အကယ်၍ ဥရောပ သမဂ္ဂ (EU) က ကုန်သွယ်ရေး အထူးအခွင့်အရေးများကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ် ခဲ့ လျှင် မြန်မာနိုင်ငံ၏ တိုးတက်လာနေသော ချည်ထည်နှင့် အထည်ချုပ်လုပ်ငန်း ကဏ္ဍကို အကြီးအကျယ် ထိခိုက် ဆုံးရှုံးစေလိမ့်မည်ဟု စီးပွားရေးခေါင်းဆောင်များက ပြောကြသည်။
ထိုကဲ့သို့ ဆုံးဖြတ်ချက်မျိုးက ပေါ်ပေါက်လာရန် အနည်းဆုံး တနှစ်လိုသေးသော်လည်း ရခိုင်ပြည်နယ်မှ လူ့အခွင့် အရေး ချိုးဖောက်မှုများကို ရပ်တန့်ရန် မြန်မာအစိုးရ၏ ပျက်ကွက်မှုအပေါ် သဘောမကျကြောင်း ပြသရန် EU က ကုန်သွယ်ရေး ပြစ်ဒဏ်များချမှတ်ခြင်းကို အသုံးပြုလာနိုင်ခြင်းကို အချို့က စိုးရိမ်နေကြသည်။
EU ၏ လေ့လာစောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့တခုက တိုင်းပြည်အတွင်းမှ အခြေအနေများကို စတင် အကဲဖြတ်ရန် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရောက်လာသည်။
EU သို့ အကောက်ခွန်လွတ် တင်ပို့ခွင့် အထူးအခွင့်အရေးကို ဆုံးရှုံးရခြင်းက အလုပ်အကိုင် ၂ သိန်းကျော် အတွက် အန္တရယ်ရှိကြောင်း အထည်ချုပ်စက်ရုံ ပိုင်ရှင်များ၏ အဆိုအရ သိရသည်။ တိုးတက်မှုရရှိရန် ခက်ခက်ခဲခဲ လုပ်ဆောင်နေရသည့် တိုင်းပြည်၏ စီးပွားရေး အပေါ်တွင် ထိုသို့သော သက်ရောက်မှုက အလွန် ကြီးမားသည်။
EU က ယခင် စစ်အစိုးရကို အပြစ်ဒဏ်ခတ်သည့် အနေဖြင့် ၁၆ နှစ်ကြာ ဆိုင်းငံ့ ထားခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် တွင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ကဏ္ဍအတွက် ကုန်သွယ်ရေး အထူးအခွင့်အရေး (GSP) အဆင့် အတန်းကို ပြန်လည်ခွင့်ပြုပေးခဲ့သည်။ အကျိုးဆက် အနေဖြင့် ပြီးခဲ့သည့် ၅ နှစ်အတွင်း အထည်ချုပ်နှင့် ဖိနပ် လုပ်ငန်းကဏ္ဍက အလွန် လျှင်မြန်စွာ တိုးတက်လာခဲ့သည်။
“တကယ်လို့ EU က GSP ကို ပယ်ဖျက်လိုက်မယ်ဆိုရင် အထည်ချုပ် လုပ်ငန်းမှာ ရှိတဲ့ အလုပ်သမား အင်အား တဝက်ကျော်က သူတို့ရဲ့ အလုပ်တွေကို ဆုံးရှုံးရမယ့် အန္တရာယ်ရှိပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။ ၎င်းတို့၏ ၉၀ ရာခိုင်နှုန်း ကျော်မှာ ငယ်ရွယ်သော၊ ကျွမ်းကျင်မှု မရှိသော အခြားသော အလုပ်အကိုင် ရစရာ အလားအလာ မရှိသည့် အမျိုးသမီးများ ဖြစ်ကြသည်။
