စီးပွားရေး

ကုန်စည်အညွှန်းများ မြန်မာဘာသာဖြင့် မဖော်ပြပါက အရေးယူမည်

Want create site? Find Free WordPress Themes and plugins.

ကုန်စည် အမျိုးအစား ၉ မျိုးပေါ်တွင် သုံးစွဲပုံနှင့် ညွှန်ကြားချက်များ ဖော်ပြသော စာရင်း (Labelling)ကို မြန်မာ ဘာသာဖြင့် ဖော်ပြခြင်း မရှိလျှင် အရေးယူတော့မည်ဟု စီးပွားရေးနှင့် ကူသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူ ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူ က ဧရာဝတီသို့ ပြော သည်။

ဦးဆွေတင့်ကြူက “စားသုံးသူတွေ ဘေးကင်း လုံခြုံဖို့ လုပ်တာပါ။ ဥပမာ- တချို့က ကိုယ်သုံးစွဲတဲ့ ပစ္စည်း ဘာပစ္စည်းမှန်း မသိဘဲနဲ့ ဘေး အန္တရာယ် ဖြစ်တာမျိုး၊ နောက် ကိုယ့်အတွက် လိုအပ်တဲ့ ပစ္စည်း ဟုတ်မဟုတ်ပေါ့နော်။ တခြား ဘာသာ စကားတွေနဲ့ ဆိုရင် မဖတ်နိုင်တာမျိုး။ နောက်တခုကတော့ သူတို့ ဒီပစ္စည်းတွေနဲ့ ပတ်သက်လို့ သတိပေးတဲ့ဟာတွေမှာ တခြား ဘာသာ စကား နဲ့ဆိုရင် သုံးစွဲသူတွေက ဘေးအန္တရာယ် ရှိတယ်၊ မရှိဘူး ဆိုတာ မသိဘဲနဲ့ သုံးစွဲတာမျိုး မဖြစ်ရ လေအောင် လုပ်တာ ဖြစ်တယ်”ဟု ရှင်းပြသည်။

အဆိုပါ ကုန်စည် ၉ မျိုးမှာ အစားအသောက်များ၊ အိမ်သုံး ပစ္စည်းများ၊ ကလေး အသုံးအဆောင် ပစ္စည်းများ၊ ဆက်သွယ် ရေးသုံး ပစ္စည်းများ၊ ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ ဓာတုဗေဒ ပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများနှင့် လုပ်ငန်းသုံး ပစ္စည်းများ ဖြစ်ကြောင်း စားသုံးသူ အကာအကွယ်ပေးရေး ဗဟို ကော်မတီက အောက်တိုဘာလ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်၌ စီးပွားရေး လုပ်ငန်းရှင်များသည် ဖော်ပြပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက် ဖြစ်စေ သုံးစွဲပုံအညွှန်း၊ ထားသိုသုံးစွဲပုံ အညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင် သတိပေးချက်၊ ဘေးထွက် ဆိုးကျိုး အစရှိသည်တို့ကို ဖော်ပြပေးရမည် ဖြစ်ကြောင်း ပါရှိသည်။

ဦးဆွေတင့်ကြူက “ဒီအမိန့်စာ ထွက်ပြီး ၆ လပြည့်တဲ့နေ့က စပြီး လိုက်နာရမှာ ဖြစ်တယ်။ လိုအပ်တာတွေ ပြောင်းလဲ ပြင် ဆင်ဖို့ အတွက် အချိန် ၆ လ ပေးထားတာ” ဟု ပြောသည်။

စားသုံးသူများ ဘေးကင်း လုံခြုံမှု ရှိစေရန် အတွက် လုပ်ဆောင်ခြင်း ဖြစ်ပြီး ယင်း ဥပဒေမှာ ၂၀၁၄ ခုနှစ် စားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေ ထွက်ရှိစဉ်က ပါရှိသော်လည်း နိုင်ငံ၏ အခြေအနေ၊ လုပ်ငန်းရှင်များ၏ အခြေအနေကို လိုက်၍ ဆွေးနွေး ညိုနှိုင်းနေရသဖြင့် ယခုအချိန်မှသာ ထုတ်ပြန်နိုင်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၄ ခုနှစ် စားသုံးသူ အကာကွယ်ပေးရေး ဥပဒေတွင် ပါရှိသော ဥပဒေ ပုဒ်မ ၁၉ စီမံခန့်ခွဲရေး ဥပဒေ အရ အရေးယူနိုင် သည့် ၇ ချက် ရှိကြောင်း သိရသည်။

