စီးပွားရေး

Alibaba က မြန်မာနိုင်ငံတွင် ပထမဆုံး အွန်လိုင်း ဈေးရောင်းပွဲ ပြုလုပ်မည်

အရှေ့တောင်အာရှ e-commerce (အွန်လိုင်းအခြေပြု ရောင်းဝယ်ဖောက်ကားခြင်း) လုပ်ငန်းစုတွင် အောင်မြင်နေသည့် SHOP က ဦးဆောင်ကာ မြန်မာနိုင်ငံတွင် Alibaba ၏ “11.11 The World’Biggest Sale Day” အမည်ဖြင့် အွန်လိုင်း ဈေးရောင်း ပွဲတော် ပြုလုပ်မည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ် အွန်လိုင်း ဈေးရောင်းပွဲတော်ကို လာမည့် နိုဝင်ဘာလ ၁၁ ရက်တွင် SHOP ၏ အင်တာနက် စာမျက်နှာနှင့် Apps တို့မှတဆင့် ရောင်းချသွားမည် ဖြစ်ပြီး ယင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ကိုလည်း ရန်ကုန် ဆူးလေ ရှန်ဂရီလာဟိုတယ်၌ အောက်တိုဘာလ ၁၉ ရက်က ပြုလုပ်သည်။

SHOP မှ ပူးတွဲ မန်နေဂျင်းဒါရိုက်တာ Mr. Frans Maasက “နိုဝင်ဘာလ ၁၁ ရက်ထဲမှာပဲ ကျင်းပပေးမှာ ဖြစ်တယ်။ ဈေးဝယ်သူတွေကို အွန်လိုင်းဈေးဝယ်တဲ့ အတွေ့အကြုံကို အပြည့်အ၀ ပေးမှာဖြစ်သလို အများဆုံးလျှော့ဈေးက ၈၀ ရာခိုင်နှုန်း အထူးလျော့ဈေးနဲ့ အချိန်တိုအတွင်းမှာ ပစ္စည်းအရေအတွက် ကန့်သတ်ပြီးတော့ ထောင်ပေါင်းများစွာသော Brand (အမှတ်တံဆိပ်) တွေကို ရောင်းချပေးမှာ ဖြစ်တယ်”ဟု ပြောသည်။

အွန်လိုင်း ဈေးရောင်းပွဲတော်တွင် လူသုံးကုန် လျှပ်စစ်ပစ္စည်း၊ ဖက်ရှင်ပစ္စည်း၊ ကလေးအသုံးအဆောင် ပစ္စည်း၊ အိမ်သုံး ပစ္စည်း၊ နာမည်ကြီး အမှတ်တံဆိပ် (Branded) ပစ္စည်း၊ အလှအပဆိုင်ရာ ပစ္စည်းများနှင့် အားကစား ပစ္စည်းများကို အများဆုံး ၈၀ ရာခိုင်နှုန်း လျှော့ဈေးနှင့် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Visa ကတ် အသုံးပြုမည့် ဈေးဝယ်သူများအတွက် မူလလျှော့ဈေး အပြင် အထူး လျှော့ဈေး ခံစားခွင့်ကို ထပ်မံရရှိ မည် ဖြစ်သည်။

Visa Myanmar မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Aturo Planell က “shop.com.mm မှာ ဈေးဝယ်သူတွေ အနေနဲ့ Visa Card နဲ့ ငွေပေးချေပါက ၂၅ ရာခိုင်နှုန်းအထိ လျှော့ဈေး ထပ်ဆောင်း ရရှိမှာဖြစ်တယ်။ ဒါကတော့ အောက်တိုဘာ ၁၀ ရက်ကနေ နိုဝင်ဘာလ ၁၁ ရက်အထိ ဖြစ်တယ်”ဟု ပြောပြသည်။

SHOP တွင် ပြည်တွင်း နာမည်ကြီး လူသုံးကုန်၊ အိမ်သုံးကုန်၊ ဖက်ရှင်နှင့် အလှကုန် အမှတ်တံဆိပ်များကို အိမ်အရောက် ဝန်ဆောင်မှု စနစ်ဖြင့် အကြွေးဝယ်ကတ် (Credit Card)ဖြင့် ငွေပေးချေကာ အော်ဒါ မှာယူ ဝယ်ယူနိုင်သည်ဟုလည်း ဆို သည်။

ယင်း shop.com.mm ကို ပြီးခဲ့သည့် မေလတွင် Alibaba က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မြန်မာ၏ e- commerce မှာ ယခု ထက် ပို၍ တိုးတက်မည်ဟု ယုံကြည်ခြင်းကြောင့် မြန်မာဈေးကွက်သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ e- commerce နှင့် လုပ်ဆောင်ပေးရခြင်းသည် မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းရှင်များအတွက် အဓိက အားထား လုပ်ဆောင်ခြင်း ဖြစ်ပြီး shop.com.mmနှင့် ချိတ်ဆက်၍ ဈေးရောင်းချမည့်သူများ အတွက်လည်း သုညရာခိုင်နှုန်း ကော်မရှင် နှင့် လက်ရှိတွင် လုပ်ဆောင်ပေးမည်ဟု ဆိုသည်။

အဆိုတော် အိမ့်ချစ်က “shop.com.mmမှာ ပစ္စည်းတွေ ဝယ်ခဲ့ဖူးပါတယ်။ ပစ္စည်းတော်တော်များများ ရွေးချယ်ရတာ အဆင် ပြေပါတယ်။ အားလုံးရှိတဲ့ အတွက်ကြောင့် အချိန်ကုန် သက်သာတယ်”ဟု ဈေးဝယ်သူ တယောက်အနေနှင့် ပြောသည်။

လက်ရှိတွင် Alibaba သည် နိုင်ငံပေါင်း ၁၀၀ တွင် ဈေးကွက် ရှိကြောင်း သိရသည်။

shop.com.mm ကို ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင်တည်ထောင်ခဲ့ပြီး Daraz သည် Alibaba Group Holding Limited မှ ပိုင်ဆိုင်သည်ဟု ဆိုသည်။

11.11 The World’Biggest Sale Day ဈေးရောင်းပွဲတော်ကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် တပြိုင် တည်း ကျင်းပမည်ဖြစ်ကြောင်း Alibaba ထံမှ သိရသည်။

Loading