“တရုတ်ပိုင် စက်ရုံတွေမှာ လူ ၃ သိန်း လောက် လုပ်နေတယ်” ဟု သူက ပြောသည်။ အဆိုပါ တရုတ် ရင်းနှီးမြှုပ်နှံသူများမှာ မြန်မာနိုင်ငံက GSP အရ ဥရောပ ဈေးကွက်သို့ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း၏ ဆွဲဆောင်မှုကြောင့် မြန်မာနိုင်ငံသို့ ရောက်လာကြခြင်း ဖြစ်သည်။ အကယ်၍ GSP ကို ပြန်လည်ရုပ်သိမ်းခဲ့လျှင် သူတို့က ပြန်လည်ထွက်ခွာ၍ အခြားနေရာများတွင် ပြန်လည်အခြေချမှာ သေချာပြီး ထိုင်း သို့မဟုတ် ဗီယက်နမ်သို့ ရောက်သွားကောင်း ရောက်သွားနိုင်သည်ဟု သူက ခန့်မှန်းသည်။
ထိုသို့ ဖြစ်လာပါက အလွန် ဝမ်းနည်းစရာ ဖြစ်လိမ့်မည်ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ အမျိုးသမီးများသည် သူတို့၏ မိသားစုများ (ခင်ပွန်းနှင့် ကလေး ၃ ဦးအပါအဝင် ပျမ်းမျှ ၅ ဦးခန့် ရှိသည့် မိသားစုများ) ကို ထောက်ပံ့နေသောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် လူ ၁ သန်း ကျော်ကို တိုက်ရိုက် ထိခိုက်နစ်နာစေလိမ့်မည်ဟု သူက ခန့်မှန်းသည်။
“မြန်မာနိုင်ငံရဲ့ ထွန်းကားစ အထည်ချုပ်လုပ်ငန်းမှာ နှေးကွေး ကျဆင်းသွားတာက အထည်လုပ်ငန်းရဲ့ ထောက်ပံ့ရေး ကွင်းဆက်အပေါ်မှာလည်း သိသိသာသာ သက်ရောက်စေပါလိမ့်မယ်။ ဥပမာ အပ်ချည်နဲ့ ကြယ်သီးတွေ၊ နောက်ပြီး အထောက်အကူပြု စက်မှုလုပ်ငန်းတွေ (ပန်းထိုးလုပ်ငန်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ ပိုလီယက်စတာ အိတ်နဲ့ ကတ်ထူဘူး ထုတ်လုပ်သော လုပ်ငန်းများ)။ အဲဒါတွေက အထည်ချုပ် လုပ်ငန်း အတွက် အရေးကြီးပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုးက ပြောသည်။
မြန်မာနိုင်ငံ ဆိုင်ရာ EU သံအမတ် Kristian Schmidt က ယခု လာရောက်သွားသည့် လေ့လာစောင့် ကြည့်ရေး အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်၍ အစီအစဉ်များကို ရှင်းပြသည်။
“ကိုယ်စားလှယ် အဖွဲ့က လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း အပါအဝင် ကုန်သွယ်ရေး အထူးအခွင့် အရေး ပေးထားရတဲ့ အဓိက အချက်တွေကို လေးစားလိုက်နာတဲ့ နေရာမှာ တိုင်းပြည်ရဲ့ တိုးတက်မှုကို လေ့လာ အကဲဖြတ်မှာ ဖြစ်ပါတယ်။ လက်တွေ့မှာ ဖြစ်နေတဲ့ သတင်းအချက်အလက်တွေကို ရယူမှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ကိုယ်စားလှယ် အဖွဲ့က ၃ ရက်ကြာခရီးစဉ် အတွင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အလုပ်သမား သမဂ္ဂများ၊ စက်ရုံပိုင်ရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရတို့ နှင့် တွေ့ဆုံခဲ့သည်။
