ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ယော့ဒေါင့်ရွာက မောင့်ကျက်သရေ ခေါင်းပေါင်းလုပ်ငန်းတွေ ကုန်ကြမ်းအဆင့်သာ ထုတ်လုပ်နိုင်ပြီးတော့ ကုန်ချောအဆင့်ထုတ်လုပ်နိုင်ဖို့ နည်းပညာအကူအညီလိုအပ်နေတဲ့ လက်မှုလုပ်ငန်းတခုဖြစ်ပါတယ်။
ခေါင်းပေါင်းလုပ်တဲ့နေရာမှာ လက်အဝင်ဆုံးဖြစ်တဲ့ ခေါင်းပေါင်းကြိမ်ခြင်းကိုသာ ထုတ်လုပ်နိုင်တာဖြစ်ပြီး အဲဒီကြိမ်ခြင်းကို ပိတ်စပတ်၊ ပါကင်လှလှထုတ်ပြီး ကုန်ချောအဆင့်ကို ထုတ်လုပ်နိုင်သူတွေက ပိုမိုအမြတ်ရရှိနေတယ်လို့ ယောဒေါင့်ရွာက မောင့်ကျက်သရေခေါင်းပေါင်း လုပ်ကိုင်နေသူ ဦးဝင်းမောင်ပြောပါတယ်။
“ ခေါင်းပေါင်းကြိမ်ခြင်း လုပ်လာတာ နှစ်ပေါင်း တရာကျော်ပြီ။ ကျနော်တို့ အဘတွေလက်ထက်ကတည်းကလုပ်တာ။ ဘယ်စီးပွားဖြစ်မလဲ ကျနော်တို့က ကုန်ကြမ်းပဲလုပ်တတ်တာဆိုတော့ တဆင့်ပြန်ဝယ်သူတွေက ခေါင်းပေါင်းပိတ်စလေး ပတ်၊ စက္ကူဗူးလှလှလေးနဲ့ ထုတ်ရောင်းတာ ကျနော်တို့ထက် ၁၀ ဆ လောက်မြတ်တယ်” လို့ သူက ရှင်းပြတယ်။
ဦးဝင်းမောင်တို့ရဲ့ ခေါင်းပေါင်းကြိမ်ခြင်းလုပ်ငန်းလိုပဲ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ လုပ်ငန်း ၉၉ ရာခိုင်နှုန်းဟာ အသေးစားအလတ်စားလုပ်ငန်း (SME) တွေဖြစ်ပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသဘက်က SME လုပ်ငန်းတွေဟာ ကုန်ကြမ်းအဆင့်သာ ထုတ်လုပ်နိုင်ကြတာမို့ လုပ်ငန်းချဲ့ထွင်ဖို့၊ တဆင့်မြှင့်တင်ဖို့ အတွက် ငွေ၊ နည်းပညာအရင်းအနှီးနဲ့ ကူညီထောက်ပံ့မှုတွေ လိုအပ်နေကြတာပါ။
အသေးစား၊ အလတ်စား (SME) လုပ်ငန်း ၉၉.၆ ရာခိုင်နှုန်းအထိ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးထား နိုင်တယ်လို့ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန က ပြောပါတယ်။ ဒါပေမယ့် လုပ်ငန်းတိုးချဲ့ လုပ်ကိုင်ဖို့၊ လုပ်ငန်းစတင်ဖို့ ငွေအရင်းအနှီး လိုအပ်နေကြပြီး SME ချေးငွေ ရရှိဖို့ နဲ့ ကူညီထောက်ပံ့မှုတွေ လက်လမ်းမမီသေးတဲ့ လုပ်ငန်းရှင်တွေ များစွာ ရှိနေဆဲပါပဲ။
SME လုပ်ငန်းတွေ ငွေဘယ်လိုချေးမလဲ
နိုင်ငံရဲ့စီးပွားရေးတိုးတက်ဖို့ အဓိကကျတဲ့ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှသာ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက် လာသလို အလုပ်လက်မဲ့လျှော့ချနိုင်ပြီး ပြည်တွင်းဖြစ်ထုတ်ကုန်တွေ အရည်အသွေး ပြည့်ဝလာမှာ ဖြစ်ပါတယ်။ လက်ရှိ NLD အစိုးရရဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်မှာပါဝင်တဲ့ ဒုတိယအချက်မှာ SME လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်မယ်လို့ စီမံကိန်းထည့်သွင်းရေးဆွဲထားပါတယ်။
