တရုတ် အွန်လိုင်းဈေးရောင်းဝယ်ရေးလုပ်ငန်းကြီး အလီဘာဘာက မြန်မာနိုင်ငံတွင် လာမည့်နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကမ္ဘာ့အကြီးဆုံး ဈေးရောင်းပွဲတော်ကျင်းပမည်ဟု တရားဝင်ကြေညာထားသော်လည်း လက်ရှိဥပဒေများအရ မြန်မာအစိုးရသည်ယင်းလုပ်ငန်းမှ အခွန်ငွေ တပြားတချပ်မှ ရရှိနိုင်ဖွယ် မရှိပေ။
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပြသနာကြောင့် ဥရောပသမဂ္ဂကမြန်မာနိုင်ငံကို ကုန်သွယ်ရေးပိတ်ဆို့ရန် စဉ်းစားနေချိန် အလီဘာဘာ၏ ယခုခြေလှမ်းသည် မြန်မာနိုင်ငံ၏ အလားအလာနှင့်ပတ်သက်ပြီး အာရှနှင့် အနောက်တိုင်း စီးပွားရေးလုပ်ငန်းများအကြား လုံးဝကွဲပြားသည့် အမြင်ကိုများကို မီးမောင်းထိုးပြနေသည့်အပြင် မြန်မာနိုင်ငံတွင် e-commerce နှင့်ပါတ်သက်သည့် အခွန်မူဘောင်နှင့် လုပ်ထုံးလုပ်နည်းများ ကင်းမဲ့နေသောကြောင့် အလွန်ကြီးမားသည်က အွန်လိုင်းလက်လီ ရောင်းချမှုများအတွက် အသင့်ဖြစ်မဖြစ်သေးသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။
အလီဘာဘာအုပ်စုသည် မေလက Daraz ကိုဝယ်ယူလိုက်ပြီးနောက် SHOP.com သည်လည်း အလီဘာဘာ၏ လက်အောက်ခံ လုပ်ငန်းတခု ဖြစ်လာတော့သည်။ ၎င်း၏ ပထမဆုံးစီမံကိန်းဖြစ်သည့် 11.11 The World’s Biggest Sale Day” ကို ကြေညာရန် SHOP.com သည် အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။ ထိုဈေးရောင်းပွဲတော်သည် မြန်မာနိုင်ငံမှ ဖေါက်သည်များအတွက် အကြီးမားဆုံးအွန်လိုင်းဈေးရောင်းပွဲတော်ဖြစ်ကြောင်း ကုမ္ပဏီကကြေညာထားသည်။ ထိုပွဲတွင် အိမ့်ချစ် အပါအဝင် လူကြိုက်များသော လူငယ်တေးသံရှင်တချို့ကိုလည်း ဖိတ်ခေါ်ခဲ့သည်။
မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုမှု အလျှင်အမြန်တိုးပွားလာပြီး ဖေ့ဘွတ်တခုတည်းတွင်ပင် လက်ရှိ အသုံးပြုသူ ၁၈ သန်းရှိသည့်အချက်က အလီဘာဘာအုပ်စုအတွက် ဆွဲဆောင်မှုရှိသော e-commerce ဈေးကွက်ဖြစ်လာသည်။ သို့သော် မြန်မာနိုင်ငံသားအများစုသည် အွန်လိုင်း ဈေးဝယ်ခြင်းနှင့် ကဒ်ဖြင့်ငွေပေးချေခြင်းတို့နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသေးပေ။
အလီဘာဘာ၏ ယခုအရောင်းပွဲသည် မြန်မာနိုင်ငံသားများအကြား e-commerce ဆိုင်ရာ နိုးကြားမှု မြှင့်တင်ပေးရန် ရည်ရွယ်သည်ဟု SHOP ၏ မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေးနှင့် အရောင်းမန်နေဂျာ နော်ရင်းယွန်း ကအဖွင့်အမှာစကားပြောရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ အလီဘာဘာသည် နောက်ဆုံးပေါ် ကမ္ဘာ့အဆင့်မီ နည်းပညာများ အသုံးပြုပြီး ရောင်းချသူများနှင့် ဝယ်ယူသူများအတွက် ယုံကြည် အားထားရဆုံး အွန်လိုင်းအရောင်းစနစ်ဖြစ်လာရန် ရည်မှန်းထားကြောင်း သူကဆိုသည်။
