စီးပွားရေး

စက်သုံးဆီဈေး မြင့်တက်နေမှု အစိုးရ ဝင်ထိန်းမရဟု ဆို

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်း စက်သုံးဆီဈေး မြင့်တက်နေမှုမှာ ဝယ်လိုအားနှင့် ရောင်းလိုအားအပေါ် အခြေခံနေသည့်အတွက် အစိုးရက ဝင်ရောက် ထိန်းချုပ်၍ မရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန့်စင်က ပြော သည်။

ဝန်ကြီးဌာနက ပြည်တွင်း ပြည်ပ ရေနံနှင့် စက်သုံးဆီ ဈေးများကို စောင့်ကြည့်နေပြီး ပြည်တွင်းသုံးဆီများကို စင်ကာပူ မှ တင်သွင်းရကာ စင်ကာပူငွေဈေးမှာ ပြီးခဲ့သည့် စက်တင်ဘာလက မြင့်တက်သွားသည့်အတွက် စက်သုံးဆီဈေးနှုန်း ကျဆင်း ဦးမည် မဟုတ်ကြောင်း အောက်တိုဘာလ ၁၁ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။

“ကမ္ဘာ့ စက်သုံးဆီဈေးနှုန်း ကျအောင်တော့ ကျနော်တို့ မတတ်နိုင်ပါဘူး။ ဒီလိုပဲ စင်္ကာပူဈေးနှုန်းနဲ့ ငွေလဲနှုန်းပေါ်မှာ မူတည်ပြီး ပြောင်းလဲနေတဲ့ ဈေးနှုန်းကို ကျနော်တို့ မထိန်းချုပ်နိုင်ပါဘူး။ သို့သော် ကျနော်တို့ လုပ်နိုင်တာက တင်သွင်း လာတဲ့ စက်သုံးဆီကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းအတိုင်း ဖြစ်ဖို့ အမြဲတမ်း စောင့်ကြည့်ပြီး ကြပ်မတ်နေတယ် ဆိုတာ ကို တင်ပြလိုပါတယ်”ဟု ဦးသန့်စင်က ပြောသည်။

ဦးသန့်စင်သည် ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ ဒုဥက္ကဋ္ဌ တဦးလည်း ဖြစ်သည်။

၎င်းက“စက်သုံးဆီဈေးသည် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးထက်ကျော်ပြီး မတော်လောဘနဲ့ ရောင်းပြီဆိုရင် Price Freeze (နှုန်းတခုထက် ပိုမရောင်းရန် သတ်မှတ်ခြင်း) လုပ်မှာ၊ လုပ်ခွင့်လည်း ရှိတယ်။ သို့သော် လွတ်လပ်တဲ့ ဈေးကွက် စီးပွား ရေး စနစ် လုပ်ထားပြီး ဈေးနှုန်းကို ဒီဈေးထက် ပိုမရောင်းရဘူးဆိုပြီး ကန့်သတ်လို့ တဘက်မှာလည်း ကမောက်ကမ ဖြစ်မှာကိုလည်း ထိန်းရပါတယ်။ အခုကတော့ လွတ်လပ်စွာ ဖြန့်ဖြူး ရောင်းချခွင့် ပေးထားပါတယ်”ဟု ဆိုသည်။

ပြည်တွင်း စက်သုံးဆီများကို လွတ်လပ်စွာ ဖြန့်ဖြူး ရောင်းချခွင့် ပြုထားသော်လည်း ဖြစ်သင့်သည့် ဈေးထက် မြှင့်တင် ရောင်းချမှုများ ရှိခဲ့သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ဈေးနှုန်း ဝင်ရောက် ထိန်းချုပ်ခြင်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၁၈ ခုနှစ် ဧပြီလတို့တွင် နှစ်ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

လက်ရှိ ပြည်တွင်းတွင် ရောင်းချနေသည့် စက်သုံးဆီများမှာ ယခင်ကထက် တလီတာလျှင် ကျပ် ၂၀၀ ခန့် မြင့်တက် နေပြီး ဆီအမျိုးအစား၊ ရောင်းချသည့် ဒေသအလိုက် ဈေးနှုန်း ကွာဟမှုရှိကြောင်း သိရှိရသည်။