အစိုးရဘက်က လုပ်ငန်းရှင်တွေကို ချေးငွေထုတ်ပေးတာ၊ နည်းပညာအထောက်အပံတွေ လုပ်ဆောင်ပေးနေတယ် ဆိုပေမယ့် လက်လှမ်းမမီတဲ့ လုပ်ငန်းရှင်တွေကတော့ ညည်းတွားနေဆဲပါ။
“ ချေးငွေရဖို့ ဘယ်လိုမှ မလွယ်ဘူး။ ကျနော်တို့မှာ Business Plan မရှိဘူး။ စာရင်းအင်းနိုင်နင်းမှုအားနည်းတယ်။ အနာဂတ်စီမံကိန်းတွေလည်း ဘာတွေလည်းမလုပ်တတ်ဘူး။ နောက်တခု အပေါင်ပစ္စည်း။ မြို့ပြမဟုတ်တဲ့နေရာက ပြည်သူတွေမှာ ဘာဂရန်မှမရှိလို့ လုပ်ငန်းအောင်မြင်နေလျက်နဲ့ တိုးချဲ့ဖို့ ငွေမရှိလို့ မတိုးတက်တာတွေ အများကြီးပဲ။ ကျနော်တို့က လုပ်ငန်းကိုပဲ ဦးစားပေးကြည့်စေချင်တာ။ ဘဏ်တွေက အပေါင်ပစ္စည်းကိုပဲကြည့်တာ အဲဒီမှာ တော်တော်ပြဿနာတက်တာ” လို့ ပြည်မြို့ ခေတ္တရာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးညီညီအောင်က ပြောပါတယ်။
ရွှေတောင် စည်းလုံးချည်လို့ပြောရင် ကျေးလက်ဒေသက ပြည်သူတွေရဲ့ ထုတ်ကုန်လုပ်ငန်းတခုဖြစ်ပြီး ဈေးကွက်ဝယ်လိုအားကောင်းတဲ့ ပစ္စည်းတခုပါ။ အဲဒီ စည်းလုံချည်တွေကို လက်ရက်ကန်းအဆင့်သာထုတ်လုပ်နိုင်ပြီး စက်ရက်ကန်းအဆင့်တိုးမြှင့်ချင်ပေမယ့် ငွေကြေးအရင်းအနှီး မရှိတာကြောင့် အလုပ်မတွင်ကျယ်ဘူးလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
အဲဒီအပြင် ဈေးကွက်ကိုဖြန့်ချိတဲ့အခါ ၂ လဆိုင်း၊ ၃ လဆိုင်းနဲ့ အထည်ဆိုင်တွေဆီ တိုက်ရိုက်ရောင်းချဖို့ ငွေ မရှိခြင်းကြောင့်လည်း ချက်ခြင်းငွေပေါ်မယ့် ပွဲစားတွေဆီကတဆင့် ရောင်းချနေရတာဖြစ်လို့ ဈေးကွက်ထဲက ရောင်းဈေးရဲ့ တဝက်ကိုသာ ရက်ကန်းလုပ်ငန်းရှင်တွေ ရရှိကြတယ်လို့ သိရပါတယ်။
လက်ရက်ကန်းလုပ်ငန်းတွေအပြင် ကျေးလက်ဒေသက တခြား လက်မှုလုပ်ငန်းရှင်တွေလည်း ငွေကြေးရော နည်းပညာပါ အကူအညီလိုနေတဲ့ လုပ်ငန်းတွေ အများကြီး ကျန်ရှိနေပါသေးတယ်။
“SME တွေအတွက် အခက်အခဲတွေကို သိရှိနားလည်ပြီး အောင်မြင်ဖို့ ဗျူဟာတွေချဖို့နှင့် လက်တွေ့ အကောင်အထည် ဖော်ဖို့ လိုအပ်နေပါတယ်။ ငွေချေးဖို့ကလည်း အဆင့်တွေဖြေလျော့သင့်တာက လိုအပ်တာကို တောင်းဆိုဖို့ SME တွေကိုသင်ကြားပြီး ငွေချေးနိုင်ဖို့ ငွေချေးတဲ့လုပ်ငန်းစဉ်တွေမှာ လိုအပ်ချက်တွေကို ပိုမိုသိရှိဖို့ ဘဏ်တွေနဲ့ ပူးပေါင်း လုပ်ဆောင်သင့်ပါတယ်” လို့ Genius Shan Highlands Coffee တည်ထောင်သူ ဦးငွေထွန်းက အကြံပြုပါတယ်။
