ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့တွင် ညဈေးသစ်ဖွင့်လှစ်ရန် ရခိုင်ပြည်နယ်အစိုးရက မီးစိမ်းပြလိုက်ပြီ ဖြစ်ပြီး ယင်း နေရာ ဒေသသည် သာယာလှပသော ငပလီကမ်းခြေနှင့် မိုင်အနည်းငယ်သာ သွားရသောကြောင့် အလွန်နီးကပ် သည်။
ယခုကဲ့သို့ ညဈေး ဖွင့်လှစ်ခြင်းဖြင့် ရခိုင်ဒေသခံ အသိုင်းအဝိုင်းကို ညဘက် လမ်းထွက်ခြင်း (Night-out) အလေ့အထ ကို မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားများကိုလည်း ဆွဲဆောင်မှုတခုဖြစ်သည်။
သြဂုတ်လတွင် ရခိုင်ပြည်နယ် အစိုးရထံသို့ ညဈေးစီမံချက်အတွက် အဆိုတင်သွင်းခဲ့သည့် ဒေသခံပေါင်း ၁၀၀ နီးပါး ရှိကြောင်း သံတွဲမြို့ရှိ ပုဂ္ဂလိကကုမ္ပဏီ တခုဖြစ်သော ရွှေခိုင်သဇင်၏ မန်နေဂျင်းဒါရိုက်တာ ကိုထွန်းသန့်ကျော်က ပြောပြ သည်။ အောက်တိုဘာလ ၁၂ ရက်တွင် ပြည်နယ်အစိုးရရုံးက တရားဝင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်နှင့် မန္တလေးကဲ့သို့ စီးပွားရေး မြို့တော်များတွင် နေထိုင်သူများအတွက် ညဈေးနှင့် ညဘ၀ အလေ့အထသည် အဆန်းတကြယ် မဟုတ်တော့သော်လည်း ရခိုင်ပြည်နယ် အတွက်မူ အသစ် တခုဖြစ်နေသည်။
သံတွဲသို့ ရောက်လာသည့် ကမ္ဘာလှည့်ခရီးသွားများက ရခိုင်ရိုးရာဟင်းလျာများနှင့် ဒေသထွက် လက်မှု ပစ္စည်းများကို မည်သည့်နေရာ၊ မည်သည့်ဈေးတွင် ဝယ်ရမည် မသိသဖြင့် မကြာခဏ မေးတတ်ပုံကို ကိုထွန်းသန့်ကျော် သိပြီး ဖြစ် သည်။
“ငါးထုတ်လုပ်တဲ့ ပင်လယ်ကြီးနဲ့ ငါးလုပ်ငန်း ထွက်ကုန်တွေ အများကြီးရှိပေမယ့် ဒေသခံတွေက မြို့အနီးတဝိုက် အလွယ် တကူ မဝယ်ယူနိုင်ကြပါဘူး။ ဒီစီမံချက် ဖန်တီးခြင်းအားဖြင့် သံတွဲမြို့ခံတွေ အတွက်လည်း အနည်းဆုံး လည် စရာပတ်စရာ နေရာ တခုရတာပေါ့ဗျာ”ဟု သူက ပြောပြသည်။
ယင်းစီမံချက်ကို ပြည်နယ်အစိုးရထံမှ ဘဏ္ဍာငွေဖြင့် အကောင်အထည် ဖော်ခဲ့ခြင်းမဟုတ်ဘဲ သံတွဲမြို့ခံ များနှင့် စီးပွားရေးသမားများ ရင်းနှီးထည့်ဝင်ငွေဖြင့် အကောင်အထည် ဖော်ခဲ့ကြောင်း ၎င်း၏ အဆိုအရ သိရသည်။
ညဈေး ထူထောင်နိုင်ရေး အတွက် လျှပ်စစ်မီးနှင့် ရေ၊ ဈေးတည်ရာ မြေယာရရှိရေး၊ ရေနုတ်မြောင်းစနစ် အပါအဝင် လိုအပ်သည့် အခြေခံအဆောက်အအုံများ ပေါ်ပေါက်စေရန် ၎င်းတို့ စီမံချက် ရေးဆွဲခဲ့ကြသည်။
