စီးပွားရေး

စက်သုံးဆီ ဖြန့်ဖြူးရောင်းချရေး နိုင်ငံခြား ရင်းနှီးမြှုပ်နှံခွင့် ပေးထား ဟု ဦးဇော်ဌေးပြော

စက်သုံးဆီ ဈေးနှုန်းကျဆင်းရေး အစိုးရက ကြိုးပမ်းနေရာတွင် ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံခွင့်ပြုထားပြီးနောက် ကမ္ဘာ့ထိပ်တန်းစွမ်းအင် ကုမ္ပဏီကြီးများက လာရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ဝင်ရောက် ရင်းနှီးမြုပ်နှံ လုပ်ကိုင်ခြင်း မရှိသည့်အတွက် အဆင်ပြေစေမည့် နည်းလမ်းများကို ရှာဖွေနေသည်ဟု နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အောက်တိုဘာလ ၅ ရက်က နိုင်ငံတော်သမ္မတ ရုံးဝန်းအတွင်း ပြုလုပ်သော လက်ရှိ နိုင်ငံရေး၊ စီးပွားရေးအခြေအနေများနှင့် ပတ်သက်သည့် အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အမေရိကန်ဒေါ်လာဈေးနှုန်း ကျဆင်းလာသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ လျော့ကျလာခြင်း မရှိသဖြင့် ပြည်သူများက ဝေဖန်မှုများရှိနေသည့်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အပါအဝင် ဆက်စပ်ဝန်ကြီးဌာနများကို စုံစမ်းမေးမြန်းမှုများ ပြုုလုပ်ထားကြောင်လည်းး ဦးဇော်ဌေးက ပြောသည်။ “အခုပြည်တွင်းမှာ တင်သွင်းတဲ့သူတွေက ဒီလူတွေပဲ တင်သွင်းနေတယ်။ သူတို့က ဈေးနှုန်းတွေ ကိုက်ခြင်း မကိုက်ခြင်း ရှုံးခြင်း မြတ်ခြင်း ဒီပြဿနာတွေလည်း တက်နေတော့ ကျနော်တို့ ပြန်ပြီး မေးမြန်းစိစစ်မှုတွေ လုပ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

စက်သုံးဆီ တင်သွင်းရောင်းချခြင်းကို ယခင်က အစိုးရကသာ လုပ်ကိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် တိုင်းရင်းသားလုပ်ငန်းရှင်များကို တင်သွင်းဖြန့်ဖြူးခွင့်ပေးခဲ့သည့်အပြင် ပြည်ပကုမ္ပဏီများကိုလည်း စွမ်းအင်ဝန်ကြီးဌာနနှင့် JV ဖက်စပ်လုပ်ကိုင်သည့်စနစ်ဖြင့် လက္ကားရောင်းချခြင်းကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ အစိုးရသစ်လက်ထက်၂၀၁၇ ခုနှစ် ဧပြီလ ၁၀ရက်တွင် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က အမိန့်ကြော်ငြာစာ ၁၅/ ၂၀၁၇ ဖြင့် ပြည်ပကုမ္ပဏီများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံခွင့်ပြုခဲ့သည်။

ထိုသို့ ပြည်ပကုမ္ပဏီများ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချခြင်းကဏ္ဍတွင် လာရောက် လုပ်ကိုင်ခြင်း မရှိသေးသည့်အပေါ် ဦးဇော်ဌေးက “လုပ်ပိုင်ခွင့်တော့ အောက်ခြေမှာ ပေးလိုက်ပြီ။ ဒီပြည်ပက စက်သုံးဆီနဲ့ ပတ်သက်တဲ့ အဓိက ရေနံကုမ္ပဏီကြီးတွေ လာရောက်လုပ်ကိုင်တဲ့အခါ အခက်အခဲတွေ ဘာတွေရှိလဲ။ Shell တို့ ဘာတို့ လာဆွေးနွေးတယ်။ သို့သော် တကယ့် လုပ်ကိုင်ခြင်းတော့ မရှိသေးဘူးလို့ တွေ့ရတယ်။ အဓိကကတော့ မြေနေရာလိုမျိုးကိစ္စတွေလည်း ပါဝင်ပတ်သက်နိုင်တယ်။ တခြား ဟာတွေရောပေါ့၊ အစိုးရအနေနဲ့တော့ စွမ်းအင်နဲ့လည်း ဆွေးနွေးနေတယ်။ လူကြီးတွေလည်း ပြန်ပြီး စိစစ်နေတယ်။ ဘယ်လိုပုံစံမျိုးနဲ့ အကောင်းဆုံးလုပ်ရင် အဆင်ပြေမလဲပေါ့နော်” ဟု ပြောသည်။

