ရင်းနှီးမြှုပ်နံှမှု စီမံကိန်းသစ်များအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစကာ နှစ် ၂၀ အတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂၂၁ ဘီလီယံခန့် ရရှိရန် မျှော်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန – ရန်ကုန် (DICA) မှ သိရသည်။
အစိုးရက ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန်အတွက် ကာလတို၊ ကာလလတ်နှင့် ကာလရှည်ဟူ၍ ခွဲခြား ကာ စီမံကိန်းများ လုပ်ဆောင်လျက်ရှိသည်။
DICA ဒု ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က “စီမံကိန်းကို ကြီးကြပ်မယ့်အဖွဲ့၊ အသေးစိပ် အကောင်အထည် ဖော်မယ့် အဖွဲ့။ အဲဒါတွေအားလုံးကို လုပ်ငန်းအဖွဲ့ ငါးဖွဲ့နဲ့ စီစဉ်သွားဖို့ လုပ်ဆောင်ထားပါတယ်။ ၂၀၁၆-၂၀၁၇ ကနေ ၂၀၂၀-၂၀၂၁ အထိ ဒီကာလမှာ ကာလတို ၅ နှစ်ပေါ့နော်။ ၂၀၂၁- ၂၀၂၆ အထိ ကာလလတ်၊ ကာလရှည်က ၂၀၂၆-၂၇ ကနေ ၂၀၃၅-၂၀၃၆ အထိ ၅ နှစ်၊ ၅ နှစ်နဲ့ လေးပိုင်း သွားမှာ ဖြစ်ပါတယ်။ ဒီနှစ် ၂၀ မှာ စုစုပေါင်း ၂၂၁ ဘီလီယံ လောက် မျှော်မှန်းထားတယ်”ဟု ပြောသည်။
စီမံကိန်း ပထမ ၅ နှစ်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ၊ ဒုတိယ ၅ နှစ်တွင် ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ၊ တတိယ ၅ နှစ်တွင် ဒေါ်လာ ၁၂ ဒသမ ၃ ဘီလီယံ နှင့် နောက်ဆုံး ၅ နှစ်တွင် ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံ ဝင်ရောက်လာရန် မျှော်မှန်းထားသည်ဟု သိရသည်။
ရင်းနှီးမြှုပ်နှံမှုဟု ဆိုရာတွင် အစိုးရ လုပ်ငန်းများတွင် ပြုလုပ်ခြင်းမဟုတ်ဘဲ ပုဂ္ဂလိက ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ လည်း ပါဝင်သည်ဟု ဆိုသည်။
ယင်းသို့ မျှော်မှန်းထားသော်လည်း ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေတို့မှာ ပြောင်းလဲမှုများရှိနေသည့်အတွက် စီမံကိန်းသစ်ကို ၅ နှစ် တကြိမ် ဆန်းစစ်လေ့လာမှုများ ပြုလုပ်သွားမည်ဟုလည်း DICA ထံမှ သိရသည်။
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက“အခုက ရင်းနှီး မြှုပ်နှံ မှု က လာရောက်မှုအားနည်းတဲ့အခါ ဘာလုပ်မလဲဆိုတော့ လာမယ့် ဇန်နဝါရီလ ၂၈ ရက်၊ ၂၉ ရက်မှာ ရင်းနှီး မြှုပ်နှံမှုပွဲ လုပ်ဖို့ ရှိပါတယ်။ နေပြည်တော်မှာ ၁ ရက်ခွဲ လုပ်မှာပါ။ ဒါက MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်) နဲ့ DICA က ဦးသောင်းထွန်းနဲ့လည်း ချိတ်ဆက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု ပွဲလုပ်ဖို့ပါ”ဟု ပြောသည်။
ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန်အတွက် သက်ဆိုင်ရာ သံရုံးများ၊ သံအမတ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် တွေ့ဆုံမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိကာ ဂျပန်၊ ဟောင်ကောင်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကို အဓိကထား ကြောင်း ယခုလဆန်ပိုင်းက ပြုလုပ်သည့် ဒုသမ္မတ ဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန် တွေ့ဆုံပွဲတွင် ၎င်းက ပြောဆိုထားသည်။
ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု အလားအလာရှိသည့် နိုင်ငံများတွင်လည်း မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း MIC နှင့် DICA တာဝန်ရှိသူများ ဦးဆောင်ကာ ပြုလုပ်လျက်ရှိသည်။
ထို့ပြင် ပြည်တွင်း၌လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို လေ့လာနိုင်ရန်အတွက် ပြပွဲများကို ပြည်နယ်နှင့် တိုင်းအလိုက် ကျင်းပလျက်ရှိပြီး လာမည့်လများအတွင်း ရခိုင်ပြည်နယ် မြောက်ဦး၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့ တွင်လည်း ဆက်လက် ပြုလုပ်သွားရန် အစိုးရက စီစဉ်ထားသည်ဟု သိရသည်။
လက်ရှိတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေသော်လည်း မြေယာကိစ္စ ခက်ခဲမှုများ၊ အခြေခံ အဆောက်အအုံ အားနည်းခြင်းနှင့် ကျွမ်းကျင်လုပ်သားဆိုင်ရာကဏ္ဍများတွင် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါက ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လာကြောင်း လုပ်ငန်းရှင်များက ပြောဆိုနေကြသည်။
ရင်းနှီးမြှုပ်နှံမှု ပထမ ၅ နှစ်တာတွင် ပါဝင်သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အစဖြစ်သည့် အောက်တိုဘာလ ပထမပတ် အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆ ခုမှ ဒေါ်လာ ၁၇ ဒသမ ၉၂၃ သန်း ခွင့်ပြုထားပြီး မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၁၃ ခုမှ ဒေါ်လာ ၁ ဒသမ ၂၇၄ သန်းနှင့် မြန်မာကျပ်ငွေ ၃၆၃၄၈ ဒသမ ၅၅၄ သန်း ခွင့်ပြုထားပြီး ဖြစ်သည်ဟု DICA ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ခြောက်လတာ ဘက်ဂျက်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂ ဘီလီယံ နီးပါး ဝင်ရောက်ထားပြီး စင်ကာပူနိုင်ငံ တခုတည်းကပင် ဒေါ်လာ သန်းပေါင်း ၇၀၀ ကျော် ရင်းနှီးမြှုပ်နှံထားသည်ဟု သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုများမှာ ကုန်ထုတ်လုပ်မှု၊ အိမ် ခြံ မြေ၊ ပို့ဆောင်ဆက်သွယ်ရေး၊ စွမ်းအင်၊ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတို့တွင် ဖြစ်သည်။