ဘရပ်ဆဲလ်ရှိ ရုံးသို့ အစီရင်ခံစာ ပြန်လည်တင်သွင်းပြီးသည့် အခါ EU ကုန်သွယ်ရေး ကော်မရှင်နာက GSP ရုပ်သိမ်းရေး လုပ်ငန်းစဉ်ကို စတင်ရေးအတွက် ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံကို သတိပေးသည့် ကာလ ၆ လ ပေးလိမ့်မည် ဖြစ်သည်။ ၎င်းနောက်တွင် ဆုံးဖြတ်ချက် မပြုလုပ်မီ အကဲဖြတ် ကာလ ၆ လကြာမြင့်လိမ့်မည် ဖြစ်သည်။ အကယ်၍ GSP ရုပ်သိမ်းရန် EU ကုန်သွယ်ရေး ကော်မရှင်နာက အကြံပြုခဲ့လျှင် အတည်ပြုချက် ရယူရန် အတွက် EU ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးသို့ တင် ပြရမည် ဖြစ်သည်။
သို့သော်လည်း အကယ်၍ မြန်မာနိုင်ငံ အစိုးရက စည်းကမ်းများနှင့် အညီ လိုက်နာကြောင်း ဖော်ပြနိုင်ခဲ့လျှင် ဆုံးဖြတ်ချက်က မည်သည့် အဆင့်တွင်မဆို ပြောင်းလဲသွားနိုင်သည် ဟု Kristian Schmidt က ပြောသည်။
“အဲဒါတွေက ကုန်သွယ်ရေး အရေးယူ ဒဏ်ခတ်မှု မဟုတ်သလို ကုန်သွယ်ရေး တားမြစ်မှု ပိတ်ဆို့မှုလည်း မဟုတ်ပါဘူး” ဟု သူက ထောက်ပြသည်။ မြန်မာနိုင်ငံမှ ပို့ကုန်များကို ဥရောပ ဈေးကွက်တွင် ဆက်လက် ကြိုဆိုသွားမည် ဖြစ်သည်။ သို့သော်လည်း ပုံမှန် အကောက်ခွန်များကို ရင်ဆိုင်ရတော့မည် ဖြစ်ပြီး အခြားသော နိုင်ငံများနှင့် ယှဉ်ကြရမည် ဖြစ်သည်။
သို့သော်လည်း အခွန်ကင်းလွတ်ခွင့် ဆုံးရှုံးသွားသည့် မြန်မာ ထုတ်ကုန်များက အခွန်လွတ် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံ ထုတ်ကုန်များထက် ဥရောပဝယ်လက်များအတွက် ဆွဲဆောင်မှုများစွာ လျော့နည်းသွားတော့မည် ဖြစ်သည်။
မြန်မာထုတ် အထည်များ အမြောက်အမြား တင်သွင်းသည့် အခြားနိုင်ငံ ဆို၍ ဂျပန်နိုင်ငံသာ ရှိနေခြင်းနှင့် အတူ အခြားသော ဈေးကွက်များ ရှာဖွေရေးက မဖြစ်နိုင်သလောက် နီးပါး ရှိနေသည်။
၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံ ၂၀၀ ခန့်သာ ရှိခဲ့သော်လည်း ယခုအခါ ၅၀၀ နီးပါး (အများ စုမှာ တရုတ်ပိုင် သို့မဟုတ်တရုတ်က စီမံခန့်ခွဲသည့်စက်ရုံများ) ရှိနေပြီ ဖြစ်သည်။ အထည်ချုပ်လုပ်ငန်းကဏ္ဍ က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို သိသိသာသာ ဆွဲဆောင်နိုင်သည့် အရင်းအမြစ်တခု ဖြစ်သည်။ အထူးသဖြင့် တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ် နှင့် တောင်ကိုရီးယား နိုင်ငံတို့မှ ဖြစ်သည်။
