ယခု အစိုးရ လက်ထက် အတွင်း ကြုံတွေ့နေရသည့် ကွန်တိန်နာ ယာဉ်မောင်းများ၏ အခက်အခဲများကို ဖြေရှင်းပေး ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ညိုနှိုင်းနေကြောင်း မြန်မာနိုင်ငံ ကုန်သေတ္တာယာဉ် လုပ်ငန်းရှင်များ အသင်း က သိရသည်။
အောက်တိုဘာလ ၁၀ ရက်ည ၉ နာရီခန့်က ကြည့်မြင်တိုင် မြို့နယ် သီရိမင်္ဂလာ ဈေးဟောင်း အနီးတွင် ကွန်တိန်နာ ယာဉ် များ ရန်ကုန်မြို့တွင်း၌ ၂၄ နာရီ မောင်းနှင်ခွင့် ရရှိရေး အပါအဝင် အချက်များကို ယာဉ်မောင်းများ ဘက်က စတင်ကာ ဆန္ဒပြ တောင်းဆိုမှု ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် ကွန်တိန်နာ အသင်းမှ တာဝန်ရှိသူများက တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော် လည်း ပြေလည်မှု မရရှိခြင်းကြောင့် ကွန်တိန်နာ ယာဉ်မောင်းများက အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်း အထိ ဆက် လက် ဆန္ဒ ထုတ်ဖော်မှုကို ပြုလုပ်ခဲ့ကြသည်။
ယနေ့၌ တိုင်းအစိုးရ အဖွဲ့နှင့် အသင်းမှ တာဝန်ရှိသူများ တွေ့ဆုံကာ တောင်းဆိုထားသည့် ကွန်တိန်နာ ယာဉ်များ ပြေးဆွဲ ခွင့် ပြုပေးရန်၊ သီရိ မင်္ဂလာဈေးနှင့် စံပြငါးဈေး ရှေ့တွင် ယာဉ်ကြော ပိတ်ဆို့နေသည်ကို အစိုးရက ဖြေရှင်းပေးရန်၊ ကျောက်လမ်းပေါ်တွင် ယာဉ်နှစ်ထပ် ရပ်ခြင်းကို ဖြေရှင်းပေးရန်၊ ယခင်ကဲ့သို့ လမ်းမများပေါ်တွင် ကွန်တိန်နာ ယာဉ် များ ပြန်လည် သွားလာနိုင်ရန် စီစဉ်ပေးရန်၊ ညဘက် သွားရေးလာရေး ခက်ခဲမှုများနှင့် လုံခြုံမှု မရှိခြင်း စသည့် အချက် တို့ကို ယာဉ်မောင်းများ ကိုယ်စား တင်ပြ ဆွေးနွေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သေတ္တာယာဉ် လုပ်ငန်းရှင်များ အသင်း ဗဟို အလုပ်အမှုဆောင် ဦးရဲခေါင် က ပြောသည်။
ဦးရဲခေါင်က“အခုလို ဖြစ်လာတာက အစိုးရက ဘာမှ အကောင်အထည် မဖော်လို့ ဖြစ်လာရတာ။ သူတို့ ကြည့်တယ် ဆိုရင် ဖြေရှင်းပေးလိုက်ရင် လွယ်လွယ်လေးပဲ။ ခန့်ထားတဲ့ ဝန်ကြီးတွေက ဦးအမြင်တော့ လုပ်ငန်း မကျွမ်းကျင်တာ။ ကိုယ် ချ မှတ်ထားတဲ့ မူဝါဒတွေ အပေါ်မှာ ပြန်လည် သုံးသပ်မှု မရှိဘူးလို့ မြင်တယ်။ ဒီနေ့ ညိုနှိုင်းတာကို အကောင်း ဆုံး လုပ်ပေး မယ် ပြောပြီးတော့ သက်ဆိုင်ရာ လူကြီးတွေ ခေါ်ပြီး ညိုနှိုင်းနေပါတယ်”ဟု မီဒီယာ များကို ပြောသည်။
အဆိုပါ တင်ပြမည့် အခက်အခဲများမှာ ယာဉ်မောင်းများ ခံစားနေသည်မှာ အချိန်ကြာပြီ ဖြစ်သောကြောင့် အသင်းမှ ကြား ဝင် ညိုနှိုင်း ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ဦးရဲခေါင်က“အဲဒီကိစ္စကို မလုပ်ခင်မှာ MIP ဆိပ်ကမ်းမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးမြင့်သောင်း၊ လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် တို့နဲ့ တွေ့တော့ ဝန်ကြီး ချုပ် ကိုယ်တိုင်က ဘာပြောလဲဆိုတော့ ခင်ဗျားတို့ကို ချမ်းသာအောင် လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ အခုချိန်မှာ ချမ်း သာအောင် လုပ်ပေးဖို့ မပြောနဲ့ ယာဉ်မောင်းတွေ ယာဉ်ပိုင်ရှင်တွေ၊ လုပ်သားတွေ အားလုံး မငတ်ရုံ တမယ်ပဲ ရှိတော့ တယ်”ဟု ပြောသည်။
ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်က တရက်လျှင် အနည်းဆုံး ကွန်တိန်နာယာဉ် ၁ ခေါက်ခန့် ပြေးဆွဲရသော်လည်း လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင်၂ ရက်လျှင် တခေါက်ခန့်သာ ပြေးဆွဲနေရ သော ကြောင့် ယာဉ်မောင်းများ၏ စားဝတ်နေရေး ထိခိုက်လာသည်ဟု ၎င်းက ဆိုသည်။
