တရုတ်ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် ဝယ်သူများ၏ ကျေးဇူးကြောင့် ကမ္ဘောဒီးယားနိုင်ငံ မြို့တော်တွင် ကမ္ဘာ့ အလျှင်မြန်ဆုံး ဖွံ့ဖြိုးနေသော အိမ်ယာဈေးကွက်ကို တွေ့ကြုံနေသည်။
တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမ စီမံကိန်း ခြေလှမ်းတိုးချဲ့ရေးအတွက် ၂၀၁၆ ခုနှစ် အောက်တိုဘာလက ဖနွမ်းပင်သို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ရောက်ရှိလာချိန်တွင် ကမ္ဘောဒီးယား မြို့တော် မြင်ကွင်းအား ဒေါ်လာ ဘီလျံချီ တန်ဖိုးရှိသည့် ပိုင်ဆိုင်မှုအသစ်များ ဖြည့်သွင်းရန် စိတ်အားထက်သန် နေကြသော တရုတ် ရင်းနှီးမြှုပ်နှံသူ ၂၀၀ ကျော်ကို ခေါ်ဆောင်လာခဲ့သည်။
ယခင်က ပြင်သစ်ကိုလိုနီခေတ် လက်ရာ အဆောက်အဦများနှင့် ၁၉၆၀ ပြည့်နှစ်များက ခေတ်သစ် ခမာ ဗိသုကာ လက်ရာများဖြင့် သိကြသည့် မြို့တမြို့က ယခုအခါ မမှတ်မိနိုင်စရာ ဖြစ်လာသည်။ အလယ်အလတ်တန်းစား အိမ်ထောင်စုများ၏ တနှစ် ဝင်ငွေ ဒေါ်လာ ၁၁၀၀၀ မျှသာရှိသည့် မြို့တမြို့တွင် အမွေအနှစ် အဆောက် အဦများမှာ ဈေးကြီးသည့် အဆင့်မြင့် ကွန်ဒိုမီဒီယံများဖြင့် အစားထိုးခြင်း ခံနေရသည်။
“ဖွံ့ဖြိုးတိုးတက်မှု အရှိန်က ကျနော့်အတွက်တော့ တကယ်ကို အံ့သြဖွယ်ရာပါပဲ” ဟု နိုင်ငံတကာ လက်လီ အရောင်း လုပ်ငန်းတခု ဖြစ်သည့် Knight Frank ၏ ကမ္ဘောဒီးယား နိုင်ငံ ဆိုင်ရာ အကြီးအကဲ Ross Wheble က ပြောသည်။
“အဆင့်မြင့် ကွန်ဒိုဈေးကွက်မှာ ရောင်းလိုအားက ပိုနေတာ သေချာပါတယ်။ ကျနော်တို့ အခု တွေ့နေရတာ ကတော့ အရောင်းနဲ့ အငှား နှေးကွေးနေတာပါပဲ။ ဒီကွန်ဒိုတွေကို ဝယ်နိုင်တဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေရဲ့ အရေအတွက်က အကန့်အသတ် ရှိပါတယ်။ ရေရှည်ရပ်တည်နိုင်ဖို့ လိုတဲ့ ဈေးကွက်တခု အတွက် ပြည်တွင်း ဝယ်လိုအား ရှိဖို့ လိုအပ်ပါတယ်” ဟု သူက ဖြည့်စွက်ပြောသည်။
တရုတ်ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် တရုတ်ပြည်မကြီး၏ ပိုင်ဆိုင်မှုဈေးကွက် ဖွံ့ဖြိုးချိန်တွင် ချမ်းသာ ကြွယ်ဝ လာခဲ့ကြသော ဈေးကစားသူများက ရှီကျင့်ဖျင်၏ ပိုးလမ်းမသစ်အတိုင်း ဆင်းလာ၍ ရင်းနှီးမြှုပ်နှံမှု အတွက် မြေပေးရန် ဆန္ဒရှိသည့် အစိုးရများကို ရှာဖွေကြသည်နှင့်အမျှ ဖနွမ်းပင်က အာရှတလွှားတွင် နေရာ အနှံ့ မြင်တွေ့နေရသည့် အိမ်ခြံမြေ ပွဲတော်ကြီးအတွက် အလွန်ကောင်းသည့် ဥပမာများထဲမှ တခု ဖြစ်ပါသည်။