ယခု စီမံကိန်းအသစ်မှ ဒေသခံပြည်သူ အများအပြားအတွက် အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မည်ဟု သူက ယုံကြည်နေသည်။
ပြည်နယ်အစိုးရက ညဈေးဆောက်ရန် ခွင့်ပြုသည့်မြေနေရာမှာ သံတွဲမြစ်ကူးတံတား အနီးရှီ သံတွဲမြို့ မြို့မ အားကစား ကွင်း အရှေ့ဘက်တွင် တည်ရှိသည်။
သို့သော် ထိုနေရာသည် ငပလီကမ်းခြေ၊ ဟိုတယ်ဇုန်မှ ၁၄ မိနစ်ခန့် မောင်းနှင်ရသောကြောင့် ၈ ကီလိုမီတာ ကွာဝေး နေ သဖြင့် ကမ္ဘာလှည့်ခရီးသွားများကို ကောင်းစွာ ဆွဲဆောင်နိုင်ခြင်း မရှိပေ။
ငပလီကမ်းခြေတွင် မွန်းလွဲနှောင်းပိုင်းနှင့် ညနေပိုင်းတွင် ထုံးစံအတိုင်း ဆည်းဆာအလှနှင့် ကမ်းခြေတွင် ရေကူးရင်း ပျော်စရာ အပန်းဖြေနိုင်သည်။
သို့ဖြစ်၍ ညဈေးတခုကို ကမ်းခြေ၊ ဟိုတယ်ဇုန်တို့နှင့် ပိုမိုနီးကပ်စွာ တည်ဆောက်လျှင် ကမ္ဘာလှည့် ခရီးသွားများ အတွက် ဆွဲဆောင်စရာ မြင့်တက်လာနိုင်သည်။
ရွှေခိုင်သဇင် ကုမ္ပဏီက လာမည့်လများတွင် အကောင်အထည်ဖော်မည့် ယင်းစီမံချက်၏ ကနဦးအဆင့်ကို နေရာ သတ်မှတ်ရေး ဆောင်ရွက်သွားမည် ဖြစ်သည်။
ရွေးချယ်ထားသော မြေနေရာတွင် ကွန်ကရစ် ကြမ်းခင်း သွန်းလောင်းရန် ရှိသည်။ ထို စီမံချက်သည် ကျပ်ငွေ သန်း ၁၀၀ (ဒေါ်လာ ၆၃၂၀၀) ကုန်ကျမည်ဟု အဆိုပါ အများပိုင်ကုမ္ပဏီက ခန့်မှန်း ထားသည်။ သို့သော် ဈေးကို အကွက် ရိုက် ၍ နေရာချထားရေး အတွက် တာဝန်ယူမည့် သူကို ကော်မတီက ရွေးချယ် ဆုံးဖြတ်မည်ဖြစ်သည်။
“ဘုရားပုထိုးတွေက လွဲလို့ သံတွဲမှာ ညဘက်ဆို လည်ပတ်နေရာရယ်လို့ ကျနော်တို့မှာ မရှိပါဘူး။ ခင်ဗျား သိတဲ့ အတိုင်း ဘုရားကျောင်းကန် ဆိုတာလည်း ကမ္ဘာလှည့်ခရီးသွားတွေ ညဘက် လည်ပတ်ချင်တဲ့ နေရာမဟုတ်ဘူးလေ။ မြို့ခံတွေတောင်မှ ညဘက် စားချင်သောက်ချင်ပေမယ့် တနေရာတည်း အမယ်စုံရနိုင်တဲ့ ဈေးရယ်လို့က မရှိဘူးဗျာ” ဟု ကိုထွန်းသန့်ကျော်က ပြောသည်။
မြို့နယ်စည်ပင်က အဆိုပါ ညဈေးအတွက် အမှိုက်သိမ်းစနစ် စီစဉ်ပေးမည်ဟု သူက ပြောသည်။