ဦးရဲခေါင်က“အရင် အစိုးရကနေ အခု အစိုးရ လက်ထက် အထိ ဝင်ငွေက သုံးပုံ ပုံရင် နှစ်ပုံလောက် ကျဆင်းသွား တယ်။ အခုက နှစ်ရက်မှာ တခေါက်ပဲ ကွန်တိန် နာတွေ ပြေးဆွဲလို့ ရတယ်။ လုပ်ငန်းတွေကလည်း ရှားပါး လာတယ်။ ဒီလုပ်သား တွေ ၄၈ နာရီ အလုပ်လုပ်တာတောင် မိသားစု မထောက်ပံ့နိုင်တော့ဘူး” ဟု ပြောသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် အနေဖြင့် လုပ်ငန်း စီမံခန့်ခွဲမှု အပေါ်တွင် အားနည်းခြင်းနှင့် ပြန်လည် သုံးသပ်မှု မရှိကြောင်း ၎င်းက ဆိုသည်။
၂၀၁၆ ခုနှစ်၌ NLD အစိုးရ စတက်ပြီးနောက် ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်ခြင်းကြောင့် ကွန်တိန်နာ ယာဉ်များကို ည ၉ နာရီမှ နံနက် ၆ နာရီ အတွင်း ထွက်ရှိရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ်က အမိန့် ထုတ်ခဲ့သည်။
ယင်းသို့ ထုတ်ပြန်မှုကြောင့် ယာဉ်များ အချိန် အတိုင်းအတာ တခုအတွင်း ထွက်ရသဖြင့် ၂ ကြောင်း သွားရမည့် ကိစ္စ နှင့် ကုန်စည် စီးဆင်းမှု အပိုင်း၊ ကုန်တင်/ကုန်ချ ကိစ္စရပ်များတွင် ၁ ရက်တည်းနှင့် မပြီးဘဲ ရက်ကူးသွားခြင်း၊ တချို့ အေးခဲ ကုန်သေတ္တာ များမှာ လျှပ်စစ်ဖြင့် (Plug in/Plug Out) လုပ်ရပြီး အချိန် ၆ နာရီသာ လုပ်ဆောင်ရခြင်းကြောင့် အေးခဲ ငါးများနှင့် အချိန်မှီ သင်္ဘော တင်ရမည့် လက်ခစား စနစ် (CMP) ကုန်စည်များ အခက်အခဲ ဖြစ်ခြင်း၊ ဈေးကွက်ပျက် သည် အထိ ဖြစ်ခဲ့ပြီး ကားငှားခမှာလည်း ပုံမှန် ကျပ် ၁ သိန်းမှ ၂ သိန်းခွဲထိ ဈေးမြင့်ခဲ့ကြောင်း သိရသည်။
ထို အခက်အခဲများကြောင့် ကွန်တိန်နာယာဉ်များ ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသဖြင့် ပြန်လည် ဖြေလျှော့မှုများ ပြုလုပ် ပေးခဲ့ရာ ည ၉ နာရီအစား စထွက်ချိန် ည ၇ နာရီမှ နံနက် ၈ နာရီသို့ ပြောင်းလဲပေးခဲ့သည်။
ယခု တပတ် အတွင်း ည ၉ နာရီ မှ နံနက် ၅ နာရီ အချိန်ကို ပြန်လည် ပြင်ဆင်သတ်မှတ် လိုက်သောကြောင့် ထပ်မံ၍ ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကွန်တိန်နာ ယာဉ်မောင်း တဦးဖြစ်သူ ကိုနိုင်မင်းဟန်က“ကျနော်တို့ တရက် တခေါက်ရဖို့တောင် မနည်းမောင်း နေရတဲ့ အခါမှာ အခုလို အချိန်က ည ၉ နာရီ ဆိုတော့ အဆင်မပြေဘူး။ စံပြငါးဈေး ဖွင့်လို့ ကားနှစ်ထပ် ရပ်မိရင် ဒဏ်ကြေးက ငါးသောင်း ပေးရရော။ အဲဒီတော့ ဘယ်လိုမှ အဆင်မပြေဘူး”ဟု ပြောသည်။
ယခင် နှစ်များက အလုပ်ကောင်းသောကြောင့် တပတ်လျှင် ကွန်တိန်နာယာဉ် ၄ ခေါက်၊ ၅ ခေါက်ခန့် ပြေးဆွဲရပြီး ယခု နှစ် ပိုင်းတွင် အလုပ် ပါးလာကြောင်း ယာဉ်မောင်းများက ဆိုသည်။
ကွန်တိန်နာ ယာဉ်မောင်း ကိုသီဟဇော်ကလည်း“အခု နောက်ပိုင်းအလုပ်တွေက ပါးသွားတော့ ၁ ပတ်ကို ၂ ခေါက်၊ ၃ခေါက် ပဲ ရတော့တယ်။ ၁ ခေါက်ဆိုရင်တော့ ကျပ် ၂ သောင်းလောက် ရတယ်”ဟု လက်ရှိ ကားပြေးဆွဲနေရသည့် အခြေအနေကို ပြောပြသည်။
ရန်ကုန်တိုင်း ဒေသကြီးတွင် မြန်မာနိုင်ငံ ကုန်သေတ္တာယာဉ် အသင်းဝင်ထားသည့် ကုန်သေတ္တာတင် ယာဉ် အစီးရေ စုစု ပေါင်း ငါးထောင်ကျော် ရှိပြီး အသင်းဝင်ရောက်ခြင်း မရှိသည့် ယာဉ်များ ပါဝင်မည် ဆိုပါက အစီးရေ ၈ ထောင် နှင့် ၁ သောင်းခန့် ရှိကြောင်း အဆိုပါ အသင်းက သိရသည်။