ရခိုင်ပြည်နယ်တွင် လူအခွင့်အရေး ချိုးဖောက်သည်ဆိုသော စွပ်စွဲချက်များဖြင့် ဥရောပသမဂ္ဂ(အီးယူ) မှ စီးပွားရေး ပိတ်ဆို့မှုပြုလုပ်ပါက မြန်မာ့ အထည်ချုပ်လုပ်ငန်း များစွာ သက်ရောက်မှုရှိနိုင်ပြီး ထိုသို့ လူထုအပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိခိုက်မှုမရှိစေရန် အစိုးရအနေဖြင့် ကြိုးစားရှင်းပြနေကြောင်း သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ယင်းသို့ ပြောဆိုချက်သည် မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးပိတ်ဆို့မှု ချမှတ်ရန် သင့်/မသင့် အကဲဖြတ် စိစစ်နိုင်ရန် အချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့ကို အီးယူက စေလွှတ်လိုက်ကြောင်း အီးယူ ကုန်သွယ်ရေးမှူးချုပ် စီဆယ်လီယာမယ်စထရောင်းက သောကြာနေ့တွင် ပြောဆိုချိန်နှင့် တပြေးညီဖြစ်သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းအကျပ်အတည်းကြောင့် မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ရန် ဥရောပသမဂက အာရုံစိုက်နေသည်။ မကြာသေးမီက ထုတ်ပြန်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အစီရင်ခံစာတစောင်တွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အခြားစစ်ဗိုလ်ချုပ်ကြီး ၅ ယောက်တို့ကို နိုင်ငံတကာဥပဒေဖြင့် အရေးယူရန် တိုက်တွန်းခဲ့အပြီး အီးယူအနေဖြင့် လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
“ဒီရလဒ်ကို ကျမတို့ ဖယ်ရှားလို့ မရပါဘူး။ အကြောင်းကတော့ မြန်မာနိုင်ငံမှာ ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေလို့ပါပဲ” ဟု ဩစတြီးယားနိုင်ငံ၊ အင်းစဘရတ်စ်မြို့၌ ကုန်သွယ်ရေးဝန်ကြီးများနှင့် အစည်းအဝေးအပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် စီဆယ်လီယာမယ်စထရောင်းက ပြောသည်။
မြန်မာနိုင်ငံမှ တင်သွင်းသည့် ကုန်စည်အများစုအပေါ် အီးယူက ၂၀၁၃ ခုနှစ်တွင် အခွန် ကင်းလွတ်ခွင့်ပြုခဲ့သည်။ လုပ်သားဈေးချို၍ ကုန်သွယ်မှု အကျိုးသစ် အလားအလာကောင်းသော မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံများကို အရှေ့အာရှရင်းနှီးမြှပ်နှံသူများက ဖွင့်လှစ်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်တွင် အထည်ချုပ်လုပ်ငန်းမှ ၄၇ ရာခိုင်နှုန်း ဝယ်ယူခဲ့သဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံး အထည်ချုပ်ပို့ကုန် ဈေးကွက် ဂျပန်ကို ဥရောပက အလျင်အမြန် ကျော်ဖြတ်သွားခဲ့ကြောင်း မြန်မာ့အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ဆိုသည်။ ချည်မျှင်နှင့် အထည်လုပ်ငန်းသည် ၂၀၁၃ ခုနှစ်ကတည်းက နှစ်ဆတိုးတက်လာခဲ့ပြီး ယနေ့ကာလတွင် လုပ်သားပေါင်း အကြမ်းဖျင်း ၅၅၀,၀၀၀ ရှိကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အဆိုအရ သိရသည်။
H&M Hennes & Mauritz၊ AB နှင့် Adidas AG တို့ကဲ့သို့ ဥရောပ အမှတ်တံဆိပ်များ ထုတ်လုပ်မှု၏ ဆုံချက်အဖြစ် မြန်မာနိုင်ငံက ရပ်တည်လာနိုင်ပြီဖြစ်သည်။ H&M အမှတ်တံဆိပ်ဖြင့် မြန်မာနို်င်ငံတွင် လာရောက်လုပ်ကိုင်သော စက်ရုံပေါင်း ၃၀ ကျော်ရှိပြီဖြစ်သည်။
ကုန်သွယ်ရေး ဦးစားပေး အခွင့်အရေးဖြစ်သော အခွန်ကင်းလွတ်ခွင့်ကို ဖယ်ရှားလိုက်ခြင်းသည် မြန်မာနိုင်ငံ၏စက်မှုလုပ်ငန်းများကို ဆိုးရွားစွာထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ရုံးတွင် ပုံမှန်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောဆိုသည်။