မည်သို့ပင် ဆိုစေ သံတွဲမြို့နယ် စည်ပင်အရာရှိက ဧရာဝတီသို့ ယခင်က ပြောကြားရာတွင် စည်ပင်ဝန်ထမ်း အင်အား မလုံလောက်၍ ငပလီကမ်းခြေအတွက် အမှိုက်သိမ်းစနစ် စီမံခန့်ခွဲမှု အားနည်းနေကြောင်း ထည့်သွင်း ပြောကြားဖူး၍ ယခုစီမံချက် အသစ်အတွက် လုံလောက်သော ဝန်ထမ်းအင်အား ရှိ၊ မရှိမှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ဈေးစီမံခန့်ခွဲမှု အတွက် ကော်မတီတရပ်ကို အစိုးရ၊ စည်ပင်ဘက်မှ အဖွဲ့ဝင်များနှင့် သြဇာလွှမ်းမိုးမှုရှိသည့် စီးပွားရေး သမား အချို့ပေါင်းစပ် ဖွဲ့စည်းပေးရန် အာဏာပိုင်များကို သူက အကြံပြုထားသည်။
“ငပလီမှာ ညဘက် စည်ကားဖို့ ဒီနည်းလမ်းကလွဲလို့ တခြားမရှိပါဘူး။ ဒါပေမယ့် ညနေဘက်ဆို ကားမောင်း သွားရ တာ၊ ဒါမှမဟုတ် ခပ်ဝေးဝေး ထွက်ရတာကို မလိုလားကြပါဘူး။ အထူးသဖြင့် ညစာစားပြီးတဲ့ အချိန်ဆို ပိုမထွက်ချင် ကြဘူး။ ဒါကြောင့် နီးနီးနားနား ဖြစ်ဖို့လိုပါတယ်”ဟု ငပလီကမ်းခြေရှိ Laguna Lodge Eco ဟိုတယ် လုပ်ငန်း လုပ်ကိုင် နေသူ အိုလီဗာအိစိုးသက် က ပြောသည်။
ညဈေးစီမံချက် စည်းကမ်းများတွင် ရောင်းချမည့်ပစ္စည်းများမှာ တရုတ် (သို့မဟုတ်) ထိုင်းမှတင်သွင်းသော ပစ္စည်းများ အစား ရခိုင်ဒေသထွက် အများစုဖြစ်ပြီး ရိုးရာအမှတ်တရ လက်မှုများ၊ ရခိုင် အစားအသောက်များနှင့် မုန့်ပဲသွားရည်စာ များ အဖြစ် သတ်မှတ်လျှင် စိတ်ကူးကောင်းဟု သူက ယုံကြည်ထားသည်။
ဒေသထွက်ကုန် အစစ်အမှန်များဖြစ်သည့် အုန်းလက်မြေပုံများ၊ ဦးထုပ်များ၊ အုန်းသီးခွံ အနုပညာလက်ရာများ၊ ပင်လယ် ခရုဖြင့် ပြုလုပ်ထားသော ပစ္စည်းများအပြင် ဝါးဖြင့် ပြုလုပ်ထားသော အသုံးအဆောင်များက ကမ္ဘာလှည့် ခရီး သည်များကို ပိုမိုဆွဲဆောင်နိုင်သည်။
ရခိုင် ထွက်ကုန် ပစ္စည်းများကို ရခိုင် တိုင်းရင်းသားများက ဦးစီးသည့်ဈေးတွင် ရောင်းချခြင်းဖြင့် ရခိုင်လူထုနှင့် အသေးစား နှင့် အလတ်စား လုပ်ငန်းများလည်း ဝင်ငွေတိုး လာမည်ဟု သူက မျှော်မှန်းထားသည်။
“မိသားစုပုံစံ ရောင်းချတဲ့ ရခိုင်အချိုပွဲနဲ့ မုန့်တီဆိုင်လိုမျိုးတွေ အများကြီး ရှိသင့်ပါတယ်။ ဒေသပုံရိပ် ညှိုးနွမ်းစေတဲ့ စားသောက်ဆိုင် လိုမျိုး မဟုတ်ဘူးပေါ့။ အမျိုးသမီးတွေက ရှေ့တန်းကနေ အမှတ်တရ ပစ္စည်းတွေ၊ အစားအသောက် တွေ ရောင်းချနိုင်တာမျိုးပါ။ အထူးသဖြင့် အချိုပွဲပေါ့။ ဒေသခံ လူထုအတွက် သူတို့ကိုယ်သူတို့ ဂုဏ်ယူစရာ တခုခု ရှိစေချင်တယ်”ဟု သူက ဆိုသည်။
