စီးပွားရေး

ဒေါ်လာဈေး ပြန်တက်လာ

နိုင်ငံခြားငွေကြေး ကစားသူများကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက်ပိုင်း ပြည်တွင်းငွေကြေး ဈေးကွက်တွင် အောက် တိုဘာ လ ၁၁ ရက်မှစ၍ အမေရိကန် ၁ ဒေါ်လာလျှင် ၁၆၀၀ ကျပ်ကျော် အထိ တကျော့ပြန် မြင့်တက်လာ ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး ဈေးကွက်မှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ် အတွင်းတွင် အစိုးရက နိုင်ငံခြားငွေကြေး ကစားသူများကို စုံစမ်းစစ်ဆေးမှု များ ပြုလုပ်ခဲ့ပြီး ယင်းနောက်ပိုင်း၌ ပြည်တွင်းငွေဈေးမှာ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းမှ စတင်၍ ၁ ဒေါ်လာ လျှင် ၁၅၆၀ ကျပ်အထိ ကျဆင်းခဲ့သည်။

နိုင်ငံခြားငွေ ရောင်းဝယ်ရေး လုပ်ကိုင်သူ တဦးဖြစ်သည့် ဦးမိုးက“သူတို့က လိုက်နေတာဆိုတော့ ဈေးကွက်ကတော့ တည်တည်ငြိမ်ငြိမ်မရှိဘူး။ ဈေးကွက်ထဲက လူတွေက လမ်းကြိုလမ်းကြား ပြန့်နေတာပေါ့။ ဒါပေမယ့် ငွေဈေးက နယ်စပ် သွင်းကုန်ဈေးအပေါ် မှီနေတာ၊ တရုတ်ငွေဈေးက မနေ့က ၁ ဒေါ်လာကို တရုတ်ငွေ ၉၉ ယွမ် ဖြစ်သွားတော့ ဈေးက ဆွဲမာတာပေါ့။ ဒီနေ့တော့တရုတ် ယွမ်ဈေး ပြန်ကျလာတယ်။ တက်ပြီးရင်တော့ ဈေးက ဖြည်းဖြည်းချင်း ကျ လာ မှာပါ”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ဈေးကွက် အနေနဲ့ကတော့ သူတို့က အလိုက်လွန်နေတဲ့ အခါကျတော့ တကယ်တမ်းလုပ်နေတဲ့ အောက်ခြေက လခစား ဝန်ထမ်းတွေနဲ့ ကုမ္ပဏီ အငယ်လေးတွေ ကတော့ ဒုက္ခရောက်တာပေါ့။ ဝယ်ရရောင်းရ ခက် သလို၊ ပွဲစားခံပြီး လုပ်ရတဲ့ဈေးကလည်း ဈေးတွေဟတယ်။ ဝယ်အားတက်တော့ ဈေးလည်း ပိုတက်သွားတာပေါ့”ဟု လည်း ပြောဆိုသည်။

လတ်တလော အမေရိကန် ၁ ဒေါ်လာ ၁၆၀၀ ကျပ်အထိ ဈေးပြန်တက်လာခြင်းမှာ နယ်စပ် တရုတ်ငွေဈေးမြင့် လာသောကြောင့် ကျပ်ငွေလဲလှယ်နှုန်း တန်ဖိုးပါ လိုက်ပါ မြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အဓိကကတော့ နယ်စပ် ငွေကြေးဈေးမတည်ငြိမ်လို့ပဲ။ တရုတ်နဲ့ အမေရိကန် ငွေဈေး မတည်ငြိမ်တော့၊ မြန်မာ-တရုတ် ငွေဈေးကလည်း မတည်ငြိမ်ဘူး။ အဲဒီတော့ အိတ်စပို့ကိုသာ ပြည်တွင်းက များများတင်ပို့နိုင်အောင် လုပ်ရ မယ်”ဟု ဦးမိုးက ပြောသည်။