ယင်းတို့မှာ သတိပေးခြင်း၊ ပြင်းထန်စွာ သတိပေးခြင်း၊ စားသုံးသူ( သို့မဟုတ်) နစ်နာသူကို လျှော်ကြေးပေးခိုင်းခြင်း၊ အငြင်း ပွားလျက် ရှိသော ကုန်စည်များကို ရောင်းချ ဖြန့်ဖြူးခြင်းကို ကာလ အကန့်အသတ်ဖြင့် တားမြစ်ခြင်း၊ ကုန်စည်များကို ဈေး ကွက် အတွင်းမှ ပြန်လည် သိမ်းဆည်းစေခြင်း၊ စားသုံးသူများ ဘေးအန္တရာယ် ဖြစ်စေနိုင်သော ကုန်စည်များကို ဖျက်ဆီး စေခြင်း၊ လုပ်ငန်း လိုင်စင် ယာယီ ပိတ်သိမ်းခြင်း (သို့မဟုတ်) အမြဲတမ်း ပိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညိုနှိုင်း ဆောင်ရွက်ခြင်း စသည့်တို့နှင့် အရေးယူနိုင်ကြောင်း ဦးဆွေတင့်ကြူ က ရှင်းပြ သည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “ပြည်ပ ကနေ တင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေက ကျနော်တို့ရဲ့ အသက်အန္တရာယ်ကို ဒုက္ခပေးနေပါတယ်။ ကျနော်တို့ ကြည့်လိုက် လို့ရှိရင် လေဘယ် အညွှန်းက ဘယ်လောက် အရေးကြီးလဲ ဆိုရင် အထူးသဖြင့် ထိုင်းလိုဟာမျိုး တရုတ်လိုဟာမျိုးက ဘာ ရေးထားမှန်း မသိဘူး။ စားမယ်ဆိုရင် သတိရှိဖို့ လိုလာတယ်။ မြန်မာလို ဘာသာရပ်လည်း ပါသင့်တယ်လို့ ကျနော်တို့က ထင်တယ်” ဟု ပြောသည်။

ယင်းပြင် ပြည်ပနိုင်ငံများက စံချိန်မမီသော စားသောက်ကုန် ပစ္စည်းများကို တင်သွင်းနေခြင်းကိုလည်း တားဆီးရန် လိုအပ် ကြောင်းလည်း ၎င်းက ဆိုသည်။

ဈေးကွက် အတွင်း၌ သုံးစွဲနေသော ကုန်ပစ္စည်းများကို စားသုံးသူများ အနေနှင့် အတုအစစ်၊ အရည်အသွေး ပြည့်မီခြင်း ရှိ၊ မရှိ ဆိုသည်မှာ သိရှိရန် ခက်ခဲသောကြောင့် ယခုကဲ့သို့ မြန်မာဘာသာဖြင့် ဖော်ပြမည်ဆိုပါက စားသုံးသူများအနေနှင့် ရွေးချယ်နိုင်မည် ဖြစ်ကြောင်း ဦးဇော်မင်းဝင်းက သုံးသပ်ပြောဆိုသည်။

မြန်မာဘာသာဖြင့် labelling ကို ဆောက်ရွက်မည့် အစားအသောက်များမှာ အချိုရည်နှင့် ယိုမျိုးစုံ၊ နို့နှင့် နို့ထွက် ပစ္စည်း အမျိုးမျိုး၊ အသားနှင့် အသားထွက်ပစ္စည်းအမျိုးမျိုး၊ ဥနှင့် ဥထွက်ပစ္စည်းအမျိုးမျိုး၊ စည်သွပ် အစားအစာ အမျိုးမျိုး၊ စားသုံး ဆီ အမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ် အမျိုးမျိုး၊ အသင့်စား ခေါက်ဆွဲထုပ် အမျိုးမျိုး၊ အရန်သင့် အစား အစာအမျိုးမျိုး အစရှိသည်တို့ ပါဝင်သည်။

ထို့ပြင် အိမ်သုံး လျှပ်စစ်နှင့် အီလက်ထရွန်းနစ် ပစ္စည်းအမျိုးမျိုး၊ ကလေးအသုံးအဆောင် ပစ္စည်းများ၌ ကလေး လက်တွန်းလှည်း၊ ကလေး လမ်းလျှောက်ကွင်း၊ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုး၊ ကလေးပုခက် အမျိုးမျိုး၊ ကလေး တကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းအမျိုးမျိုး အစရှိသဖြင့် ပါဝင်ပြီး ဓာ တု ဗေဒ ပစ္စည်းများ (စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာ အမျိုးမျိုး၊ ပိုးသတ်ဆေး အမျိုးမျိုး၊ စားသောက် ကုန်၊ လူသုံးကုန်၊ အလှကုန်များတွင် အသုံးပြုသော ဓာတုပစ္စည်း အမျိုးမျိုး)၊ အလှကုန် ပစ္စည်းများ (အလှကုန် ပစ္စည်း အမျိုးမျိုး ၊ ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်း အမျိုးမျိုး)၊ လုပ်ငန်း သုံးပစ္စည်း ကိရိယာများ (စိုက်ပျိုးရေးသုံး ပစ္စည်း ကိရိယာအမျိုးမျိုး၊ ကျန်းမာရေး အထောက်အကူပြု အသုံး ဆောင်ပစ္စည်း အမျိုးမျိုး) တို့ ပါဝင်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading