၂၀၁၇ ခုနှစ်က ရိုဟင်ဂျာခေါ် ဘင်္ဂါလီ အသိုင်းအဝိုင်းပေါ် မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့သည့် ပြစ်မှုရှိသည်ဟူသော စွပ်စွဲချက်ကို အခြေခံ၍ ဥရောပနိုင်ငံအများစုက မြန်မာနိုင်ငံသို့ ခရီးသွားလာရန် တားမြစ်ထားသော်လည်း ရခိုင်ပြည်နယ်သို့ ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လည်ပတ်ခြင်း တားမြစ်ထားသည့် ကန့်သတ်ချက်ကို ယခင်ရက်သတ္တပတ်အကြာက နယ်သာလန်အစိုးရက ပြန်လည်ရုတ်သိမ်းပေးခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးကြောင့် ဘင်္ဂ ါလီ ၇ သိန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့် ဖြစ်စဉ်ကို ကိုးကားပြီး အကြမ်းဖက် ပဋိပက္ခဖြစ်ပွားရာပြည်နယ်ဟု အနီရောင်သတ်မှတ်ကာ နယ်သာလန်အစိုးရက ၎င်းထုတ်ပြန်သည့်တရားဝင်မြေပုံပေါ်တွင် မြန်မာနိုင်ငံအပေါ် ခရီးသွားလာရန် စိတ်မချရကြောင်း ယမန်နှစ်က ဆိုထားခဲ့သည်။
“The Netherlands Worldwide” ဟု ဒတ်ချ်ဘာသာစကားဖြင့် လွှင့်ထားသည့် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် အောက်တိုဘာလ ၁၀ ရက်က နောက်ဆုံး ပြင်ဆင် (update) ခဲ့ရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိနေရာအများကို အနီရောင်အဆင့် ဆက်လက်သတ်မှတ်ထားသေးသည်။
ရခိုင်ပြည်နယ်သို့ ခရီးသွားခြင်းမပြုရန် ယင်းဝက်ဘ်ဆိုက်က သတိထားပေးရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းကို မွတ်ဆလင်နှင့် ဗုဒ္ဒဘာသာအသိုင်းအဝိုင်းများ တင်းမာမှု မြင့်တက်ရာဒေသအဖြစ် ဖော်ပြထားပြီး ယင်းဖော်ပြချက်သည် ပုံမှန်အကြမ်းဖက်မှုဆီသို့ ဦးတည်သည်ကြောင်း အသေးစိတ်ဖော်ပြထားသည်။ ဝက်ဘ်ဆိုက်ပေါ်တွင် အငြင်းပွားဖွယ် “ရိုဟင်ဂျာ” ဟူသောစကားလုံးအစား “မွတ်ဆလင်” နှင့် “အသိုင်းအဝိုင်း”ဟူသော စကားလုံးများကို ပိုမိုသုံးနှုန်းထားသည်။
မြန်မာနိုင်ငံသို့လာသည့် ကမ္ဘာ့လှည့်ခရီးသွားများ အထူးနှစ်ခြိုက်ကြပြီး ခရီးသွားလုပ်ငန်း၏ ဝင်ငွေရင်းမြစ်ကြီးတခုဖြစ်သည့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေကို နယ်သာလန်အစိုးရက အနီရောင်အဆင့်မှ ပယ်ဖျက်ပေးလိုက်ပြီး ပြည်နယ်တောင်ပိုင်းမှ အခြားမြို့နယ်များဖြစ်သော တောင်ကုတ်၊ ရမ်းဗြဲနှင့်ကျောက်ဖြူစသည့် အနီရောင်အဆင့်တွင် ဆက်လက်ထားရှိသည်။
အကယ်၍ ခရီးသွားများအနေဖြင့် ၎င်းတို့အားလပ်ရက်ကို ငပလီတွင် ကုန်ဆုံးရန်စိတ်ဝင်စားပါက လေကြောင်း (သို့မဟုတ်) ကုန်းလမ်းခရီးမော်တော်ယာဉ်ဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်း ငပလီသို့ သွားရောက်နိုင်သော်လည်း “သံတွဲထက် ကျော်လွန်၍ ခရီးမသွားရန်(မြေပုံကြည့်)” ဟူ၍ သတိပေးမှုကို ၎င်းဝက်ဘ်ဆိုက်တွင် သတ်မှတ်ဖော်ပြထားသည်။
ငပလီသို့သွားသော ခရီးသွားများအနေဖြင့် မီဒီယာများမှ ထုတ်ပြန်သောသတင်းများကို နားစွင့်ကြရန်နှင့် ခရီးသွားကုမ္ပဏီ၊ ဟိုတယ်နှင့်ဒေသဆိုင်ရာ အာဏာပိုင်များထံသို့ ကြိုတင်အကြောင်းကြားထားရန် အဆိုပါဝက်ဘ်ဆိုက်က အကြံပြုထားသည်။
မြန်မာခရီးသွားအေဂျင်စီအချို့နှင့် ဟိုတယ်လုပ်ငန်းရှင်အချို့တို့က ဒတ်ချ်အာဏာပိုင်များက ၎င်းတို့မြေပုံကို နောက်ဆုံးပြင်ဆင်(update) လုပ်လိုက်ခြင်းအပေါ် ကြိုဆိုကြသည်။ သို့သော် ခရီးသွားလုပ်ငန်းအတွက် အချက်အချာကျရာနေရာအချို့ကို အနီရောင်ဇုန်အဖြစ် သတ်မှတ်ထားခြင်းအပေါ် ဆက်လက်၍ နောက်ဆုံးပြင်ဆင်ပေးရန် ထောက်ပြစရာရှိနေဆဲလည်း ဖြစ်သည်။
သိသာထင်ရှားစွာပင် ရခိုင်ပြည်မြောက်ပိုင်းရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် စေတီပုထိုးဂူကျောင်းတန်ဆောင်းများစုဝေးရာ မြောက်ဦးမြို့ကိုလည်း အနီရောင်အဆင့် သတ်မှတ်ထားဆဲဖြစ်သည်။ မြောက်ဦးသည် ရှေးဟောင်းသုတသနာပညာရှင်များနှင့် သာသနာရေးဝန်ကြီးဌာနတို့က ၂၀၁၉ ခုနှစ်အတွက် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် နယ်မြေသတ်မှတ်ရေးလျှောက်ထားရန် စေ့ဆော်ပေးကြသည့်နေရာဖြစ်သည်။
မြန်မာနိုင်ငံကို အနောက်နိုင်ငံအစိုးရများက အားလပ်ရက်ခရီးသွား ရွေးချယ်မည့်နေရာအဆင့်အား ၎င်းတို့၏ ခရီးသွားအကြံပေး တရားဝင်ဝက်ဘ်ဆိုက်များတွင် မည်ကဲ့သို့ သတ်မှတ်ထားသည်ကိုမူ ရှင်းရှင်းလင်းလင်း သိရသေးပေ။
ဒတ်ချ်အစိုးရ၏ ခရီးသွားသတိပေးမြေပုံတွင် မြောက်ဦးမြို့ကို အနီရောင်ဇုန် ဆက်လက်သတ်မှတ်ထားခြင်းအပေါ် ဖြစ်နိုင်စရာ အချက်နှစ်ချက်ကို ယင်းရှေးဟောင်းမြို့ရှိ မြောက်ဦးမင်းသမီးဟိုတယ်ပိုင်ရှင် ဒေါ်ယဉ်မျိုးသူက တွက်ဆပြသည်။ အကယ်၍ ၎င်းတို့အနေဖြင့် ယင်းဒေသသို့ သွားလာလို၍ ခရီးသွားအာမခံလျှောက်ရာတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများနှင့် သက်ဆိုင်ရာ နိုင်ငံခြားသံရုံးထံမှ မြေပြင်ပကတိအခြေအနေအကြောင်း လုံလောက်သည့် သတင်းအချက်အလက် မရနိုင်သည့်အချက်တို့ဖြစ်နိုင် ကြောင်း သူမက တွက်ဆသည်။
“ရခိုင်တောင်ပိုင်း ငပလီကို (ကန့်သတ်နေရာကနေ) ဖယ်ပေးလိုက်တာက ဘာမှ မပေးတာထက်စာရင် ပိုကောင်းတဲ့သဘောပါပဲ။ အဲလိုမျိုးသိရတာ ဘာပဲဖြစ်ဖြစ် ကျမတို့ ဝမ်းသာပါတယ်” ဟု သူမက ပြောသည်။