စက်ရုံ တဝက်ကျော်က ရန်ကုန်တွင်(အထူးစက်မှုဇုန်များတွင်) အခြေပြုကြပြီး မန္တလေးနှင့် စစ်ကိုင်းတို့က နောက်ထပ် အချက်အချာကျသည့် နေရာများ ဖြစ်ကြသည်။ သို့သော်လည်း အထည်ချုပ်လုပ်ငန်းက ဖွံ့ဖြိုးလာ သည်နှင့် အမျှ စက်ရုံများက တနိုင်ငံလုံးသို့ ဖြန့်ကျက်လာခဲ့သည်။ ထိုင်းနယ်စပ် တလျှောက်မှ တိုင်းရင်းသား ဒေသအချို့သို့ပင် ရောက်ရှိခဲ့ကြောင်း ဒေါ်ခိုင်ခိုင်နွယ်၏ အဆိုအရ သိရသည်။
ရန်ကုန်မှ စက်ရုံအများအပြား မှာလည်း သူတို့၏ ဒေသများအနီးတဝိုက်တွင် အလုပ်အကိုင် မရှာဖွေနိုင်ကြသည့် အလုပ်လက်မဲ့ တိုင်းရင်းသူ (ချင်း၊ ကချင်၊ ကရင်နှင့် ရခိုင်) အမျိုးသမီး အများအပြား အတွက် အလုပ်အကိုင်များ ဖန်တီးပေးနေသည်။
ယခုအခါ အထည်ချုပ်လုပ်ငန်းတွင် အလုပ်သမား ၅ သိန်းကျော် လုပ်ကိုင်နေပြီး ဈေးကွက်တန်ဘိုးက ၂၀၁၃ ခု နှစ် နောက်ပိုင်းတွင် ၂ ဆကျော် တိုးတက်၍ အမေ ရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ရှိနေသည်။
“အလုပ်အကိုင် ဖန်တီးပေးမှုအရ ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ အလျှင်မြန်ဆုံး တိုးတက်လာခဲ့တဲ့ ကဏ္ဍတွေထဲက တခုဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ ILO ရုံး အကြီးအကဲ Rory Mungoven က ပြောသည်။ ၂၀၂၀ ခုနှစ်ရောက်သည့် အချိန်တွင် အလုပ်သမား အင်အားက ၁ သန်းအထိ ရောက်ရှိလာပြီး ထုတ်လုပ်မှုတန်ဘိုးက အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ရှိမည်ဟု ခန့်မှန်းရသည်။
မြန်မာနိုင်ငံမှ EU သို့ အထည်ချုပ်လုပ်ငန်း ထွက်ကုန်များ တင်ပို့မှုက ပြီးခဲ့သည့် ၅ နှစ်အတွင်းတွင် လျှင်လျှင်မြန် မြန် တိုးတက်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ သန်း ၃၁၀ ဖိုးရှိခဲ့ပြီး ယခုအခါ ၄ ဆကျော် တိုးတက်လာခဲ့ပြီး ဖြစ်သည်။ ပြီးခဲ့သည့် နှစ်အတွင်းတွင် အထည်ချုပ်လုပ်ငန်း ထွက်ကုန်က မြန်မာနိုင်ငံမှ EU သို့ ပို့ကုန် စုစုပေါင်း ဒေါ်လာ ၁.၈ ဘီလီယံ၏ ၇၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခုနှစ်တွင် ၈၀ ရာခိုင်နှုန်း ကျော်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် EU က ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံဘက်မှ ပိုသာသည့် ဈေးကွက်အနည်းငယ်မျှထဲမှ တခုဖြစ်စေခဲ့သည်။
မြန်မာနိုင်ငံက Adidas၊ C&A၊ H&M၊ Inditex၊ Next နှင့် Primark တို့ အပါအဝင် ဥရောပ အမှတ်တံဆိပ် များ၏ ထုတ်လုပ်ရေး အချက်အချာတခုအဖြစ် ပေါ်ထွက်လာခဲ့သည်။ H&M က မြန်မာနိုင်ငံမှ စက်ရုံ ၃၀ ကျော် ကို အရင်းအမြစ် ပြုလုပ်ထားသည်။ အများစုမှာ တရုတ်ပိုင် သို့မဟုတ် တရုတ်က စီမံသည့် စက်ရုံများ ဖြစ်ကြ သည်။ တွေ့ဆုံမေးမြန်းရန်အတွက် H&M ကုမ္ပဏီသို့ ဆက်သွယ်ခဲ့သည့်အခါ ငြင်းဆန်ခဲ့သော်လည်း ကြေညာချက်တစောင် ထုတ်ပြန်ပေးခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် “EU အနေဖြင့် မြန်မာနိုင်ငံမှ ဆိုးရွားသည့် လူ့အခွင့်အရေး အခြေအနေကို မည်သို့ ဖြေရှင်းသည်ကို ကြည့်ရှု့ရန် လိုအပ်သည်ကို ကျွန်ုပ်တို့ အပြည့်အဝ နားလည်ပါသည်။ ဤကိစ္စက အရေးပါသလို ရှုပ်ထွေးသည့် ကိစ္စတခု ဖြစ်ပါသည်။ သုံးသပ်မှုပြုလုပ်ရာတွင် ထည့်သွင်း စဉ်းစားရမည့် အချက်ဖြစ်သော ပြည်သူများ၏ အလုပ်အကိုင်အပေါ် အနုတ်သဘော သက်ရောက်နိုင်သည့် အလားအလာ လည်း ရှိနေပါသည်” ဟု ၎င်းတို့က ဆိုသည်။
မြန်မာနိုင်ငံမှ ၎င်းတို့၏ ထုတ်လုပ်ရေးတန်ဖိုးနှင့် ပတ်သက်သော သတင်းအချက်အလက်များပေးရန် H&M ကုမ္ပဏီ က ငြင်းဆန်ခဲ့ပါသည်။
ပြည်တွင်း အထည်ချုပ်လုပ်ငန်း ကဏ္ဍ အနေဖြင့် အရေးယူပိတ်ဆို့မှုများ၏ သက်ရောက်မှုကြောင့် ထိခိုက် နစ်နာမှုများကို ယခင်က မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ နောက်ထပ်တကြိမ် မမြင်ချင်ကြပါ။ ၂၀၀၃ ခုနှစ် ဇူလိုင်လတွင် အမေရိကန်က စစ်အစိုးရ အပေါ် ကုန်သွယ်ရေး ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားမှုကို သက်တမ်းတိုးခဲ့ပြီး နောက်ပိုင်းတွင် ဖြစ်သည်။
သွင်းကုန် တားမြစ်ခြင်းက ပေါ်ထွန်းစ လုပ်ငန်း ကဏ္ဍတခုအပေါ်တွင် ဆိုးကျိုးသက်ရောက်စေခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံက ၎င်း၏ ထုတ်လုပ်မှု၏ တဝက်နီးပါးကို အမေရိကန် နိုင်ငံသို့ တင်ပို့ နေခဲ့သည်။ မြန်မာနိုင်ငံမှ အမေရိကန်က တင်သွင်းသည့် ကုန်များ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ အဝတ်အထည်များ ဖြစ်ကြ သည်။
ယခုအခါ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်း (MGMA) ၏ ဥက္ကဌ တာဝန်ထမ်းဆောင်နေသော ဦး မြင့်စိုးမှာ ထိုစဉ်က ထိပ်တန်း စက်ရုံ ပိုင်ရှင်တဦး ဖြစ်ခဲ့သည်။ “အဲဒါက အရမ်းကို နစ်နာပါတယ်။ ကျနော်တို့ အလုပ်သမား ၁၅၀၀၀၀ ကျော်ကို လျှော့ချခဲ့ရပါတယ်” ဟု သူက ပြောသည်။
၂၀၀၅ ခုနှစ်ရောက်သည့် အချိန်အထိ အထည်ချုပ်လုပ်ငန်းတွင် အမျိုးသမီး ၆၀၀၀၀ ကျော် လုပ်ကိုင်နေခဲ့ သည်။ အလုပ်လက်မဲ့ ဖြစ်သွားသော အမျိုးသမီး အများအပြားသည် ပြည့်တန်ဆာ အဖြစ် လုပ်ကိုင်ရသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်ဟု ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဌာန၏ အစီရင်ခံစာ တစောင်က ဆိုသည်။