အဆိုပါ လုပ်ပုံလုပ်နည်း အများစုမှာ ၎င်းစီမံကိန်းများကို ခွင့်ပြုပေးခဲ့သော အစိုးရများ ရွေးကောက်ပွဲရှုံးနိမ့် သွားသည့်အခါ အခက်အခဲများနှင့် ရင်ဆိုင်လာကြရပြီး တရုတ်ပိုင် နေရာများတွင် ဈေးနှုန်းများ မြင့်တက်စေခြင်းနှင့် ဒေသခံ အသိုင်းအဝိုင်းနှင့် သီးခြားဖြစ်စေခြင်းစသည့် ရလဒ်များ ထွက်ပေါ်စေခဲ့သည်။
ပြီးခဲ့သည့် လအတွင်းတွင် မလေးရှား ဝန်ကြီးချုပ် ပုံစာများမဟာသီယာ မိုဟာမက် က ကိုလိုနီဝါဒသစ်ကို သတိပေးလိုက်ပြီး ယခင် ဝန်ကြီး ချုပ် နာဂျစ်ရာဇတ် လက်ထက်တွင် အတည်ပြုပေးခဲ့သည့် နိုင်ငံတွင်းမှ ဒေါ်လာ ၁၀၀ ဘီလျံတန် စီမံကိန်း တခုတွင် နိုင်ငံခြားသားများ ပိုင်ဆိုင်မှု ဝယ်ယူခြင်းကို တားမြစ်ခဲ့သည်။ နိုင်ငံခြားသား အနေဖြင့် ပိုင်ဆိုင်မှု ဝယ်ယူနိုင်သော်လည်း ဗီဇာ ရလိမ့်မည် မဟုတ်ကြောင်း နောက်ပိုင်းတွင် သူက ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ် ကျောထောက်နောက်ခံ စီမံကိန်းက နှေးကွေးသွားသည့် အရိပ်အယောင် အနည်းငယ်မျှသာ တွေ့ရသည်။ တရုတ်နိုင်ငံနှင့် နီးကပ်သော ဆက်ဆံရေးတခု တည်ဆောက်ခဲ့သော ဝန်ကြီးချုပ် ဟွန်ဆန် က ဇူလိုင်လတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတခုတွင် ၃၃ နှစ်ကြာ ချုပ်ကိုင် ထားသော အာဏာကို ဆက်လက် တိုးချဲ့နိူင်ခဲ့သည်။ အဓိက အတိုက်အခံပါတီကို သူက ဖျက်သိမ်းပြီးမှ ပြုလုပ်ခဲ့သော အဆိုပါ ရွေးကောက်ပွဲသည် လွတ်လပ်မှုရော၊ တရားမျှတမှုပါ မရှိဟု အမေရိကန် နိုင်ငံက ပြောသည်။
၂၀၁၈ ခုနှစ် ဒုတိယ ၃ လပတ်အတွင်းတွင် ဖနွမ်းပင်မှ အဆင့်မြင့် ကွန်ဒိုတခု၏ ဈေးနှုန်းက ၁ စတုရန်းမီတာ လျှင် ဒေါ်လာ ၃၂၀၀ ရှိသည်။ ၂၀၁၃ ခုနှစ်ကထက်စာလျှင် ၆၀ ရာခိုင်နှုန်းတက်လာခြင်း ဖြစ်ကြောင်း CBRE Group Inc ၏ အဆိုအရ သိရသည်။ စီးပွားရေး ခရိုင်ဖြစ်သည့် Doun Penh တွင် မြေဈေးက စတုရန်း ၁ မီတာလျှင် အမေရိကန် ဒေါ်လာ ၉၀၀၀ ရှိကြောင်း ပြည်တွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ၂၀၁၄ ခုနှစ်ကထက်စာလျှင် ၃ ဆ နီးပါး မြင့်တက်သွားခြင်း ဖြစ်သည်။
