ဥရောပသမဂ္ဂ (EU) ၏ ကုန်သွယ်ရေး အထူးအခွင့်အရေးများ ပိတ်ခြင်း၊ မပိတ်ခြင်းသည် ပြည်တွင်းသို့ ဝင်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပေါ် မထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (ရန်ကုန်) (DICA) က ပြောသည်။
DICA ဒု ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က“၂၀၁၃ မှ GSP အခွင့်အလမ်းလေးကို ပြန်ပေးတယ်။ ၅ နှစ်လောက်ပဲ ရှိသေးတယ်။ အဲဒီမတိုင်ခင်ကထိ ဒီ CMP (လက်ခစား အထည်ချုပ်) လုပ်ငန်းတွေက ထုတ်လုပ်တင်ပို့နေတယ်။ ပြောချင် တာ က မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ EU နိုင်ငံတွေက အစကတည်းကကိုပဲ ဦးဆောင် ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေ မဟုတ် ဘူး။ အာရှအနေနဲ့ပဲ အဓိက မြှုပ်နှံတယ်”ဟု ဧရာဝတီကို ပြောပြသည်။
အောက်တိုဘာလ ၁၈ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) တွင် အစိုးရက ခွင့်ပြုပေးထား သော ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုခြင်း ဖြစ်သည်။
EU က ကုန်သွယ်ရေး အထူးအခွင့်အရေးများကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံကို ကင်းလွှတ်ခွင့် ပေးထား ခြင်း ဖြစ်သည်။
“အခုကျတော့လည်း အထူးအခွင့်အရေး ပြန်ပိတ်မယ်လို့ ပြောတာပဲ၊ ဒီနေ့သတင်းတွေမှာ ကြားမှာပဲ။ ဒါတွေလုပ်ဖို့က လနဲ့ ချီကြာမှာပဲ။ ၆လလောက် ကြာမှာပဲ။ မြန်မာနိုင်ငံနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အနောက်နိုင်ငံနဲ့ ရင်းနှီးမြှုပ်မှုက အဓိကမဟုတ်ဘူး၊ ဒါကတချက်။ နောက်တခု အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အချို့ရှိတယ်။ ပြင်သစ်တို့ ဗြိတိန်တို့က ရေနံတို့၊ ဓာတ်ငွေ့တို့၊ မိုင်းတို့ ဒီလုပ်ငန်းတွေမှာပဲ ရင်းနှီးမြှုပ်နှံမှု လုပ်နေတယ်။ ကုန်ထုတ်လုပ်မှုတို့ ဘာတို့မှာ အဓိက လာတာမဟုတ်ဘူး။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာတော့ ကြီးကြီးမားမား မဟုတ်ဘူး”ဟု ဦးသန်းအောင်ကျော်က ဆိုသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများ ကဏ္ဍတွင် အာရှနိုင်ငံများကသာ အဓိက ဝင်ရောက်နေပြီး အနောက် နိုင်ငံများက အဓိက ရင်းနှီးမြှုပ်နံှသည့် နိုင်ငံများ မဟုတ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ၆ လတာ ဘတ်ဂျက်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုပမဏ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ နီးပါး ရှိပြီး အများဆုံးသည် စင်ကာပူနိုင်ငံမှ ဖြစ်ကာ ဒေါ်လာ သန်း ၇၀၀ ကျော် ရှိသည်ဟု DICA ၏ ကိန်းဂဏန်း များတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံမှ ဒေါ်လာ သန်း ၃၀၀ ကျော်၊ ဗြိတိန်နိုင်ငံမှ ၁၇၄ သန်းနှင့် ဂျပန်မှ ၁၃၄ သန်း လာရောက် ရင်းနှီးမြှုပ်နှံထား သည် ဟု သိရသည်။
လိူင်သာယာ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင်မောင်အေးက“အထည်ချုပ် ကဏ္ဍမှာက လက်ရှိ ရင်းနှီး မြှုပ်နှံ တာက EU က တိုက်ရိုက် ရင်းနှီးမြှုပ်နှံတာ မဟုတ်ဘူး။ ဒါပေမယ့် EU ကို သွားနေတဲ့အထည်တွေကို ချုပ်နေရတာ ဖြစ်တယ်။ ဘယ်သူပဲ ရင်းနှီးမြှုပ်နှံ မြှုပ်နှံ ဂျပန်ကပဲ လုပ်လုပ်၊ ကိုရီးယားကပဲ လုပ်လုပ်၊ တရုတ်ကပဲ လုပ်လုပ်၊ ကျနော်တို့ နိုင်ငံသားကပဲ ရင်းနှီးမြှုပ်နှံမှုပဲ လုပ်လုပ်၊ ဒါတွေက ဥရောပတိုက်ကို သွားနေတဲ့ဟာတွေ ဖြစ်တယ်။ ဟိုမှာ ရောင်းဖို့အတွက် အထည်တွေကို ဒီက ချုပ်ပြီး သွားနေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ကိုပေးနေတဲ့ အထည်ချုပ် အော်ဒါ အရေ အတွက်တော့ အများကြီး ကျသွားနိုင်တယ်လို့ ယူဆတယ်”ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံအတွင်း ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံသည့် အဓိကကဏ္ဍများသည် ကုန်ထုတ်လုပ်မှု၊ အိမ်ခြံမြေ၊ ပို့ဆောင် ဆက်သွယ်ရေးနှင့် စွမ်းအင် ကဏ္ဍတို့ ဖြစ်သည်ဟု DICA စာရင်းဇယားများအရ သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးကိစ္စအတွင်း လူအခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဆိုဟုကာ မြန်မာနိုင်ငံ ကို ပေးထားသည့် ကုန်သွယ်ရေး အထူးအခွင့်အရေးကို ရုပ်သိမ်းရန် စဉ်းစားနေကြောင်း EU ကုန်သွယ်ရေး ကော်မရှင်နာ မင်းကြီးက အောက်တိုဘာလ ၅ ရက်တွင် ကြေညာထားသည်။