မြန်မာအစိုးရနဲ့ ဂျပန်အစိုးရပူးပေါင်းဆောင်ရွက်နေတဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ရဲ့ ပထမအကြိမ် SME လုပ်ငန်းတွေကို ချပေးထားတဲ့ နှစ်ဆင့်ချေးငွေ (Two step loan) ကျပ်သန်းပေါင်း ၅ သောင်း ၇ ထောင်ကျော်ကို ပြည်တွင်း ပုဂ္ဂလိကဘဏ် ၆ ခုဖြစ်တဲ့ ဧရာဝတီ (AYA)၊ ကမ္ဘောဇ (KBZ)၊ မြန်မာနိုင်ငံသားများ ဘဏ် (MCB)၊ မြန်မာ့ ရှေ့ဆောင်(MOB)၊ သမဝါယမ(CB) ဘဏ်တွေနဲ့ အသေးစားနှင့် အလတ်စား စက်မှု ဖွံ့ဖြိုး တိုးတက်ရေး ဘဏ် (SMIDB) ကနေတဆင့် ၂၀၁၅ ကနေ ၂၀၁၇ အထိ ၂၆၉ ဦးကို ထုတ်ချေးပေးထားတယ်လို့ သိရပါတယ်။
SME ချေးငွေဆိုတာ အသေးစားနဲ့ အလတ်စား လုပ်ငန်းရပ်တွေ ဖွံ့ဖြိုးတိုးတက်စေရေး ထည့်ဝင် ရင်းနှီးမြှုပ်နှံဖို့ အစိုးရက ထုတ်ချေးပေးခြင်း ဖြစ်တာကြောင့် ချေးငွေထုတ်ယူမယ့် လုပ်ငန်းရှင်ရဲ့ ကိုယ်ကျင့်တရားမှစပြီး ၎င်း လုပ်ဆောင်ရတဲ့ SME လုပ်ငန်းအတွက် လိုအပ်တဲ့ နည်းပညာပံ့ပိုးပေးမှု၊ လုပ်ငန်းမှာ ငွေကြေး လည်ပတ် သုံးစွဲနေတဲ့ အခြေအနေတွေ၊ စာရင်းအင်းများမှ အစ အသေးစိတ် စနစ်တကျ ဖြစ်စေဖို့ လိုပါတယ်။
SME ဌာနရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ အစိုးရဆီမှာ တရားဝင်မှတ်ပုံတင် ထားတဲ့ လုပ်ငန်းရှင် ၆၇၇၉၈ ဦးရှိပြီး အဲဒီအထဲကမှ ချေးငွေရရှိသူ ၃၀၀ ခန့်ရှိကြောင်း၊ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း ပြည်ပ အဖွဲ့အ စည်းတွေနဲ့ ပူးပေါင်းပြီး ၂၀၁၂ ကနေ ၂၀၁၈ အထိ သင်တန်းပေါင်း ၁ ထောင်ကျော်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ချေးငွေနဲ့ပတ်သက်ပြီး ဘဏ်တွေဘက်က အားနည်းချက်တွေမှာ SME လုပ်ငန်းတွေအကြောင်း နားလည်သူ နည်းပါးခြင်း ဟာလည်း ချေးငွေရရှိဖို့ ခက်ခဲနေတဲ့ ပြဿနာတခုဖြစ်တယ်လု့ိ A Bank ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာစောဒီနိုကူးက ပြောပါတယ်။
“လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ကျနော်သတိထားမိတာကတော့ SME လုပ်ငန်းတွေအတွက် ဘဏ်မှာငွေချေးလို့ရမယ်ဆိုတာ သိနေကြပါပြီ။ တခုပြဿနာရှိတာက ဘဏ်ဝန်ထမ်းတွေဘက်ကလည်း SME လုပ်ငန်းအသစ်ဖြစ်တဲ့အတွက် ဘယ်လို စာရွက်စာတမ်းတွေပေးရမယ်ဆိုတာလည်း မသိဘူး။ ဘဏ်အထဲထဲမှာကို လုပ်ထုံးလုပ်နည်းတွေ မရှင်းလင်းတဲ့ အခါကျတော့ ဝန်ထမ်းတယောက်ကိုမေးရင် တမျိုးပြောတယ်။ နောက်တယောက်မေးရင် နောက်တမျိုးပြောတယ်” လို့ စောဒီနိုကူးက ပြောပါတယ်။
ချေးငွေ ဘာလို့ မရကြတာလဲ
ဘဏ်တွေမှာ SME လုပ်ငန်းတွေအတွက် ငွေချေးမယ်ဆိုရင် SME ဌာနကထုတ်ပေးတဲ့ SME ကဒ်ရယ်။ အပေါင်ထားမယ့် ပစ္စည်း၊ မြေ၊ လုပ်ငန်းလိုင်စင်တွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းမူရင်းတွေလိုအပ်မယ်။ စီးပွားရေးစီးမံကိန်း(Business Plan)၊ ငွေစာရင်းရှင်းတမ်းနဲ့ တရားဝင်အမြတ်ခွန်ဆောင်ထားတဲ့ စာရွက်စာတမ်းတွေ ရှိရပါမယ်။ ဒါမှသာ ဘဏ်တွေက ငွေလာချေးတဲ့လုပ်ငန်းရှင်တွေ စီးပွားရေးကို ဘယ်လိုလုပ်ကိုင်ဆောင်ရွက်နေသလဲ ဆိုတာကိုကြည့်ပြီး ငွေချေးဖို့ ဆုံးဖြတ်ကြတာဖြစ်ပါတယ်။
ငွေချေးသူတွေဘက်မှာလည်း အားနည်းချက်များရှိတာကြောင့် ဒေသအလိုက် ဒေသနဲ့ကိုက်ညီမယ့် စည်းမျဉ်း စည်းကမ်းချက် တွေ ပြန်ထုတ်ပြီး သင့်တော်တဲ့စံချိန်စံနှုန်းတွေ ပြန်လည်ထုတ်ပေးသင့်သလို ပုဂ္ဂလိကဘဏ်တွေက သတ်မှတ်ထားတဲ့ လုပ်ငန်းစံနှုန်းတွေနဲ့ တတိုင်းပြည်လုံးသတ်မှတ် လုပ်ဆောင်နေခြင်းကြောင့်လည်း ရသင့်ရထိုက်တဲ့ လုပ်ငန်းရှင်တွေ မရရှိခဲ့တာလို့ ခေတ္တရာစက်မှုဇုန် ဥက္ကဋ္ဌ ဦးညီညီအောင်ကရှင်းပြပါတယ်။
အဲဒီအပြင် SME နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စောင့်ကြည့်ပြီး ဘဏ်တွေမှာ အထောက်အထား အတုတွေနဲ့ လိမ်လည်ငွေချေးသူတွေလည်း ရှိသလို၊ အသေးစား၊ အလတ်စားလုပ်ငန်းတွေထက် အကြီးစား စက်မှုလက်မှုလုပ်ငန်းရှင်တချို့ကပါ SME လုပ်ငန်းကို ချပေးထားတဲ့ ချေးငွေကို လာရောက်ချေးငှားသူတွေလည်း ရှိပါတယ်။
ချေးငွေရယူလိုသူတွေအနေနဲ့လည်း စနစ်တကျ စီးပွားရေး စီမံကိန်းမျာ းချမပြနိုင်ခြင်း၊ စာရင်းအင်း အတုတွေနဲ့ ဘဏ်တွေကို လာရောက်ချေးငှားခြင်းတွေနဲ့ စာရင်းအင်းအတု လုပ်ပေးတဲ့ စာရင်းကိုင်တွေနဲ့ ငွေချေးသူဆီက ကော်မရှင်ပြန်ယူတဲ့ ဘဏ်ဝန်ထမ်းတွေကြောင့်လည်း ထိခိုက်နစ်နာမှုတွေ ရှိခဲ့တယ်လို့လည်း A Bank မှအလုပ်အမှုဆောင် ဒါရိုက်တာ စောဒီနိုကူး ကပြောပါတယ်။
