လွန်ခဲ့သော ဘဏ္ဍာရေးနှစ် ၂ နှစ်အတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) သိသိသာသာ ကျဆင်းသွား ခြင်းကို အရေးယူဆောင်ရွက်သည့် အနေဖြင့် အစိုးရ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က တာဝန်သိပြီး အရည်အသွေးမီသော စီးပွားရေးလုပ်ငန်းများကို လာမည့် နှစ် ၂၀ ကျော်တွင် ဒေါ်လာ ဘီလျံ ၂၀၀ ကျော် ရရှိစေမည်ဟူ၍ ဆွဲဆောင်ထားသည့် အရေးပါသော ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း စတင်လိုက်ပြီ ဖြစ်သည်။
အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန်သော မြန်မာရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း ၂၀၁၈ (MIPP) တွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် မဟာဗျူဟာ ကာလသုံးခုကို ဖော်ပြထားသည်။
၂၀၂၁ -၂၂ ဘဏ္ဍာရေးနှစ်မှ စတင်သော ပထမ လေးနှစ်တာ ကာလတွင် ဒေါ်လာ ၈.၅ ဘီလျံ၊ ၂၀၂၆-၂၇ မှ ၂၀၃၀-၃၁ အထိ ဒုတိယ လေးနှစ်တာကာလတွင် ဒေါ်လာ ၁၂.၃ ဘီလျံနှင့် ၂၀၃၁-၃၂ တွင် စတင်ပြီး ၂၀၃၅-၃၆ တွင်ကုန်ဆုံးမည့် တတိယ လေးနှစ်တာ ကာလတွင် ဒေါ်လာ ၁၇.၆ ဘီလျံ ရရှိရန် ထိုစီမံကိန်းတွင် မျှော်မှန်း ထားသည်။
နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်အား ဖြစ်သည်ဟု မြန်မာအစိုးရက ယုံကြည်ပြီး ပွင့်လင်း၊ သမာသမတ်ရှိပြီး ရှင်းလင်းသော ရင်းနှီးမြှုပ်နှံမှုမူဝါဒကို ချမှတ်ရန် ဆုံးဖြတ်ထားသည်ဟု MIPP က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် နာတာရှည် စီးပွားရေးနှေးကွေးမှုနှင့် ရုန်းကန်နေရသည်။ စီးပွားရေးကဏ္ဍ အားလုံးအတွက် ယခုနှစ်သည် အဆိုးရွားဆုံး ဖြစ်ကြောင်းနှင့် အစိုးရ၏ ရှင်းလင်းသော စီးပွားရေးမူဝါဒ ကင်းမဲ့မှုကို စီးပွားရေးလုပ်ငန်းရှင်များက ညည်းညူနေကြပြီး စီပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုမှာ လွန်ခဲ့သောနှစ် ကထက် ကျဆင်းသွားကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ၏ စိတ်အားထက်သန်မှု ကာလတို စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်က ဒေါ်လာ ၉.၅ ဘီလျံရှိရာမှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၆.၆ ဘီလျံသို့ ကျဆင်းသွားသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ရခိုင်ပြည်နယ် အကျပ်အတည်းကြောင့် နိုင်ငံ၏ ပုံရိပ် ညှိုးနွမ်းလာသည်ကို အနောက်တိုင်း ရင်းနှီးမြှုပ်နှံသူများက သတိထားလာ သောကြောင့် ဖြစ်သည်။
“အစိုးရက အောက်တိုဘာလ ၁ ရက်နေ့မှာစတင်တဲ့ ဘဏ္ဍာရေးနှစ်အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅.၈ ဘီလျံရဖို့ မျှော်မှန်းထားတယ်။ အခုချိန်အထိ ကျနော်တို့ တွက်ချက်မှုတွေအရ ဒီရည်မှန်းချက်ဟာ အောင်မြင်မှာပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