အစိုးရက စစ်ဆေးမှုများပြုလုပ်ခြင်းမှာ ကောင်းသော်လည်း ဈေးကွက်၏ အမှန်တကယ် လိုအပ်ချက်ကို ရှာပြီး ဖြစ်သင့် ဖြစ်ထိုက်သည်များကို လုပ်ဆောင်ပေးလျှင် ပို၍ ကောင်းမွန်နိုင်မည် ဖြစ်ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြား ငွေကြေး ရောင်းဝယ်သူများက ပြောကြသည်။

အောက်တိုဘာလ ၁၂ ရက် ဗဟိုဘဏ်ပေါက်ဈေးမှာ ၁ ဒေါ်လာလျှင် ၁၅၃၅ ကျပ် ဖြစ်ပြီး ပြင်ပပေါက် ဈေးမှာ ၁ ဒေါ်လာ လျှင် ၁၆၀၀ ကျပ် ဖြစ်နေသည်။
ဒေါ်လာ ဈေးနှုန်းများမှာ ပုဂ္ဂလိက ဘဏ်တခုနှင့်တခု မတူဘဲ အချိန်နှင့်အမျှလည်း အပြောင်းအလဲများ ရှိနိုင်ကြောင်း သိရသည်။

ဗဟိုဘဏ်မှ အောက်တိုဘာလ ၁၂ ရက်အတွက် လေလံပစ်၍ ၁ ဒေါ်လာလျှင် ၁၅၃၅ ကျပ်နှုန်းနှင့် အမေရိကန် ဒေါ်လာ ၂ သောင်းကို ပုဂ္ဂလိက ဘဏ်များသို့ ထုတ်ရောင်းခဲ့ကြောင်း ဗဟိုဘဏ် စာရင်းများတွင် ဖော်ပြထားသည်။

စီးပွားရေးပညာရှင် ဦးမင်းခင်က “ဒေါ်လာဈေး ပြန်တက်လာတော့ ဝယ်သူရှိတယ်။ ရောင်းလိုအားက ဝယ်လိုအားကို မခံနိုင်ဘူး။ အဲဒီတော့ ဈေးပြန်တက်လာတယ်။ အစိုးရက ဒီကိစ္စနဲ့ ပတ်သက်လို့ မေးတယ်၊ မြန်းတယ်။ လိုအပ်ရင် အရေးယူဖို့ ကြိုးစားတယ်၊ ဒါက ဆေးမြီးတိုပေါ့။ တကယ်တမ်းတော့ လုပ်ငန်းတိုင်း၊ လုပ်ငန်းတိုင်းက မြန်မာပြည်မှာ ဥပဒေကို သေချာ လိုက်နာလားဆိုတာ စောင့်ကြည့်ဖို့လိုတယ်။ နောက်ပြီးတော့ လတ်တလောရှင်းရမယ့် ကိစ္စ၊ ရေရှည် ရှင်းရမယ့် ကိစ္စ ဒါတွေကို အရင်းအမြစ်ကျကျ ဖြေရှင်းဖို့ လိုပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “အစိုးရလည်း လုပ်တော့ လုပ်နေတယ်လို့ ကြားရ၊ သိရသလောက်တော့ ရှိတယ်။ ဒါပေမယ့် ပိုပြီးတော့ လုပ်နိုင်ဖို့ လိုတယ်။ တကယ် ဘာဖြစ်နေကြလဲ၊ တကယ်တမ်း ဈေးကွက်မှာ လုပ်နေတဲ့သူတွေ ရေရှည်မှာ ဘယ်လိုရှိမလဲ၊ ဝယ်တဲ့သူကရော ဘယ်လို နေရာတကျဝယ်နိုင်မလဲ၊ ရောင်းသူရော ဘယ်လို နေရာတကျ ရောင်းနိုင် မလဲ။ ဒီအခြေအနေတွေကို ဖန်တီးပေးနိုင်ဖို့ လိုတယ်”ဟု ပြောကြားသည်။

ဥပဒေနှင့် တိုက်ရိုက် သွားမည်ဆိုလျှင် ပြည်သူက ဥပဒေကို ချက်ချင်း မလိုက်နာနိုင်သော ပြဿနာနှင့် ကြုံတွေ့ရ နိုင်ကြောင်းလည်း ဦးမင်းခင်က ရှင်းပြသည်။

Loading