မန္တလေးတိုင်းသို့ ယခုနှစ် ခရီးသွားရာသီအတွင်း အနောက်ဥရောပထက် အာရှနိုင်ငံများမှ နိုင်ငံခြားသား ခရီးသည်များ ပိုမို လာရောက် လည်ပတ်ကြောင်း တိုင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
တိုင်း ဟိုတယ်/ခရီး ညွှန်ကြားမှု ဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးစန်းယုက“High Season (ခရီးသွားရာသီ) လည်း ဖြစ်လာပြီ ဆိုတော့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုက ဒီရက်ပိုင်း တိုးလာပါတယ်။ တိုးလာ တယ် ဆိုပေမယ့် ဒီနှစ်ရဲ့ ထူးခြားချက်က အနောက်ဥရောပထက် အရှေ့ပိုင်း (အာရှ) နိုင်ငံတွေက ခရီးသွားတွေ ပိုလာကြတယ်”ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလ အတွင်း အရှေ့ပိုင်း နိုင်ငံများ ဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား တို့မှ ခရီးသွား ဧည့်သည် ဝင်ရောက်မှု အရေအတွက် ၁ သိန်း ၂ သောင်း နီးပါး ရှိရာမှ ၂၀၁၈ ခုနှစ် ကာလတူတွင် ၁ သိန်း ခွဲ ကျော် ရှိရာ ၃ သောင်းကျော် တိုးလာ၍ ၃၀ ရာခိုင်နှုန်းနီးပါး တိုးတက်မှုရှိသည်ဟု တိုင်း ဟိုတယ်/ခရီး ဦးစီးဌာန စာရင်းများ အရ သိရှိရသည်။
“လက်ရှိ ဖြစ်နေတဲ့ မတည်ငြိမ်မှုတချို့ကြောင့် အနောက်ဥရောပနိုင်ငံတွေက သိပ်မလာကြတော့တဲ့ အချိန်မှာ ခရီးသွား ကဏ္ဍကို ပိုစိတ်ဝင်စားလာတဲ့ အရှေ့ပိုင်းနိုင်ငံတွေကို ပိုအားစိုက်ပြီး သူတို့လာချင်လာအောင် ဝန်ကြီးဌာန အနေနဲ့ လည်း ဖြေလျော့မှုတချို့ လုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုလို ခရီးသွားတိုးလာတာ ဖြစ်ပါတယ်”ဟု ဦးစန်းယုက ပြော သည်။
အနောက် ဥရောပ နိုင်ငံများ ဖြစ်သော ပြင်သစ်၊ အင်္ဂလန်၊ ဂျမနီ၊ အီတလီ တို့မှ နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှု သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလ အတွင်း အရေအတွက် ၆ သောင်းကျော် ရှိရာမှ ယခုနှစ် ကာလတူ တွင် ၄ သောင်းကျော်သာ ဝင်ရောက်ခဲ့ရာ ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟုလည်း ဆိုသည်။
မန္တလေးတိုင်းသို့ ခရီးသွားဝင်ရောက်မှုမှာ အတက်အကျ မသိသာသော်လည်း လာရောက်သည့် နိုင်ငံများ ကွာခြားသွား ခြင်းသာဖြစ်ပြီး ယင်းသို့ အာရှတွင်းနိုင်ငံများ ပိုမို ဝင်ရောက်နိုင်ရန် အတွက် ခရီးသွားကဏ္ဍ နားလည်မှု စာချွန်လွှာများ ရေးထိုးခြင်း၊ တိုက်ရိုက် လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းခွင့် ပြုခြင်းနှင့် ဗီဇာကဏ္ဍတွင် ဖြေလျှော့မှုများ ပြုလုပ်ခဲ့ ခြင်း တို့ကြောင့် ဖြစ်သည်ဟုလည်း တိုင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက သိရသည်။
မန္တလေးတိုင်း ဧည့်လမ်းညွှန်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက“ဒီနှစ် ဟိုတယ်/ခရီးရဲ့ မူဝါဒကိုက Look to East ဖြစ်တယ်။ သိပ်မလာတဲ့သူကို မျှော်မယ့်အစား လာနေတဲ့သူတွေကို ပိုများများလာချင်အောင် တံခါးဖွင့်ပေးလိုက်တဲ့ သဘောပါပဲ။ ဒါကြောင့်လည်း အရှေ့ပိုင်းနိုင်ငံတွေက ခရီးသွားတွေ ဝင်ရောက်မှုများလာတာပါ”ဟု ဧရာဝတီကို ပြော သည်။
မြန်မာနိုင်ငံတွင် ရခိုင်အရေးအခင်းနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် အနောက်ဥရောပ နိုင်ငံများမှ ခရီးသွားများ ဝင်ရောက်မှုမှာ ပြီးခဲ့သည့်နှစ်မှစ၍ ကျဆင်းခဲ့ပြီး ယခုနှစ်တွင် သိသိသာသာ ပိုမို လျော့နည်းသွားသည် ဟုလည်း ခရီး သွား လုပ်ငန်း လုပ်ကိုင်နေသူများက ပြောဆိုနေကြသည်။
မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း (မန္တလေးဇုန်) နာယက ဦးမြင့်အောင်က“အဓိကကတော့ နိုင်ငံရဲ့ ပုံရိပ် က အရေးကြီးပါတယ်။ နိုင်ငံမှာ ဘင်္ဂါလီအရေး ဖြစ်လိုက်၊ စစ်ဖြစ်လိုက် ဆိုရင်တော့ ဧည့်သည်တွေက ကြောက်ပြီး လာ မှာ မဟုတ်ပါဘူး။ အိမ် သာမှ ဧည့်လာမှာပါ။ အဲဒီလိုပဲ ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ အတွက် Customer (ခရီးသွား ဧည့်သည်) ကို ဒီထက် ဒီထက်ပိုပြီး ဆွဲဆောင်နိုင်တဲ့ နည်းလမ်းတွေ အမြဲရှာကြံ လုပ်ဆောင်နိုင်ဖို့လည်း လိုအပ်ပါမယ်” ဟု ဧရာဝတီကို ပြောသည်။
မန္တလေးတိုင်းအတွင်း အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလတို့သည် နိုင်ငံခြားသား ခရီးသည် ဝင်ရောက် မှု အများဆုံးကာလများ ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ခရီးသည် ၄ သိန်း ၈ သောင်းကျော် ဝင်ရောက်ခဲ့ကြောင်း တိုင်း ဟိုတယ်/ခရီး ဦးစီးဌာန စာရင်းများတွင် ဖော်ပြထား သည်။
ခရီးသွား အများစုသည် မန္တလေးတောင်၊ မန္တလေးနန်းတွင်း၊ ကုသိုလ်တော်ဘုရား၊ ရွှေကျောင်းကြီး၊ ဦးပိန်တံတား၊ အင်း၀ နှင့် ပုဂံဒေသ များသို့ အများဆုံး လည်ပတ်လေ့ရှိကာ တနေ့လျှင် ဧည်သည် ထောင်ဂဏန်းခန့် လာရောက်ကြ ကြောင်းလည်း သိရသည်။