သူက မြောက်ဦးမြို့နယ်သည် ပဋိပက္ခဖြစ်ပွားရာ မောင်တောမြို့နယ်နှင့် မိုင် ၁၀၀ အကွာတွင် ရှိနေသည့်အတွက် မြောက်ဦးကို ပဋိပက္ခ ထိရှလွယ်သောဒေသအဖြစ် မသတ်မှတ်သင့် ကြောင်း ရှင်းပြသည်။ ပြည်နယ်မြို့တော် စစ်တွေနှင့် သံတွဲမြို့နယ်များကဲ့သို့ပင် ဒုက္ခည်စခန်းများ မြောက်ဦးတွင် မရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
အနောက်အုပ်စုနိုင်ငံများက ခရီးသွားကန့်သတ်မှုကို ပိုမိုဖြေလျော့ပေးရန် သူကမျှော်မှန်းထားပြီး ခရီးသွားများအတွက် ပိုမိုတိကျသော သတင်းအချက်အလက်များ ပံ့ပိုးကြရန် တိုက်တွန်းသည်။
Nature Dream ခရီးသွားအေဂျင်စီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်ကလည်း ဒတ်ချ်အစိုးရ၏ ခရီးသွားလာရေးအဆင့်ရွေးချယ်သတ်မှတ်ချက်ကို သူမ နားမလည်ကြောင်းနှင့် ပြောင်းလဲသတ်မှတ်ပေးခြင်းသည် ငပလီရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ဆက်နွှယ်နေသလား (သို့မဟုတ်) ယင်းသို့ အဆင့်သတ်မှတ်ခြင်းသည် ငပလီခရီးသွားများထံမှ စောဒကများကို အခြေခံပြီး သတ်မှတ်ခြင်းလားဟု မေးခွန်းထုတ်သည်။
“ငပလီမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတာကြောင့်လား။ ကျမ သိသလောက်ဆိုရင် မြောက်ဦးခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းမှာ နိုင်ငံခြားသားပိုင် ဟိုတယ်လုပ်ငန်း မရှိပါဘူး” ဟု ဒေါ်စံပယ်အောင်က ပြောသည်။
မြန်မာနိုင်ငံရှိ ထိပ်တန်းအေဂျင်စီတခု၏ မန်နေဂျင်းဒါရိုက်တာအဖြစ် လုပ်ကိုင်နေသူ ဒေါ်စံပယ်အောင်က မကြာသေးမီကပင် ရုရှားနိုင်ငံသားများ၊ ဂျာမန်လူမျိုးများနှင့် အခြား အနောက်တိုင်းသားများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦးမြို့သို့ လာရောက်လည်ပတ်ခဲ့ကြောင်း ဆိုသည်။ ၎င်းတို့ထဲမှ အချို့သည် မြောက်မြို့နယ် ကျေးလက်ဒေသများရှိ ချင်းကျေးရွားများသို့ မျက်နှာပေါ်တွင်ပါးရဲထိုးထားသည့် ချင်းအမျိုးသမီးများကို လေ့လာရန် သွားရောက်လည်ပတ်ကြကြောင်း သူမက ထပ်လောင်းပြောပြသည်။
“အမျိုးသမီးတွေနဲ့ ကလေးငယ်တွေတောင် မြောက်ဦးကို စိတ်ချလက်ချ ခရီးသွားခဲ့ကြတယ်။ သူတို့ ခရီးစဉ်အတွင်းမှာ ဘယ်လိုအနှောင့်အယှက်မျိုး အဆင်မပြေတာမျိုး မရှိခဲ့ကြပါဘူး။ ဒီနေရာမှာပြောချင်တာက ရခိုင်သူရခိုင်သားတွေဟာ ကမ္ဘာ့လှည့်ခရီးသည်တွေကို မျှော်လင့်နေတယ်လို့ ကျမဆိုပါရစေ” ဟု ဆိုသည်။
( Dutch Gov’t Lifts Travel Restrictions to Southern Rakhine, Tourism Industry Wants More ကို ဘာသာပြန်ဆိုသည်။)