“အမေရိကန် ဒဏ်ခတ်အရေးယူမှုတွေ မတိုင်မီက အမျိုးသမီး အလုပ်သမားတွေ အကုန်လုံး မရှိတော့ဘူး။ အခုက အရင်လူတွေမဟုတ်တဲ့ အလုပ်သမားတွေ” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။ အများအပြားမှာ လူကုန်ကူးခံခဲ့ရသည် သို့မဟုတ် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်သွားရောက် ရှာဖွေကြရသည်ဟု သူက ရှင်းပြသည်။
EU က GSP ကို ဆိုင်းငံ့ခဲ့ဖူးသော ၁၉၉၇ ခုနှစ်တွင်မူ အထည်ချုပ်လုပ်ငန်းက သက်တမ်း ၃ နှစ်မျှသာ ရှိသေးသောကြောင့် သက်ရောက်မှုများစွာ မခံစားခဲ့ရပါ။
ယခုအခါ အထည်ချုပ်လုပ်ငန်းက အလွန်ကြီးထွားဖွံ့ဖြိုးလာခဲ့ပြီး မြန်မာနိုင်ငံမှ ကုန်ထုတ်လုပ်ရေး ကဏ္ဍတွင် စံပြ ပုံစံ(model)တခု ဖြစ်လာခဲ့သည်။ “ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနဲ့ တရားဝင် ကန်ထရိုက် စာချုပ်တွေ အပါအဝင် လုပ်ငန်းခွင် အခြေအနေနဲ့ စီမံခန့်ခွဲရေး ကိစ္စတွေကို ဖြေရှင်းမှုတွေနဲ့ ပတ်သက်ရင် အထည်ချုပ် လုပ်ငန်းက ရှေ့ကနေ ဦးဆောင်သွားနေပါတယ်။ အလုပ်ရှင်တွေနဲ့ သမဂ္ဂတွေ အတူတကွ အလုပ်လုပ်တဲ့ အခါ လုပ်ငန်းက ထိပ်ဆုံးကို ရောက်နိုင်ပါတယ်” ဟု ILO မှ Rory Mungoven က ပြောသည်။
အခွန်ကင်းလွတ်ခွင့် ပြုခြင်းသည် EU က မြန်မာနိုင်ငံမှ လုပ်ငန်းများကို ကူညီနေသည့် နေရာ အများအပြားထဲမှ တခုဖြစ်သည်။ EU ၏ ကုန်သွယ်ရေးအတွက် အကူအညီ (Aid for Trade) အစီအစဉ်က လုပ်ငန်းများ ပို၍ ထိရောက်မှုရှိလာရေးနှင့် EU၏ သွင်းကုန်နှင့် ပတ်သက်သော တင်းကျပ်သည့် စံနှုန်းများကို ကောင်းမွန်စွာ ပြည့်မီနိုင်ရေး တို့အတွက် ကူညီနေသည်။ အထူးသဖြင့် စိုက်ပျိုးရေး ထွက်ကုန်များနှင့် ပတ်သက်၍ ဖြစ်သည်။
“ကျနော်တို့က မြန်မာနိုင်ငံကို တက်ကြွစွာ ကူညီနေပါတယ်။ ဒါမှလည်း GSP က ပေးတဲ့ အခွင့်အလမ်းတွေကနေ မြန်မာနိုင်ငံ အကျိုးအမြတ် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ငါးလုပ်ငန်းနဲ့ ရေထွက် ပစ္စည်းလုပ်ငန်းတွေမှာ စစ်ဆေးဖို့အတွက် ကျနော်တို့က ကူညီပါတယ်။ ဒါမှလည်း မြန်မာက ဥရောပ စံနှုန်းတွေနဲ့ ကိုက်ညီနိုင်မှာ ဖြစ်ပါတယ်။ ငါးလုပ်ငန်းထွက်ကုန်တွေက ကျန်းမာရေးနဲ့ ညီညွတ်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေနဲ့ ကိုက်ညီဖို့ သေချာအောင်ပြုလုပ်ခြင်းက ဥရောပက စားသုံးသူတွေရဲ့ ကျန်းမာရေးအတွက် ကောင်းသလို မြန်မာနိုင်ငံရဲ့ ငါးလုပ်ငန်း ကဏ္ဍအတွက်လည်း ကောင်းပါတယ်” ဟု Kristian Schmidt က ပြောသည်။
EU က SMART ဟု ခေါ်သည့် အစီအစဉ်တခုကိုလည်း ထောက်ပံ့ပေးနေသည်။ ထိုအစီအစဉ်က အထည်ချုပ် စက်ရုံများတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများ ဖြေရှင်းခြင်း၊ စွမ်းအင်ကို ထိရောက်စွာ အသုံးချနိုင်မှု တိုးတက်လာရေးနှင့် အညစ်အကြေးနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချရေး တို့အတွက် အကူအညီပေးနေ သည်။ အလုပ်သမားများက ၎င်းတို့၏ အခွင့်အရေးများကို နားလည်သဘောပေါက်စေရန်နှင့် စုစည်း ညှိနှိုင်း ခြင်းအားဖြင့် သင့်တင့်လျှောက်ပတ်သော လုပ်ခလစာ ရရှိရေး သေချာစေရန် အတွက်လည်း ကူညီပေးနေ သည်။
“ဒါတွေ အားလုံးက ကျနော်တို့ရဲ့ ကုန်သွယ်ရေးမူဝါဒရဲ့ ရလဒ်ဖြစ်တဲ့ တိုးတက်မှုတွေ ဖြစ်ပါတယ်။ GSP ကို စတင်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစလို့ အလွန်အောင်မြင်ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အလုပ်အကိုင် နေရာတွေ ဘယ်လောက်အထိ ဖန်တီးပေးခဲ့သလဲ ဆိုတာကို ကျနော်တို့ မြင်တွေ့ခဲ့ရလို့ ဖြစ်ပါတယ်” ဟု Kristian Schmidt က ပြောသည်။
ဥရောပ ဈေးကွက်သို့ ဝင်ရောက်ခွင့်နှင့် ၎င်း၏ တင်းကျပ်သော စံနှုန်းများနှင့် ကိုက်ညီရန် လိုအပ်ချက်ခြင်း တို့က အထည်ချုပ်လုပ်ငန်း အသွင်ကူးပြောင်းရေးအတွက် အဓိက တွန်းအားဖြစ်သည်ဟု လေ့လာဆန်းစစ်သူ များက ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် အထည်ချုပ်လုပ်ငန်းက ပို့ကုန်ကို အလွန်မှီခိုရသော ကြောင့်ဖြစ်သည်။ တာဝန်ယူမှု ရှိသော စီးပွားရေးလုပ်ငန်း အလေ့အထများ ကျင့်သုံးရန် လိုအပ်သည့် ကမ္ဘာ့ ထောက်ပံ့ရေး ကွင်းဆက်နှင့်လည်း ဆက်နွယ်နေသည်။
ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်၏ လုပ်ဆောင်မှုက လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အလားတူသည်ဟု ဆို သော ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေး အဖွဲ့၏ အစီရင်ခံစာပေါ်ထွက်လာပြီးနောက် EU ၏ ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ရန် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေး အဖွဲ့က မွတ်ဆလင် ၇ သိန်း ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး ကျေးရွာများ မီးရှို့ခြင်း၊ မတရား ပြု ကျင့်ခြင်း နှင့် သတ်ဖြတ်ခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ပေါ်ပေါက်စေခဲ့သည့် စစ်ဆင်ရေး တခုနှင့် ပတ်သက်၍ အချက်အလက်များ စုဆောင်းမှတ်တမ်းတင်ခဲ့သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် မြန်မာနိုင်ငံ၏ GSP အဆင့်အတန်းကို ပြန်လည်သုံးသပ်ရန်မှ လွဲ၍ အခြားမရှိဟု EU က မြင်လာခဲ့သည်။
နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် EU က မြန်မာနိုင်ငံ၏ အခြေအနေကို နားမလည်ခြင်းနှင့် ရခိုင်အရေး ကသာ လွှမ်းမိုးနေခြင်းကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များက စိုး ရိမ်နေကြသည်။
GSP ရုပ်သိမ်းခြင်းဖြစ်လာနိုင်ခြေနှင့် ပတ်သက်၍ စိုးရိမ်မှုကို ပြရန် မကြာသေးမီက ဥရောပသို့ သွားရောက်ခဲ့သော လွှတ်တော်ကိုယ်စားလှယ် အဖွဲ့တခုတွင် ပါဝင်ခဲ့သော NLD ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်သည့် ဦးဘိုဘိုဦးက EU အနေဖြင့် ကုန်သွယ်ရေး အရေးယူပိတ်ဆို့မှုများကြောင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာရလိမ့်မည် ဖြစ်သော ပြည်သူ ၅၀၀၀၀၀ ၏ အခွင့်အရေးကိုလည်း စဉ်းစား သုံး သပ်သင့်သည်ဟု ပြောသည်။
“ဒီအမျိုးသမီး အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ရခိုင်ပြည်နယ်ကြားမှာ ဘယ်လိုဆက်သွယ်ချက်မှ ကျနော် မတွေ့ဘူး။ ဒီ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေက အစိုးရရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကိုပဲ ထိခိုက်စေလိမ့် မယ်။ ဆယ်စုနှစ် ၆ ခုကျော်ကြာ စစ်အာဏာရှင် အုပ်ချုပ်ရေးအောက်မှာ နေခဲ့ပြီးတဲ့နောက် ကျနော်တို့ရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ပျက်စီးစေလိမ့်မယ်” ဟု သူက ပြောသည်။
“အဲဒီလိုလုပ်မယ့် အစား EU အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူလုပ်ဖို့ ကြိုစားနေတဲ့ ကိစ္စတွေမှာ ကူညီ သင့်ပါတယ်။ သူ့ကို မတိုက်ခိုက်သင့်ပါဘူး။”
GSP ကို ရုပ်သိမ်းခြင်းက ရခိုင်ပြည်နယ်မှ ပြဿနာများအတွက် တာဝန်ရှိသူများ အပေါ်တွင် သက်ရောက်စေ လိမ့်မည် မဟုတ်ဟု စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်သည့် ဦးမိုးကျော်က ပြောသည်။
“(GSP ဖြုတ်သိမ်းမယ့်အစား) EU အနေနဲ့ NLD နိုင်ငံရေးသမားတွေကို ဗီဇာ ပိတ်ပင်တားမြစ်မှု ပြုလုပ်ရေး စဉ်းစားသင့်ပါတယ်။ အဲဒီကျမှ စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ အတွက် သူတို့ အိပ်နေရာက ထလာကြလိမ့်မယ်။”
(ဘန်ကောက်ပို့စ် သတင်းစာပါ Larry Jagan ၏ Hanging by a thread ကို ဘာသာပြန်သည်။)