ဟိုတယ် လုပ်ငန်း လုပ်ကိုင်နေသူ အိုလီဗာသည် ငပလီ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မြှင့်တင်ရန် အတွက် တက်ကြွ လှုပ်ရှားသူ တဦးဖြစ်ပြီး ငပလီသဲသောင်ယံမှ သဲများကို ယူ၍ ဈေးတည်ဆောက်ရေးတွင် သုံးမည်ကို စိုးရိမ် နေ သည်။ ၎င်းသည် သဲသောင်ယံ တူး၍ သုံးခြင်းကို ဆန့်ကျင် လှုပ်ရှားနေသူ ဖြစ်သည်။
ဂျာမန်နွယ်ဖွား အိုလီဗာသည် ငပလီကမ်းခြေတွင် အခြေချခဲ့သည်မှာ နှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၎င်းက ငပလီ ကမ်း ခြေရှိ ကျေးရွာတွင် လူမှုအသိုင်းအဝိုင်း အခြေခံ ညဈေးတခု တည်ဆောက်ရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုထံ ၂၀၁၇ ခုနှစ် အကုန်ပိုင်းက တင်ပြခဲ့ဖူးသည်။
သို့သော် နောက်တနှစ် ကူးသည်အထိ ယင်းဈေး တည်ဆောက်ရေးမှာ နှောင့်နှေးနေဆဲဖြစ်သည်။ မဝေးလှသော ကာလ က သူအကြံပြုခဲ့သော ညဈေးသည် သံတွဲမြို့ကို ထည့်မတွက်ဘဲ ငပလီကမ်းခြေ အနီးတွင်သာ တည်ဆောက် သွားမည့် အစီအစဉ် ဖြစ်သည်။
သံတွဲမြို့သည် မွတ်စလင်များနှင့် ကမန်လူမျိုးများ အပါအဝင် လူမျိုးစုံ ရောနှောနေထိုင်ပြီး အများစုမှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြသည်။ ဘင်္ဂါလီ မွတ်စလင်များနှင့် ရခိုင်အသိုင်းအဝိုင်းတို့ ၂၀၁၂ ခုနှစ်က ပဋိပက္ခ စတင် ဖြစ်ပွားရာ သံတွဲ မြို့ခံများလည်း နှစ်အတန်ကြာ တုန်လှုပ်ခံစားခဲ့ရပြီး အာဏာပိုင်များက ယင်းဧရိယာကို နေဝင်မီးငြိမ်း ကာဖျူးမိန့် ထုတ်ပြန်ကာ ထိန်းသိမ်းခဲ့ရသည်။
၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ သံတွဲသို့ ကူးစက် ဖြစ်ပွားခြင်း မရှိခဲ့သော်လည်း သတင်းအမှား ပျံနှံ့မှုကြောင့် သံတွဲမြို့နေ လူ့အသိုင်းအဝိုင်းနှစ်ခုသည် အမုန်းတရားများ ရှိခဲ့သေးသည်။ သို့သော် အကြမ်းဖက်မှု ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး သတင်းများတွင် ဖော်ပြသည်ကို မတွေ့ရပေ။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Night Market in Thandwe Gets the Green Light By Moe Myint ကို ဆီလျော်အောင် ဘာသာပြန်သည်။