စက်သုံးဆီဈေးနှုန်း အထိုက်အလျောက် လျော့ကျစေရန် ရည်ရွယ်ကာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်း၊ သံပုရာကန်ရေနံချက်စက်ရုံမှ ထွက်ရှိသည့် ၆၈ ၊ ၇၀ ဂရိတ်ရှိ ဓာတ်ဆီများကို မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း MPTA မှတဆင့် စက်သုံးဆီအရောင်းများသို့ ၁ ဂါလံ ၃၈၀၀ ကျပ်နှုန်းဖြင့် ဂါလံ ၂ သန်း ရောင်းချပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က စက်သုံးဆီဈေးနှုန်းကို အရင်းဈေးအောက် လျော့ရောင်းနေရသဖြင့် တလီတာ ကျပ် ၁၀၀၀ အထက်ဖြစ်နေသော ဈေးနှုန်းထက် ပြန်လည်မကျနိုင်သေးကြောင်း၊ ရောင်းချရန် စက်သုံးဆီများကို တပတ်ကြိုတင် ဝယ်ယူရခြင်းကြောင့် ဒေါ်လာဈေးကျသော်လည်း စက်သုံးဆီဈေးမြင့်နေရခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ပြည်ပမှ တင်သွင်းသည့် စက်သုံးဆီကို လက္ကားပြန်လည်ရောင်းချရာတွင် အမြတ်ကို ၂ ရာခိုင်နှုန်းထက် ပိုမယူရန်၊ လက်လီရောင်းချရာတွင် အမြတ်ကို ၄ရာခိုင်နှုန်းထက်ပိုမယူရန် အတွက် စက်သုံးဆီလုပ်ငန်းရှင်များကို အသင်းအနေဖြင့် ညှိနှိုင်းထားသည်ဟုလည်း ၎င်းက ပြောသည်။

ပြည်တွင်း စက်သုံးဆီဈေးသည် ဧပြီ ၂၈ မှ စက်တင်ဘာလ ၂၈ ရက်အထိ ငါးလအတွင်း ဒီဇယ်တလီတာ ကျပ် ၂၃၀ ၊ ပရီမီယံ တလီတာ ၂၂၅ကျပ်၊ အောက်တိန်း ၉၂ တလီတာ ၂၃၀ ကျပ်၊ အောက်တိန်း ၉၅ တလီတာ ၂၃၅ ကျပ် စသည်ဖြင့် မြင့်တက်ခဲ့သည်။

အောက်တိုဘာ ၆ ရက်က နေပြည်တော် ဆီဈေးကွက်တွင် အောက်တိန်း ၉၂ တလီတာ ၁၀၇၅ ကျပ်၊ အောက်တိန်း ၉၅ တလီတာ ၁၁၂၅ ကျပ်၊ ဒီဇယ် ၁လီတာ ၁၀၉၀ ကျပ်၊ ပရီမီယံ တလီတာ ၁၁၀၀ ကျပ်တို့ဖြင့် ရောင်းချနေလျှက်ရှိသည်။

ဆက်စပ်ဖတ်ရှုရန်တက်လာနေတဲ့ ရေနံဈေးနဲ့ ကုန်သွယ်ရေးစစ်ပွဲကြားက မြန်မာ့စီးပွားရေး 

Loading