“မှတ်တမ်းပြုစုထားတာ မရှိဘူး။ သူတို့ Business Plan တွေက ခေါင်းထဲမှာပဲ ရှိနေတယ်။ မေးလိုက်ရင် ကျနော်သိတယ် ဒါတွေ လုပ်ဖူးတာပေါ့။ စာရင်းပြပါဆို စာရင်းပြနိုင်တဲ့လူ သိပ်မရှိဘူး။ ၈၀ ရာခိုင်နှုန်းက မရှိဘူး။ မရှိတဲ့အခါ ကျနော်တု့ိ ဘဏ်တွေက သူတို့ ဝင်ငွေထွက်ငွေကြည့်လို့မရတဲ့အခါ ဘဏ်တွေက စာရင်းကိုင်လက်မှတ်ပါတဲ့ စာရင်းအင်းကို ယူလာခဲ့ဆိုတော့ ကျနော်တို့နိုင်ငံရဲ့ ထုံးစံအတိုင်း အတုတွေထုတ်ပြီး စာရင်းတွေဆွဲခိုင်းတယ်။
တကယ်တမ်း အဲဒီစာရင်းတွေက မှန်လား ဆိုတော့လည်း မမှန်ဘူး။ အကုန်လုံးက အင်(အတု)တွေကြီးပဲလေ။ နောက်ဆုံးတော့ ပိုက်ဆံရ သွားတာက စာရင်းကိုင်တွေပဲ ရသွားတယ်။ အဲဒါတွေနဲ့ လာလျှောက်တော့ ဘဏ်မှာ မရတာ များတယ်။ လေး ငါးသိန်းက အလကားကုန်သွားတယ်” လို့ သူက ရှင်းပြတယ်။
အဲဒီအပြင် ပုဂ္ဂလိကလုံခြုံရေးအရ ချေးငွေရရှိတဲ့သူရဲ့ အချက်အလက်တွေကို အသိမပေးရဘူးဆိုတဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး လုပ်ငန်းရှင်တဦးက ဘဏ် ၂ ခု၊ ၃ ခုမှာ အပေါင်ထားတဲ့ အထောက်အထားအတုတွေနဲ့ ချေးငွေရယူမှုတွေ လည်းရှိတယ်လို့ ရှမ်းပြည်နယ် မြန်မာ့စီးပွားရေးဘဏ် ဒုတိယ ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက ပြောပါတယ်။
“JICA Loan လာတော့မယ်ဆို သူတို့က ကိုယ့်ထက်တောင် အင်ဖော်မေးရှင်း အရင်သိသေးတယ်။ ကျနော်တို့တောင် တချို့ဟာတွေ မသိသေးဘူး။ အခွန်ပြေစာအတုတွေနဲ့ တင်တယ်။ ပန်းဆိုးတန်းမှာ သမ္မတလက်မှတ်ကနေပြီး ဟိုး အောက်ခြေ အထိ လက်မှတ်အတုရတယ်။ အထောက်အထား အတုတွေနဲ့ လာတဲ့အခါ တော်တော်လည်း စိစစ်ရပါတယ်။ အမှုဖွင့်တာ အရေးယူတာတွေကလည်း ကျနော်တို့ အလုပ်တွေမဟုတ်ဘူး ရဲတွေလုပ်ရမှာ” လို့ ဦးအောင်မျိုးထွန်းက ပြောပါတယ်။
ဘဏ်နဲ့နီးစပ်သူတွေနဲ့ ပွဲစားတချို့ကို ချေးငွေ ချပေးခဲ့တဲ့ ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့တာကြောင့်လည်း JICA ကနေ ဘဏ်တွေကို သတိပေးရတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ဘူးတယ်လို့ ရန်ကုန်တိုင်း မြန်မာ့စီးပွားရေးဘဏ် ဒုတိုင်းမန်နေဂျာ ဒေါ်နီလာဝေက ရှင်းပြပါတယ်။
“တိုင်းပြည်ဖွံ့ဖြိုးမှ ဘဏ်လုပ်ငန်းက ဖွံ့ဖြိုးမှာ တကယ့် SME တွေ လက်ထဲရောက်အောင် လုပ်ပေးတဲ့ ဘဏ်တွေလည်း ရှိပါတယ်။ ပုဂ္ဂလိကဘဏ်တွေဆိုတာ ပြည်သူတွေရဲ့ အပ်ငွေနဲ့လည်ပတ်ရတာပါ။ တိုင်းပြည် မဖွံ့ဖြိုးရင် သူတို့လည်း အလုပ်ရှိမှာမဟုတ်ဘူး”လို့ ဒေါ်နီလာဝေက ဆက်ပြောပါတယ်။
အစိုးရရဲ့ အစီအမံ နဲ့ ကူညီမှုတွေ
ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အသေးစား အလတ်စားလုပ်ငန်း(SME)တွေ ကို ဖွံ့ဖြိုးတိုးတက်ဖို့ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနကို စတင် ဖွဲ့စည်းခဲ့ပါတယ်။၂၀၁၆ ခုနှစ်မှာ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဗဟိုကော်မတီ ဖွဲ့စည်းခဲ့ပြီး သမ္မတက ဥက္ကဋ္ဌ ၊ နိုင်ငံတော် အတိုင်ပင်ခံ က တွဲဖက် ဥက္ကဋ္ဌ ဖြစ်ပါတယ်။
SME ဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့ လုပ်ငန်းရှင်တွေ နည်းပညာရရှိ ဖို့ ပညာရှင်ဖိတ်ခေါ်ပေးတာ၊ သတင်းအချက်အလက် ပေးတာ စတာတွေ လုပ်ဆောင်ပေးတယ်လို့ သိရတယ်။
SME ဌာန က တိုင်းနဲ့ပြည်နယ်တွေမှာ SME အေဂျင်စီရုံးတချို့ ဖွင့်ထားပါတယ်။ဒါပေမယ့် ဝန်ထမ်းတွေ ကွင်းထဲဆင်းဖို့ အတွက် လိုအပ်ချက်ဖြစ်တဲ့ ကားစီစဉ်ပေးမှု၊ဆိုင်ကယ် စီစဉ်ပေးတာ စတာတွေ ပံ့ပိုးမှုမရှိတဲ့အခါ ရွာတွေထဲဆင်းဖို့ အခက်အခဲတွေ ကြုံတွေ့ရတယ်လို့ သိရပါတယ်။ဌာနတွေက ဝန်ဆောင်မှုပေးရတဲ့ ဌာနဖြစ်တာကြောင့် အရာရောက်အောင် အစိုးရအနေနဲ့ ထောက်ပံ့ပေးဖို့ လိုအပ်နေတယ်လို့လည်း ထောက်ပြကြပါတယ်။
မြန်မာပြည်လုပ်ငန်း အားလုံးရဲ့ ၉၉ ရာခိုင်နှုန်းကျော်က SME လုပ်ငန်းတွေဖြစ်သော်လည်း လုပ်ငန်းရှင်အများစုဟာ စီးပွားရေးကို စနစ်တကျလုပ်ကိုင်နိုင်မှု အားနည်းခြင်း၊ လုပ်ငန်းတူသူမျာ းစုပေါင်း၍ အဖွဲ့အစည်းနှင့် လုပ်ကိုင်မှု အားနည်းခြင်းအပြင် အတိုးနှုန်းသက်သာတဲ့ နိုင်ငံတကာ ချေးငွေကိုသာ အများစု မှီခိုနေရကြောင်း၊ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေနဲ့ အစိုးရကိုယ်တိုင်က ချေးငွေအလုံအလောက် ချမပေးနိုင်ခြင်း၊ ချေးငွေရရှိဖို့ စံသတ်မှတ်ချက်တွေ များပြားနေခြင်းတွေကြောင့် မြန်မာပြည်ရဲ့ အများဆုံး လုပ်ငန်းစုတွေဖြစ်တဲ့ SME လုပ်ငန်းတွေ မအောင်မြင်ရခြင်းရဲ့ အဓိက ပြဿနာတွေပဲဖြစ်ပါတယ်။
“နည်းပညာရရှိဖို့ဆိုရင် ကိုယ့်ဘက်က သေချာခိုင်မာတဲ့ ဈေးကွက်ရှိဖို့လိုအပ်တယ်။ နောက်တခုက လုပ်ငန်းတူတဲ့ လုပ်ငန်းရှင်တွေ အစုအဖွဲ့နဲ့ လုပ်တတ်ဖို့လိုတဲ့ အလေ့အထလေးတွေလည်း လိုပါတယ်။ အစုအဖွဲ့ရှိရင် ဘာအကူအညီတွေ လိုအပ်နေတာဆိုတာကို တင်ပြနိုင်မှသာ ကူညီရမယ့်သူက ဘာကူညီပေးနိုင်မှာဖြစ်တယ်။ အဲဒါတွေဖြစ်ဖို့ ကျနော်တို့အနေနဲ့ ကြိုးစားဆောင်ရွက်ပေးဖို့ရှိပါတယ်” လို့ ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။