ပျဉ်းမနားမြို့မှ ဒေသခံ ဦးကျော်သူရက“ကျနော်တို့ သုံးစွဲသူက ဆီဈေးကျလေ ကြိုက်လေပဲ။ အခုက ပြည်သူ တင် မြှောက် တဲ့ အစိုးရလို့သာ ပြောတာ။ ဒီကိစ္စကျ အစိုးရက မကိုင်တွယ်နိုင်ဘူး။ ဆီလုပ်ငန်းရှင်တွေ အပေါ်မှာ မလွှမ်းမိုး နိုင်ဘူးလို့ ဒီလိုပဲ မြင်တယ်။ အစိုးရကို တိုက်တွန်းချင်တာက ဆီဈေးနှုန်းကို တဦး တယောက် လက်ထဲမှာ တက်ချင် တိုင်းတက် တင်ချင်တိုင်းတင် ချချင်တိုင်းချ လုပ်လို့မရအောင် ပြည်ပက ဖြစ်ဖြစ်၊ ဆီလုပ်ငန်းရှင်တွေ သမာသမတ် ကျ ကျ ယှဉ်ပြိုင်စေတာမျိုး၊ သူတို့ရဲ့ အရန်ဆီတွေ ထုတ်ရောင်းပေးပြီး ဖြေရှင်းတာမျိုး ဒီလိုနည်းတွေနဲ့ ပြည်သူတွေဘက် က ရည်တည်ပေးပါလို့ တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)က စက်သုံးဆီကဏ္ဍတွင် ပြည်ပမှ စွမ်းအင်ကုမ္ပဏီများ ရာနှုန်းပြည့် ရင်းနှီး မြှုပ်နှံခွင့်ရရန် ၂၀၁၇ ခုနှစ်တွင် ဖြေလျှော့ပေးခဲ့ကြောင်း၊ နိုင်ငံခြား ကုမ္ပဏီများက ဝန်ကြီးဌာနသို့ လာရောက် ဆွေးနွေး မေးမြန်းမှုများ ရှိသော်လည်း ဝင်ရောက် လုပ်ကိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်စင်က“မနေ့ကပဲ ကျနော့်ဆီကို SHELL ကုမ္ပဏီက လာပါတယ်။ ဘာလို့ ရင်းနှီး မြှုပ်နှံ မှုတွေ မလာကြသေးတာလဲ။ ၂၀၁၇ ခုနှစ် ဧပြီလ ကတည်းက ဖွင့်ထားတယ်။ ဘာကြောင့် မလာသေးတာလဲ မေးပါ တယ်။ သူတို့အဖြေက လေ့လာနေဆဲပါတဲ့။ လာဖို့တော့ရှိတယ်၊ သို့သော် လေ့လာနေဆဲပါ”ဟု ပြောသည်။

လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်ရန် ပြင်ဆင်နေပြီး ယခင်ရေးဆွဲထားသည့် စည်းမျဉ်းစည်းကမ်းများကို လက်ရှိ ကာလနှင့် ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည် သုံးသပ်နေကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်အောင် ကျော် ဦး က ပြည်တွင်းလုပ်ငန်းရှင်များ လက်ဝါးကြီးအုပ် လုပ်ကိုင်နေ၍ စက်သုံးဆီဈေးမှာ နိုင်ငံတကာထက် များနေ ကြောင်း၊ ပြည်ပကုမ္ပဏီများ ဝင်ရောက် ယှဉ်ပြိုင်လုပ်ကိုင်မှသာ စက်သုံးဆီ ဈေးကျဆင်းကာ ဆီအရည်အသွေးလည်း မှန်ကုန်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်မှုကို ကာမိစေရန်အတွက် ဆိုင်ကယ်များတွင် သုံးနိုင်သည့် ပြည်တွင်းထုတ် ဓာတ်ဆီများ ထုတ်ရောင်းပေးလျက် ရှိသည်။

၂၀၁၈ ခုနှစ် ဧပြီလ ၂၀ ရက်မှ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းမှတဆင့် ၁ ကြိမ်လျှင် ဂါလန် ၃ သန်းနှုန်း ရောင်းချပေးခဲ့ရာ ၅ ကြိမ်မြောက်တွင် ၁ ဂါလန် ၃၈၀၀ ကျပ်နှုန်းဖြင့် ဂါလန် ၂ သန်းကို အောက်တို ဘာ လမှ စကာ ရောင်းချနေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading