အမျိုးသားလွှတ်တော် စိုက်ပျိုးရေးကော်မတီသည် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပစ္စည်းများနှင့် တနိုင်ငံလုံးမှ လယ်သမားများ၊ အလုပ်သမားများ၊ စားသုံးသူများ ဘဝအရည်အသွေးနှင့် ကျန်းမာရေးအပေါ် ၎င်းတို့၏ သက်ရောက်မှုများကို ပထမဆုံးအကြိမ်အဖြစ် စုံစမ်းစစ်ဆေးတော့မည်ဖြစ်ကြောင်း ကော်မတီ ဥက္ကဌ၏ အဆိုအရ သိရသည်။
“လယ်သမားများသုံးတဲ့ စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများတွေနဲ့ တရားဝင်နဲ့ တရားမဝင် တင်သွင်းလာတဲ့ အဲဒီ ဓာတုပစ္စည်းများတွေကို လယ်သမားတွေ ဘယ်လိုသုံးတယ်ဆိုတာကို ကျနော်တို့စုံစမ်းစစ်ဆေးမယ်။ ဓာတုဓာတ်ကြွင်း တွေရဲ့ စိုက်ပျိုးရေးအပေါ်သက်ရောက်မှုကိုလည်း စုံစမ်းစစ်ဆေးမယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် စိုက်ပျိုးရေးကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။
“သီးနှံတွေထဲက ပေါင်းသတ်ဆေးတွေနဲ့ဓာတ်မြေသြဇာ အကြွင်းအကျန်တွေရဲ့ ထိခိုက်မှုကို စိုးရိမ်မကင်းဖြစ်တယ်။ ဓာတုပစ္စည်းဆိုတာ လယ်သမားတွေ၊ စားသုံးသူတွေရဲ့ ကျန်းမာရေးကိုသာမက ပတ်ဝန်းကျင်ကိုလည်း ထိခိုက်တယ်။ သီးနှံတွေကို စိုက်ပျိုးရေးသုံး ဓာတုပစ္စည်း တွေက ထိခိုက်မှုကို လျှော့ချဖို့ ဘယ်လိုလုပ်မလဲဆိုတာ နားလည်ဖို့ ကျနော်တို့ ကြိုးစားမယ်” ဦးအောင်ကြည်ညွန့်က ပြောသည်။
ကမ္ဘာ့ဘဏ်နှင့် အသက်မွေးဝမ်းကြောင်းနှင့် အစားအစာဖူလုံရေး ရန်ပုံငွေ LIFT တို့က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာလယ်သမားများသည် ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေသြဇာများကို မိုးရာသီတွင်သာမက နွေရာသီတွင်လည်း စပါးစိုက်ရန် အသုံးပြုကြသော်လည်း ထိရောက်မှုမရှိသော အသုံးပြုနှုန်းများနှင့် မသင့်လျှော်သောအချိုးအစားများကို သုံးသည်ဟု သိရသည်။ ထိုသို့ဖြစ်ပွားရခြင်းမှာ စိုက်ပျိုးရေးသုတေသန မရှိခြင်းနှင့် အစိုးရက ပြည်သူကို ပညာပေးမှု မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ဖေါ်ပြထားသည်။
စုံစမ်းစစ်ဆေးမှုကို ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် UNDP က ထောက်ပံ့မည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် ပတ်သက်သော အကြောင်းအရာကို လွှတ်တော်က စုံစမ်းစစ်ဆေးသည်မှာ မြန်မာ့သမိုင်းတွင် ပထမဆုံးဖြစ်သည်ဟု ဆိုသည်။ အစိုးရ၊ လူမှု အခြေပြုအဖွဲ့များ၊ ပုဂ္ဂလိက ကဏ္ဍနှင့် တသီးပုဂ္ဂလ လူပုဂ္ဂိုလ်များမှ အချက်အလက်မျာ းတင်သွင်းရန် ကော်မတီက အများပြည်သူသို့ ပန်ကြားထားသည်။
မဲဆန္ဒနယ်များမှ ပြည်သူများ ဓာတုပစ္စည်းသုံးစွဲမှုကို စုံစမ်းစစ်ဆေးမည့် လွှတ်တော်ကိုယ်စားလှယ်များထံသို့လည်း ကော်မတီက မေးခွန်းလွှာများ ဖြန့်ချိထားကြောင်း ဦးအောင်ကြည်ညွန့်က ပြောသည်။
ထိုမေးခွန်းလွှာများတွင် အကြမ်းအားဖြင့် ဓာတုပစ္စည်းအမည်၊ ကုန်အမှတ်တံဆိပ်၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ ထုတ်လုပ်သည့်နိုင်ငံနှင့် အသုံးပြုရခြင်း အကြောင်းရင်းတို့ ပါဝင်သည်။
သက်ဆိုင်ရာဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများနှင့် ပြည်သူများထံမှ သတင်းအချက်အလက်များကိုလည်း ကော်မတီက ကောက်ယူမည်ဖြစ်သည်။ စိတ်ပါဝင်စားသည့် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း သို့မဟုတ် ပြည်တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းမဆိုထံမှ အချက်အလက်များကို လက်ခံသွားမည်ဖြစ်ကြောင်း ကော်မတီကပြောသည်။
“ရရှိတဲ့ အချက်အလက်တွေကို ထပ်မံ ကြားနာမှုတွေလုပ်ဖို့အစီအစဉ်လည်း ရှိတယ်။ ပြီးရင် အဓိက ကောက်ချက်နဲ့ မူဝါဒဆိုင်ရာဖြေရှင်းမှုတွေနဲ့ ပြဿနာကို ကိုင်တွယ်ဖို့ အစိုးရအတွက် အကြံပြုချက်တွေပါဝင်တဲ့ အစီရင်ခံစာ ထုတ်ပြန်မယ်” ဟု သူပြောသည်။