ဖနွမ်းပင်တွင် ကွန်ဒိုတိုက်ခန်းရောင်းလိုအားက ယခုနှစ်အတွင်းတွင် ၂ ဆတိုး၍ အခန်း ၂၀၀၀၀ ကျော် အထိ ရောက်ရှိသွားမည်ဟု မျှော်လင့်ထားကြောင်း CBRE Group Inc ကဆိုသည်။ အရှေ့တောင် အာရှတွင် ဒုတိယ အဆင်းရဲဆုံး နိုင်ငံတခု အတွက် ခွင့်ပြုထားသော တချို့စီမံကိန်းများက ကြီးမားလွန်းနေသည်။
Guangzhou Yuetai Group ၏ Harbor Bay စီမံကိန်းတွင် မြို့တော်၏ မြစ်ကမ်းပါးတလျှောက်တွင် ၂၄ ထပ်မြင့် အဆောက်အဦများ ပါဝင်သည်။ မက္ကာအို အခြေစိုက် Sun Kian Ip Group က ၁၃၃ ထပ်မြင့် World Trade Center မျှော်စင် အမြွှာကို ဒေါ်လာ ၂.၇ ဘီလီယံဖြင့် တည်ဆောက်ရန် ဆန္ဒရှိနေပြီး ကမ္ဘာ့ အမြင့်ဆုံး သော အဆောက်အဦများ ဖြစ်လာလိမ့်မည် ဖြစ်သည်။
ပို၍ပင် ရည်မှန်းချက်ကြီးသည်မှာ ဖနွမ်းပင်၏ မြောက်ပိုင်းတွင် ဒေါ်လာ ၈၀ ဘီလီယံတန် မြို့တော်သစ် တည်ဆောက်မည့် အစိုးရ၏ အစီအစဉ် ဖြစ်သည်။ ဟွန်ဆန်၏ တရားဝင် ဘွဲ့အမည်နှင့် ရာသီခွင် သင်္ကေတကို အစွဲပြု၍ “Samdech Techo Dragon City” ဟု အမည်ပေးထားသည်။
“နောက်ဆုံးတော့ ဒီစီမံကိန်း အများအပြားက အောက်ခြေက လူတွေ အကျိုးရှိတာက နည်းနည်း၊ ထိပ်တန်း အစိုးရအရာရှိကြီးတွေရဲ့ အိတ်ထဲကိုပဲ ငွေတွေရောက်သွားတာ” ဟု ဝါရှင်တန် အခြေ စိုက် Wilson Center ၏ အာရှ အစီအစဉ်မှ ဒုတိယ ဒါရိုက်တာ Michael Kugelman က ပြောသည်။
“အဲဒါက ကမ္ဘောဒီးယားရဲ့ ဝမ်းနည်းစရာ အဖြစ်မှန်တွေထဲက တခုပါ” ဟု သူက ဆိုသည်။
ခေတ်သစ်ပိုးလမ်းမ၏ အခြားနေရာများအတိုင်းပင် စီမံကိန်းအတွက် ဘဏ္ဍာငွေထောက်ပံ့မှုက များသော အားဖြင့် တရုတ်နိုင်ငံမှလာသည်။ တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံး မြီရှင်၊ ကုန်သွယ်ဘက်နှင့် ရင်းနှီး မြှုပ်နှံသူ ဖြစ်လာပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပ ကြွေးမြီ အမေရိကန်ဒေါ်လာ ၆ ဘီလီယံတွင် တဝက် နီးပါးကို ထိန်းချုပ်ထားသည်။
ကမ္ဘောဒီးယားနိုင်ငံက တရုတ် ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုသော်လည်း တရုတ်နိုင်ငံ အပေါ်တွင် မှီခိုရမှု တိုးလာ သည်ကို စိုးရိမ်သည်ဟု Supreme National Economic Council မှ အကြီးတန်း အကြံပေး Mey Kalyan က ပြောသည်။
