မန္တလေး-မူဆယ် ရထားလမ်း တည်ဆောက်ရေး လေ့လာရန် တရုတ်နှင့်မြန်မာ သဘောတူ
တရတ်နှင့် မြန်မာနိုင်ငံတို့သည် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းကို ဆိုင်းငံ့လိုက်ပြီးနောက် လေးနှစ်အကြာတွင် တရုတ်-မြန်မာနယ်စပ်မှ မန္တလေးအထိ ရထားလမ်းဖောက်ရန် ဖြစ်နိုင်ခြေကို လေ့လာနေကြကြောင်း သိရသည်။
နိုင်ငံပိုင်လုပ်ငန်းနှစ်ခုဖြစ်သော China Railway Eryuan Engineering Group နှင့် မြန်မာ့မီးရထားတို့သည်အဆိုပြုထားသော မန္တလေး-မူဆယ် ရထားလမ်းအတွက် ဖြစ်နိုင်ခြေကို စတင် လေ့လာရန် မန္တလေးတွင် အောက်တိုဘာလ ၂၁ ရက်နေ့က လက်မှတ်ရေး ထိုးခဲ့ကြသည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နှင့် နယ်နမိတ်ခြင်း ထိစပ်နေသည့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း မူဆယ်သည် နှစ်နိုင်ငံအကြား အကြီးမားဆုံး ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးသို့ မီးရထား ဝန်ဆောင်မှုသည် အဓိက သယ်ယူပို့ဆောင်ရေး အသက်လမ်းကြောင်တကြောင်း ဖြစ်လာနိုင်သည်။
ထိုလမ်းကြောင်းကို ၂၀၁၁ ခုနှစ်က မြန်နှုန်းမြင့်လမ်းအဖြစ် တည်ဆောက်ရန် ၂၀၁၁ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြသော်လည်း သုံးနှစ်အကြာတွင် တရုတ်ဘက်မှ စီမံကိန်းကို မစတင်နိုင်ဟုဆိုကာ မြန်မာအစိုးရက ဆိုင်းငံ့ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရလာသောအခါ နယ်စပ်ဖြတ်ကျော် ရထားလမ်း စီမံကိန်းကို ပြန်လည် ဆွေးနွေးကြခြင်းဖြစ်သည်။
မူဆယ်နှင့် မန္တလေးအကြား ဆက်သွယ်ရေးသည် အရေးပါသည်ဟု မြင်ကြသည်။ ယင်းလမ်းကြောင်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွက် အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ဖြစ်သော ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ၏ အခြား စီးပွားရေး အချက်အခြာ ဒေသများကို ဆက်သွယ်ပေးနိုင်မည် ဖြစ်သည်။
ထိုစီးပွားရေး စြင်္ကန်သည် ကီလိုမီတာ ၁၇၀၀ ရှည်လျှားပြီး ကူမင်းမှ မန္တလေးနှင့် ထိုမှ တောင်ဘက်ရှိ ရန်ကုန်နှင့် အနောက်ဖက်တွင် ရခိုင်ပြည်နယ်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန်အထိ ပါဝင်သည်။ကျောက်ဖြူတွင် တရုတ်နိုင်ငံက ရေနက်ဆိပ်ကမ်းတည်ဆောက်လိုပြီး နိုင်ငံဖြတ်ကျော် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကိုလည်း တည်ဆောက်ထားပြီးဖြစ်သည်။
ယခူ လက်မှတ်ရေးထိုးခဲ့သော သဘောတူစာချုပ်အရ ဖြစ်နိုင်ခြေ စမ်းသပ်မှုကို နှစ်နှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပြု ရထားလမ်းတလျှောက်တွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှု ထိခိုက်မှုများကို လေ့လာမည်ဖြစ်သည်။
ထိုစီမံကိန်းသည် ၄၃၁ ကီလိုမီတာ( ၂၆၈ မိုင်) ရှည်ပြီး တနာရီလျှင် ၉၉ မိုင်အထိ မောင်းနှင်နိုင်သော ရထားလမ်း ဒီဇိုင်းဖြစ်သည်ဟု တရုတ်အစိုးရပိုင် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက ဆိုသည်။
ယူနန်ပြည်နယ် နယ်စပ်မြို့ ရွှေလီနှင့် မန္တလေးကို ဆက်သွယ်သည့် ရထားလမ်းစီမံကိန်းကို မကြာမီ စတင်မည်ဖြစ်ကြောင်းနှင့် ထိုလမ်းကြောင်းကို ရန်ကုန်နှင့်ကျောက်ဖြူသို့ တိုးချဲ့နိုင်ခြေရှိကြောင်း အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ဟောင်ကောင်သတင်းစာ South China Morning Post သို့ ဇွန်လက ပြောခဲ့သည်။
သို့သော် တရုတ်နိုင်ငံ ဖုကျန့်ပြည်နယ် ရှာမင် တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေး ကျောင်းမှ ပါမောက္ခ ဖန်ဟောင်ဝေက ထိုရထားလမ်းသည် စီမံကိန်း ရေးသည့်အဆင့်တွင်သာ ရှိသေးသည်ဟု ပြောသည်။
“ရထားလမ်းတည်ဆောက်ဖို့လေ့လာမှုတွေ အများကြီး လုပ်ရဦးမယ်။ စိန်ခေါ်မှုတွေထဲမှာ မြေယာပိုင်ဆိုင်မှု ပဋိပက္ခတွေပါပြီး ဒီစီမံကိန်းကို ဘယ်ကန်ထရိုက်တာက ကြီးကြပ်မယ်ဆိုတာတွေ လိုတယ်။ အချက်အလက်တွေ အများကြီးလိုနေသေးတယ်။ နှစ်ဖက်လုံးက ယုံကြည်မှု ရှိရှိ လုပ်နိုင်ဖို့ ဖြစ်နိုင်ခြေစမ်းသပ်မှု အစီရင်ခံစာတွေ လိုတယ်” ဟု ဖန်က South China Morning Post သို့ ပြောသည်။
“မတည်ငြိမ်မှုတွေ၊ မကြာသေးမီနှစ်တွေအတွင်း သဘောတူညီချက်တွေရဲ့ လုံခြုံစိတ်ချရမှု ကင်းမဲ့တာတွေကြောင့် အကြီးစား တရုတ် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရတာကို သိပ်စိတ်မဝင်စားကြဘူး” ဟုလည်း သူက ဆက်ပြောသည်။
မူဆယ်-မန္တလေး ရထားလမ်းသည် နိုင်ငံ၏ ပဋိပက္ခဒေသ ရှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းရမည်ဖြစ်ပြီး ထိုဒေသတွင် မြန်မာ့တပ်မတော်အပါအဝင် လူမျိုးစုများအကြား တိုက်ပွဲများဖြစ်ပွားနေသည်။
ကိုးကား။ ။ South China Morning Post