MIPP ကို MIC နှင့် ဂျပန်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးတွဲရေးဆွဲခဲ့ခြင်းဖြစ်ပြီး သေနင်္ဂဗျူဟာများ ရေးဆွဲ၍ လုပ်ငန်းအဖွဲ့များဖွဲ့ကာ ရည်မှန်းချက်များကို အကောင်အထည် ဖော်မည်ဟု သူက ရှင်းပြသည်။
အစိုးရသည် ထိရောက်သော စီးပွားရေး အခြေခံတည်ဆောက်ရန် မှီခိုအားထားလောက်သော ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ဘဏ္ဍာရေးစနစ်များကို အားပေးပြီး မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို အထောက်အကူ ပြုသော မူဝါဒများ ချမှတ်ရန် ကတိပြုထားသည်။
ရိုးရှင်းမြန်ဆန် ရှင်းလင်းသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်ကို MIC နှင့် တခြား သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း များမှတဆင့် ထူထောင်မည်ဟု အစိုးရက ကြေညာထားသည်။
ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်တိုးတက်ရေး၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများကို မျှတစွာ ဆက်ဆံရေးနှင့် ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးရေး တို့အတွက်လည်း တာဝန်ယူမည်ဟု အစိုးရက ဖော်ပြသည်ဟု MIPP က ဆိုသည်။
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ လူ့အဖွဲ့အစည်း၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝ သယံဇာတများအပေါ် တာဝန်ယူသည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာအောင် လုပ်ဆောင်မည်ဟု အစိုးရက ကြေညာထားသည်။
ရင်းနှီးမြှုပ်နှံမှု နှေးကွေးသွားခြင်းမှာ နိုင်ငံရေးမတည်ငြိမ်မှု အတွက် စိုးရိမ်ခြင်း၊ အင်အားချိနဲ့သော မက်ခရို စီးပွားရေး၊ အကြွင်းအကျန် စီးပွားရေး ကန့်သတ်ချက်များနှင့် မရေရာသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဆင့်ဆင့် ကြောင့် ဖြစ်ကြောင်း MIC က ပြောသည်။ ရင်းနှီးမြှုပ်နှံမှုကိုအားပေးခြင်း မရှိကြောင်းနှင့် လူသားရင်းမြစ် ဖွံ့ဖြိုးခြင်း မရှိချိန်တွင် အခြေခံ အဆောက်အအုံ၊ ဘဏ္ဍာရေးကဏ္ဍနှင့် စီးပွားရေး လုပ်ထုံးလုပ်နည်း စနစ်များ တိုးတက်မှု မရှိသေးကြောင်းလည်း ၎င်းတို့က ပြောသည်။
ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအစဉ်သစ်အရ ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံကို အလယ်အလတ်တန်း ဝင်ငွေရှိသော နိုင်ငံဖြစ်လာစေရန် အစိုးရက ရည်မှန်းထားပြီး သမာသမတ်ရှိကာ ပွင့်လင်းမြင်သာသော ရင်နှီးမြှုပ်နှံမှု စနစ်များနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အဖွဲ့အစည်းဆိုင်ရာ တိုးတက်မှုများဖြစ်စေရန် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်မည်ဖြစ်သည်။
အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ အထောက်အကူပြုသော စီးပွားရေးနှင့် သက်ဆိုင်သည့် စနစ်များ၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော စက်မှုအချိတ်အဆက် များနှင့် ပိုမိုအရည်အသွေး မြင့်မားသော လူသားရင်းမြစ်များ ပေါ်ပေါက်ရေး ကိုလည်း လုပ်ဆောင်သွားမည် ဖြစ်သည်။
စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) ကိုလည်း ၂၀၁၆-၂၁ အဆင့်တွင် ကျပ် ၁၀၅၉၉၈ ထရီလျံ ရှိရာမှ ၂၀၂၁-၂၆ အဆင့်တွင် ကျပ် ၁၅၂၁၇၄ ထရီလျံအထိ မြှင့်တင်ရန် အစိုးရက ရည်မှန်းထားသည်။
GDP ကို ၂၀၂၆-၃၁ အဆင့်တွင် ကျပ် ၂၁၁၄၈၆ ထရီလျံမှ ၂၀၃၁-၃၆ အဆင့်တွင် ကျပ် ၃၁၃၆၃၆ ထရီလျံ ရရှိရန်လည်း ရည်မှန်းထားသည်။
၂၀၂၀ တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်း လွယ်ကူမှု အညွှန်းကိန်းအရ ထိပ်တန်း ၁၀၀ စာရင်းဝင်ရန်နှင့် ၂၀၃၅ တွင် ထိပ်တန်း ၄၀ စာရင်းဝင်ရေး အတွက် စီးပွားရေးလုပ်ငန်းဝန်းကျင် တိုးတက်ရေး ကိုလည်း MIPP တွင် ရည်မှန်းထားသည်။ ၂၀၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ အညွှန်းကိန်းမှာ ၁၇၁ ရှိပြီး အာဆီယံမှ လာအိုက ၁၄၁၊ ကမ္ဘောဒီးယားက ၁၃၅ နှင့် ဖိလစ်ပိုင်က ၁၁၃ ရှိသည်။
အစိုးရသည် ရေရှည်တိုးတက်မှုအတွက် ရင်နှီးမြှုပ်နှံမှု တိုးတက်ရေး နည်းလမ်းလေးခုကို ရည်မှန်းထားပြီး ထိုနည်းလမ်းများမှာ ပို့ကုန်ဦးတည် စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ပြည်တွင်းဈေးကွက် ဦးတည် စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ သယံဇာတအခြေခံ စက်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် အသိပညာအခြေခံ စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နံှခြင်းတို့ ဖြစ်သည်။
MIPP အရ အစိုးရသည် မြန်မာနိုင်ငံ၏ ပေါကြွယ်သော လုပ်အား၊ သယံဇာတနှင့် တိုးတက်သော အာရှ နိုင်ငံများတွင် ကုန်ကျစရိတ် တိုးလာခြင်းတို့ကို ပို့ကုန်ဦးတည် စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့် နည်းလမ်းအဖြစ် အကောင်းဆုံး အသုံးချရန် ရည်ရွယ်သည်။
ပြည်တွင်းဦးတည် ဈေးကွက်တွင် ရင်နှီးမြှုပ်နှံမှု တိုးတက်ရေးကိုလည်း ဈေးကွက်အရွယ်အစား တိုးချဲ့ခြင်းနှင့် အခြေခံအဆောက်အအုံ အပါအဝင် မဖွံ့ဖြိုးသေးသော ပြည်တွင်း စက်မှုလုပ်ငန်းများ တိုးတက်အောင် လုပ်ဆောင်ခြင်းဖြင့် အာရုံစိုက်မည် ဖြစ်သည်။
သယံဇာတ အခြေခံ စက်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ သတ္တုတွင်းထွက်၊ သစ်တောနှင့် ငါးလုပ်ငန်း ကဏ္ဍများကို အစိုးရက အားပေးသွားမည် ဖြစ်သည်။
သတင်းနည်းပညာကဲ့သို့သော ကျွမ်းကျင်မှုအခြေခံ ဝန်ဆောင်မှုသစ်များ ပေးနိုင်ရန်၊ ဝန်ဆောင်မှုလုပ်ငန်းများ ကိုလည်း မြှင့်တင်ရန် MIPP တွင် ရည်မှန်းထားသည်။
MIPP ကို အကောင်အထည် ဖော်ရန် အစိုးရက လုပ်ငန်းကော်မတီ ငါးခု ဖွဲ့စည်းမည်ဟု DICA ၏ အဆိုအရ သိရသည်။
(Myanmar’s Ambitious 20-Year Plan to Attract Foreign Investment ကို ဆီလျော်အောင် ဘာသာပြန်သည်။)