“အနာဂတ်မှာ ပြဿနာတွေကို ရှောင်ရှားဖို့ အတွက် ဒီရင်းနှီးမြှုပ်နှံမှုတွေကို စီမံခန့်ခွဲတဲ့ နေရာမှာ နည်းဗျူဟာ ကျကျ ချဉ်းကပ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတခုတည်းကပဲ ရင်းနှီးမြှုပ်နှံမှုကို လွှမ်းမိုးထားတာကို ကျနော်တို့ ခွင့်မပြုသင့်ပါဘူး” ဟု သူက ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုက ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆.၃ ဘီလျံသို့ ၂ ဆနီးပါး တက်လာကြောင်း ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (Council for the Development of Cambodia) ၏ အဆိုအရ သိရသည်။
ပြီးခဲ့သည့် ၅ နှစ်အတွင်းတွင် တရုတ်နိုင်ငံက အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်ခဲ့သည်။ ယခုနှစ် အစောပိုင်းတွင် တရုတ်ကုမ္ပဏီများက ဖနွမ်းပင်နှင့် Sihanoukville ကို ဆက်သွယ်မည့် အဝေးပြေး လမ်းတခု အပါအဝင် စီမံကိန်း အသစ်များတွင် အမေရိကန် ဒေါ်လာ ၇ ဘီလီယံ ထပ်မံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ကမ်းရိုးတန်းမြို့အနေဖြင့် ကျော်ကြားသည့် Angkor Wat ကျောင်းတော်သို့ ဝင်ရာလမ်း ဖြစ်သော Siem Reap တို့သည်လည်း တရုတ် ရင်းနှီးမြှုပ်နှံသူများ၏ ပစ်မှတ်များ ဖြစ်ကြသည်။ ပြီးခဲ့သည့် နှစ်အတွင်းတွင် မြေယာ စီမံခန့်ခွဲရေး၊ မြို့ပြစီမံကိန်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကမ္ဘောဒီးယားနိုင်ငံ တလွှားတွင် စီမံကိန်း ၃၀၀၀ ကျော် ခွင့်ပြုခဲ့ပြီး တန်ဖိုးမှာ ၆.၄၂ ဘီလျံ ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် မလာရောက်မီ ၂၀၁၅ ခုနှစ်ကထက် ၂ ဆနီးပါး တိုးလာခြင်း ဖြစ်သည်။
“ငွေကြေးနဲ့ ပြန်ရမှာတွေ အရ ကြည့်မယ်ဆိုရင် သူတို့က ပိုပြီးတည်ငြိမ်တဲ့ ဒေါ်လာ စီးပွားရေးတခုမှာ ရင်းနှီး မြှုပ်နှံရတာကို အလွန်ပျော်ကြပါတယ်။ အရင်းအနှီး တန်ဖိုးတက်တာ သို့မဟုတ် အငှားကနေ ပြန်ရမှာတွေကို သိပ်စိတ်မဝင်စားကြဘူး” ဟု Ross Wheble က ပြောသည်။
ကွန်ဒို အသစ်အများစုကို တရုတ် ရင်းနှီးမြှုပ်နှံသူများက ဝယ်ယူနေကြသည်။ သူတို့က ကမ္ဘောဒီးယားတွင် နေခြင်း သို့မဟုတ် ပြန်လည် အငှားချခြင်းများ မပြုလုပ်ကြသည့် အတွက် မြစ်ကမ်းလေးမှ အဆင့်မြင့် နေရာ ဖြစ်လာသည့် Tonle Bassac ကဲ့သို့သော ဖွံ့ဖြိုးရေး ဇုန်တချို့တွင် တည်ဆောက်ပြီးစီးပြီး ဖြစ်သည့် အဆင့်မြင့် အဆောက်အဦများ ဒါဇင်နှင့်ချီ၍ ရှိနေသည့်တိုင် မှောင်မဲ တိတ်ဆိတ်၍ နေစေ၏။