“အဓိကအားဖြင့် ကုန်သွယ်ရေး ဦးစားပေး အခွင့်အရေး ရုပ်သိမ်းသွားမယ်ဆိုရင် အထည်ချုပ်လုပ်ငန်း အဓိက ဒုက္ခရောက်မယ်။ အထည်ချုပ် လုပ်ငန်း ဒုက္ခရောက်ရင် အဲဒီမှာ မှီခိုနေတဲ့ အထည်ချုပ်လုပ်သားတွေ အများကြီး အလုပ်လက်မဲ့တွေ ဖြစ်ကုန်မယ်။ နောက်တချက်က အဲ့တာနဲ့ ဆက်စပ် ဖြစ်လာမယ့် စီးပွားရေး ကဏ္ဍ အများကြီး သက်ရောက်မှု ရှိနိုင်တယ်။ ရှိတဲ့ အတွက်လည်း ပြည်သူ လူထုကို တိုက်ရိုက် ထိခိုက်နစ်နာစေမယ့် ဟာမျိုးတွေ ၊ သွယ်ဝိုက်ပြီး ထိခိုက် နစ်နာစေမယ့် ဟာမျိုးတွေ မလုပ်ဖို့ ကျနော်တို့ ရှင်းပြနေတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး မျက်နှာသာပေးခြင်းကို ပြန်လည်သုံးသပ်ရန် ဥရောပပါလီမန်က အီးယူ ကော်မရှင်ကို လွန်ခဲ့သောလက တိုက်တွန်းခဲ့သည်။
အီးယူ ကော်မရှင်အတွင်း သဘောထား ကွဲလွဲမှုများရှိနေပြီး အီးယူ ကုန်သွယ်ရေးအကြီးအကဲ ဆက်ဆီလီယာ မန်လ်စထရောင်းက အရေးယူမှု လုပ်ငန်းစဉ် စတင်လိုပြီး အီးယူ သံတမန်အကြီးအကဲ ဖက်ဒါရီကာ မော့ဟီရီနီ မှာမူ သာမန်ပြည်သူများ ထိခိုက်သည့် အရေးယူမှု မလုပ်ရန် အီးယူ မူဝါဒကြောင့် သတိထား လုပ်ဆောင် လိုကြောင်း ရိုက်တာသတင်းတပုဒ်က ဆိုသည်။
မြန်မာနိုင်ငံမှ ဥရောပသို့ တင်ပို့မှုမှာ ၂၀၁၇ ခုနှစ်က ဒေါ်လာ ၁.၈၁ ဘီလျံရှိပြီး ၂၀၁၂ ခုနှစ်ကထက် ဆယ်ဆ နီးပါးပိုသည်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် အီးယူသည် မြန်မာနိုင်ငံနှင့် လက်နက်မှလွဲပြီး အခြားပစ္စည်းများ ကုန်သွယ်နိုင်သည့် အဆင့်ပေးခဲ့သည်။ အီးယူသည် မြန်မာနိုင်ငံ၏ ဆဋ္ဌမအကြီးဆုံး ကုန်သွယ်ဘက်အဖြစ်နှင့် အရေးပါသော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပင်ရင်း ဖြစ်သည်။
မြန်မာအထည်ချုပ် လုပ်ငန်းသည် ရေနံနှင့်ဓာတ်ငွေ့ပြီးလျှင် အကြီးမားဆုံး နိုင်ငံခြား ငွေရှာသော လုပ်ငန်း ဖြစ်သည်။ လွန်ခဲ့သောနှစ်က ဒေါ်လာ နှစ် ဘီလျံဖိုး တင်ပို့ပြီး အလုပ်အကိုင် လေးသိန်းခွဲ ပံ့ပိုးပေးသည် ဟု မြန်မာအထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ အဆိုအရ သိရသည်။
အီးယူအတွက် အခြားဖြစ်နိုင်ချေရှိသော နည်းလမ်းမှာ အထည်ချုပ်လုပ်ငန်းကို အရေးယူမှုမှ ကင်းလွတ်စေရန် ဖြစ်သည်ဟု အီးယူအရာရှိ အသိုင်းအဝိုင်းက ဆိုနေကြသည်။ နိုင်ငံများ၏အပြုအမှုပြောင်းလဲစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် အီးယူ၏လုပ်ထုံးလုပ်နည်းများတွင် အကြောင်းချင်းရာများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရန် အချိန်ယူစဉ်းစားလေ့ရှိသည်။ အီးယူအဖွဲ့ဝင်နိုင်ငံများနှင့်ဥရောပပါလီမန်တို့နှင့် တိုင်ပင်ရမည်ဖြစ်သည်။
လက်ရှိအချိန်တွင် အီးယူသည် မြန်မာ့တပ်မတော် အရာရှိ အချို့ကို ခရီးသွားလာခွင့် ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုများ ထိန်းသိမ်းခြင်းတို့ ချမှတ်ထားသော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု နှောင့်နှေးစေခြင်းနှင့် တရုတ်ဘက် ပိုမိုအလေးသာစေခြင်းတို့အပေါ် စိုးရိမ်ပူပန်မှုများလည်း ရှိနေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်လက်ထက်တွင် ထိပ်တန်းစစ်ခေါင်းဆောင်များ(သို့မဟုတ်) အရပ်သားခေါင်းဆောင်များကို ပိတ်ဆို့အရေးယူခြင်းအား အီးယူဘက်က မပြုလုပ်ဘဲ ထားသည်။