တရုတ်နိုင်ငံသို့ သွားမည့် စပါးတင်ကား ၁၇ စီးကို ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အဝင်တွင် ပူးပေါင်းအဖွဲ့က အောက်တိုဘာလ ၁၈ ရက်က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
အဆိုပါ စပါးတင်ကားများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နယ်မြေခံစစ်တပ်နှင့် ရဲတပ်ဖွဲ့က ပူးပေါင်း ဖမ်းဆီးခြင်းဖြစ်ကြောင်း အောက်တိုဘာလ ၁၈ ရက်တွင်ပင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ စီးပွား/ကူးသန်း ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောသည်။
ဦးရန်နိုင်ထွန်းက “တပ်နဲ့ နမ့်ဖက်ကာမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးတဲ့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နဲ့ ပေါင်းပြီး ဖမ်းတာပေါ့။ နမ့်ခမ်းမြို့အဝင်မှာ စပါးတင်လာတဲ့ ခြောက်ဘီးယာဉ် ၁၇ စီးဖမ်းမိပါတယ်။ ဌာနအားလုံးက ပူးပေါင်းပြီး ဖမ်းပေးတဲ့ ဖြစ်စဉ်ပါ” ဟု ပြောသည်။
တရုတ်သို့ စပါးများ တရားမဝင် တင်ပို့မှုများရှိသည့်အတွက် အရေးယူပေးရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းအဖွဲ့များက ဝန်ကြီးဌာနထံ တင်ပြတောင်းဆိုထားသည့်အတွက် ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း စစ်ဆေးနေခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က “ကင်တာ (Canter) နဲ့ ၁၇ စီးပေါ့။ တရားဝင် လား မဝင်လား ဆိုတာတော့ သေချာ မသိသေးဘူး။ စိစစ်တုန်းပဲ ရှိသေးတယ်။ ပူးပေါင်းအဖွဲ့နဲ့ ဖမ်း တာ။ လောလောဆယ်တော့ စာရွက် စာတမ်း ဘာမှ မပြနိုင်သေးဘူး။ စာရွက်စာတမ်းက နောက်က လိုက်လာတာမျိုးလည်း ရှိတယ်။ လောလော ဆယ်တော့ တိတိကျကျ မသိရသေးပါဘူး” ဟု ဆိုသည်။
ဆန်တင်ပို့ခြင်းကို အစိုးရက ခွင့်ပြုထားသော်လည်း စပါးကြိတ်ခွဲရာမှ ရရှိသည့် တိရစ္ဆာန်အစာ ကုန် ကြမ်းများ ရှားပါးခြင်းနှင့် အစာဈေးနှုန်း မြင့်တက်နိုင်ခြင်း တို့ကြောင့် စပါးအတိုင်း တင်ပို့ခြင်း ကို ခွင့်မပြုကြောင်းနှင့် မှောင်ခို တင်ပို့နေမှုများကို တားဆီးအရေးအယူရန် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များထံ အကြောင်း ကြားထားကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနက သိရသည်။
ဆန်ချောထက် စပါးအတိုင်း ဝယ်ယူခြင်းမှာ ဈေးပိုသက်သာသည့်အပြင် တရားမဝင် တင်သွင်းသည့် အတွက် အမြတ်ပို ရသောကြောင့် တရုတ်ဘက်သို့ စပါးအတိုင်း တင်ပို့မှုများ ပိုမို လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု ဆန်စပါး လုပ်ငန်းရှင် များက ဆိုသည်။
မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က “စပါးအစို ကို ၇ သိန်း ဈေးပေး တယ်။ အခြောက်ခံပြီး ၈ သိန်းဈေး၊ ဟိုမှာကျ ၁၂ သိန်းဈေးလောက် ဖြစ်သွား တာ။ အရင်က ဆန်ဝယ်တာ၊ အခု စပါးပဲ ဝယ် တော့တာ၊ ကျနော်တို့က ဆန်ရောင်းချင်တာ”ဟု မှောင်ခိုစပါးကွက်အခြေအနေနှင့် ပတ်သက်၍ ရှင်းပြသည်။
လက်ရှိ ပြည်တွင်း၌ စပါး အစိုပေါက်ဈေးမှာ တင်း ၁၀၀ လျှင် ငွေကျပ် ၅ သိန်း ၈ သောင်းဝန်းကျင် ရှိပြီး တရုတ် ကုန်သည် များက တင်း ၁၀၀ လျှင် ငွေကျပ် ၆ သိန်းကျော် ပေါက်ဈေးပေး၍ ဝယ်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။
အချို့သော ဒေသများတွင် တရုတ်ကုန်သည်များကိုယ်တိုင် ပြည်တွင်းသို့ ဝင်ရောက်၍ ဝယ်ယူမှုများ ပြုလုပ်နေ ကြောင်းလည်း ဆန်စပါးလုပ်ငန်းရှင်များထံမှ သိရသည်။
စီးပွား/ကူးသန်း အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက “တရုတ်နိုင်ငံသားတွေ ဆင်းဝယ်ခြင်း မဝယ် ခြင်းက သက်သေ မပြနိုင်ပါဘူး။ ကျနော်တို့လည်း အပြောပဲ ရှိတဲ့အပေါ်မှာ ကျနော်တို့ သိသလောက် တော့ တရားမဝင် စပါးထွက်နေတယ်။ အဲဒါကို တားပေးပါဆိုလို့ သက်ဆိုင်တဲ့ ဝန်ကြီးဌာန၊ ပြည်နယ် တိုင်းအစိုးရတွေ ပူးပေါင်းပြီး တားဆီးရေး ဆောင်ရွက်နေပါ တယ်”ဟု ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ပဲခူးတိုင်းအနောက်ခြမ်းတွင် စပါးကို တရုတ်ဝယ်လက်များ တရားမဝင် ဝင်ရောက်ဝယ်ယူနေသဖြင့် တားဆီးပေးရန် ပဲခူးတိုင်း(အနောက်) ဆန်စက်လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးလှဦးက တိုင်းဒေသကြီး အစိုးရကို တိုင်ကြားထားသေးသည်။
ပြည်ပသို့ စပါး တင်ပို့ပါက ပို့ကုန်/သွင်းကုန်ဥပဒေအရ သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံကိုဖြစ်စေ ချမှတ်အပြစ်ပေးနိုင်သည်ဟု သိရသည်။
ပြည်ပသို့ တရားမဝင် စပါးများ ထွက်နေခြင်းမှာ သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့၏ တားဆီးအရေးယူမှုအပေး အဓိကျကြောင်းကို ဦးနေလင်းဇင်က “အဲဒါက တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေရဲ့ အာဘော်ပဲဗျ၊ သူတို့က အရေးယူ ချင်လည်း ရတယ်။ အရေးမယူချင်လည်း ရတယ်။ သူတို့ဘာလုပ်ချင်လည်းပဲ မူတည်တယ်။ ဒါတွေကို တားဆီးအရေးယူဖို့ သမ္မတကြီး ဦးထင်ကျော် လက်ထက်ကတည်းက စာထွက်ထားပြီးသား” ဟု ပြောသည်။
စပါးများ တရားမဝင် ထွက်နေခြင်းမှာ ပြည်တွင်းဆန်စက်လုပ်ငန်းများအပေါ် ထိခိုက်စေသည့်အပြင် စပါးကြိတ်ခွဲရာမှ ရရှိသည့် တိရစ္ဆာန်အစာကုန်ကြမ်း ရှားပါးလာစေသည့်အတွက် ပြည်တွင်း သားငါးဈေးနှုန်းအပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ဆန်စပါးလုပ်ငန်းရှင်များက ထောက်ပြထားသည်။
ဆက်စပ်သတင်း – ပဲခူးတိုင်း၌ တရုတ်ကုန်သည်များ တရားမဝင် စပါး ဝယ်ယူမှု အရေးယူရန် တိုင်ကြား