“တရုတ်ကုမ္ပဏီတွေက ဆောက်ပြီးရင်း ဆောက်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က ပြည်တွင်းကလူ ဝယ်တာ မဝယ်တာကို ဂရုမစိုက်ကြဘူး” ဟု ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီ အုပ်စုတခု ဖြစ်သည့် WorldBridge International Co ၏ ဥက္ကဋ္ဌ Rithy Sear က ပြောသည်။
ဆောက်လုပ်ရေး ကုမ္ပဏီများ အတွက် ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံ၏ အပြင်ဘက်မှ ဒေါ်လာကို အဓိကထားသည့် စီးပွားရေးတခုနှင့် ရင်းနှီးသည့် အစိုးရတခု ရှိသော တိုင်းပြည်တခုတွင် ဝင်ငွေ ရှာနိုင်မည့် လမ်းကြောင်းတခုကို ပေးသည်။ မြေနှင့် ကွန်ဒိုဈေးနှုန်းများက အလွန်အမင်း မြင့်တက်ခဲ့သော်လည်း တရုတ် နိုင်ငံက ဈေးနှုန်းများထက်စာလျှင် နည်းပါးနေဆဲ ဖြစ်သည်။
“အဲဒါက သူတို့အတွက်တော့ မပြောပလောက်ဘူးလေ” ဟု Rithy Sear က ပြောသည်။
သို့သော်လည်း ဈေးကွက်တွင် အက်ကြောင်းများ စတင်ပြသနေပြီ ဖြစ်သည်။ ယခင်က အနည်းငယ်မျှသော နိုင်ငံခြားသား အသိုင်းအဝိုင်းကို ၁ စတုရန်းမီတာလျှင် ဒေါ်လာ ၃၀ နှုန်းဖြင့် ငှားရမ်း၍ အကျိူးအမြတ် ရှိခဲ့ကြသော တိုက်ခန်းပိုင်ရှင်များမှာ ယခုနှစ်အတွင်းတွင် ဈေးနှုန်းများကို ၄၀ ရာခိုင်နှုန်းမျှအထိ လျှော့ချပေးရန် ဖြစ်လာခဲ့သည်ဟု Ross Wheble ကပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်များက သေးငယ်၍ ဈေးနှုန်းသက် သာသော အခန်းများတည်ဆောက်ရန် သို့မဟုတ် စီမံကိန်းများကို အခြားသော အသုံးချမှုများဘက်သို့ ကူးပြောင်းရန် ကြိုးစားနေကြသည်။
“ကွန်ဒိုခေတ် ကုန်သွားပြီလို့ ကျနော်ထင်ပါတယ်” ဟု Intan Kosem ကပြောသည်။
သူ၏ ဆောက်လုပ်ရေး ကုမ္ပဏီက ကွန်ဒို ၁၃ ခန်း တည်ဆောက်ခဲ့သည်။
“ဆောက်လုပ်ရေး စီမံကိန်းတွေက များလွန်းတယ်။ အဲဒါတွေ အဆုံးသတ်ရမယ့် အချိန်ရောက်လာတာနဲ့ အမျှ အခက်အခဲတွေ အများကြီး ရှိလာတော့မယ်လို့ ကျနော် ထင်ပါတယ်” ဟုက သူက ဆိုသည်။
တရုတ်နိုင်ငံမှ Sino Great Wall International Engineering Co. က ဒေါ်လာ ၂.၇ ဘီလျံတန် မျှော်စင် အမြွှာ စီမံကိန်းတွင် ပါဝင်ခြင်းမရှိတော့ဘဲ ယခုနှစ်အတွင်းတွင် ပြန်ထွက်သွားခဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာ စွန့်စား ရမှုများနှင့် ထိန်းချုပ်ရန် မရနိုင်သော ကြီးမားသည့် အန္တရာယ်များကြောင့်ဟု ဆိုသည်။
