာလ ၈ ရက်နေ့က ရပ်ဆိုင်းခဲ့သည်။
ကိုးကား။ ။ Reuters