ယွန်း၏ ပြောဆိုချက်အရ SHOP.com ၏ အင်တာနက်စာမျက်နှာနှင့် အပလီကေးရှင်းများတွင် တဦးချင်းအလိုက် အသုံးပြုနိုင်သော သွင်ပြင်များနှင့် ပုဂ္ဂလိကဆိုင်ရာ အချက်အလက်လုံခြုံမှုများကို ကာကွယ်ပေးနိုင်မည့် စနစ်များကို ပြီးခဲ့သည့်စက်တင်ဘာလက အဆင့်မြှင့်တင်ထားကြောင်း သိရသည်။ ထိုအွန်လိုင်းအရောင်းစနစ်သည် ရောင်းသူများနှင့် ဝယ်သူများအတွက် သီးခြား အပလီကေးရှင်းများ ပြုလုပ်ပေးထားသည်။ ထို့အပြင် ကနဦးဈေးကွက်မြှင့်တင်ရေးကာလအတွင်းတွင် SHOP.com သည် ရောင်းချသူများထံမှ ကော်မရှင်ခ ယူမည် မဟုတ်ဟု ဆိုသည်။
“ကျမတို့ရဲ့ အွန်လိုင်းအရောင်းစနစ်မှာ ဘယ်သူမဆို သူတို့ရဲ့ထုတ်ကုန်တွေကိုရောင်းလို့ရပါတယ်။ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်တွေကို ကျမတို့ကြိုဆိုလျက်ပါ” ဟုလည်း သူပြောသည်။
ထိုသို့ ကြီးမားလှသည့် e-commerce အရောင်းစနစ်ကို မြန်မာနိုင်ငံတွင် စတင်လုပ်ကိုင်နေသော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သောအစိုးရသည် အခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပါအဝင် e-commerce လုပ်ထုံးလုပ်နည်းများကို ပြဌာန်းရခြင်း မရှိသေးပေ။ အစိုးရသည် မည်သည့် လုပ်ထုံးလုပ်နည်းမျှ မရှိသောကြောင့် e-commerce လုပ်ငန်းမှ မည်သည့် အခွန်မျှရရှိမည်မဟုတ်ကြောင်း SHOP ၏ မန်နေဂျင်း ဒါရိုက်တာ ရန်းကလီးမင့်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“ကျနော်မြင်တဲ့ ထိန်းချုပ်မှုရှုထောင့်ကတော့ ပိုမိုသင့်တော်တဲ့ အွန်လိုင်းကုန်သွယ်မှုတခု ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို ထိန်းကျောင်းခြင်းပါပဲ။ ဥပမာပြောရရင် လူတွေကို အွန်လိုင်းမှာကူညီဖို့၊ ပိုမိုလုံခြုံစေဖို့ လုပ်ထုံးလုပ်နည်းတွေကို ကျနော်တို့ လိုလားတယ်။ ဒီတော့လုပ်ဆောင်ရမယ့် ကိစ္စနှစ်ခုက အွန်လိုင်းမှာ အချက်အလက် အကာအကွယ်ပေးဖို့နဲ့ လိမ်လည်မှုတားဆီးဖို့ပဲ။ ပြည်သူတွေ ငွေပေးငွေယူ လုပ်တဲ့အခါ လုံခြုံတဲ့ပတ်ဝန်းကျင်တခုကို ကျနော်တို့ဖန်တီးပေးချင်တယ် ” ဟု ကလီးမင့် ပြောသည်။
ကမ္ဘာ့အကြီးမားဆုံး အရောင်းပွဲတော်နေ့ဟု ထိုကုမ္ပဏီက သတ်မှတ်ထားသည့် နိုဝင်ဘာလ ၁၁ ရက်နေ့သည် အလီဘာဘာအတွက် ကြီးမားသည့် ဈေးကွက်မြှင့်တင်ရေးနေ့လည်းဖြစ်သည်။အလီဘာဘာသည် ထိုသို့သော အရောင်းပွဲတော်နေ့များတွင် ၂၀၁၃ ခုနှစ်က ဒေါ်လာ ၅.၈ ဘီလီယံ၊ ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ ၉.၃ ဘီလီယံ၊ ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၁၄.၃ ဘီလီယံ ရရှိသည်။ လွန်ခဲ့သောနှစ်က အလားတူ အရောင်းပွဲတော်နေ့တွင် ဒေါ်လာ ၂၅.၄ ဘီလီယံ ထိ စံချိန်တင်ရရှိခဲ့သည်။
(Alibaba Affiliate Announces Huge Online Sale Next Month in Myanmar ကို ဆီလျော်အောင် ဘာသာပြန်သည်။)