စီမံကိန်းကို ပိုင်ဆိုင်သူ များ ဖြစ်ကြသည့် Thai Boon Roong Group နှင့် Sun Kian Ip တို့ကမူ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ကြပြီး မတ်လ အတွင်းတွင် စတင်ဆောက်လုပ်မည် ဖြစ်ကြောင်း ပြောကြသည်။ မှတ်ချက်တောင်းခံရန် အတွက် Sino Great Wall သို့ ဖုန်းနှင့်ရော၊ အီးမေးလ်နှင့်ပါ ဆက်သွယ်ခဲ့သော်လည်း တုန့်ပြန်မှု မရရှိခဲ့ပါ။
ထိုအချိန်မှာပင် ဖနွမ်းပင်၏ မြင်ကွင်းက ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ ၂၀၁၁ ခုနှစ်မတိုင်မီ အထိ မြို့တော်တွင် ၁၅ ထပ်ထက် ပိုမြင့်သည့် အဆောက်အဦ မရှိပေ။
စီးပွားရေးလုပ်ငန်းများက ဗုဒ္ဓဘာသာ ဘုရားကျောင်းများနှင့် ၁၉၇၅ ခုနှစ်တွင် မြို့တော်ကို ခမာနီတို့ သိမ်းပိုက်လိုက်သည့် အချိန်တွင် အဆုံးသတ် ခဲ့ရသော ဆယ်စုနှစ် ၂ ခုကြာ ဗိသုကာပညာ ပြန်လည် သက်ဝင် နိုးကြားခဲ့ရသော ကာလမှ ခေတ်သစ်လက်ရာ ကျောက်သား အဆောက်အဦများနှင့် ရောယှက်နေသော အိမ်ဟောင်းများ၊ ဈေးဆိုင်အိမ်များတွင် လုပ်ကိုင်ကြရသည်။
မြို့တော်၏ အဆင်းရဲဆုံးသူအချို့မှာ အပြောင်းအလဲ၏ ဆိုးကျိုးများကို ခံစားခဲ့ကြရပြီး ဖြစ်သည်။ ထောင်နှင့်ချီ သော မိသားစုများမှာ မြို့တော်အလယ်ရှိ ကန်ဟောင်းတခု ဖြစ်သည့် Boeung Kak ဝန်းကျင်နေရာမှ ဖယ်ရှားခြင်း ခံခဲ့ကြရသည်။ ထိုနေရာသည် ဆောက်လုပ်ရေးလုပ်ငန်းအတွက် သဲများဖြင့် မဖြည့်မီ အချိန်က ဗဟိုပန်းခြံကန်ထက် အရွယ်အစား ၁၀ ဆ ပိုမိုကြီးမားခဲ့သည်။ အာဏာရပါတီမှ အထက်လွှတ်တော် အမတ် တဦး၏ မိသားစု ပိုင်ဆိုင်သည့် အဆိုပါ စီမံကိန်းသည် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်းတွင် ရပ်လိုက်၊ လုပ်လိုက်နှင့် ရှိနေခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် တရုတ် ကျောထောက်နောက်ခံ အသစ်ဖြင့် ပြန်လည်စတင်ခဲ့သည်။
“ကျမတို့ အရမ်းကြောက်တယ်” ဟု အသက် ၂၈ နှစ်အရွယ် Thida က ပြောသည်။
သူက ယခင်ကန်၏ ကမ်းခြေဖြစ်ခဲ့ရာ နေရာတွင် နေထိုင်သူ ဖြစ်သည်။ သူ၏ နေအိမ် ဖြိုဖျက်ခံရမည်ကို စိုးရိမ်နေသည်။
“ကမ္ဘောဒီးယားမှာ အရာရာတိုင်းကို ကျမပြောင်းလဲချင်တယ်။ ဒါပေမယ့် ကျမတယောက်တည်း လုပ်လို့ မရဘူး” ဟု သူက ဆိုသည်။
(Bloomberg ပါ Philip Heijmans ရေးသည့် Chinese Money Is Driving One of Asia’s Fastest Property Booms ကို ဆီလျော်အောင် ဘာသာပြန်သည်။)