စီးပွားရေး လုပ်ငန်းရှင်များ တင်ပြ တောင်းဆိုထားကြသော အခွန်နှင့် ဘဏ်ချေးငွေ အတိုးနှုန်း လျှော့ချနိုင်ရေး အတွက် နိုင်ငံအဆင့် တာဝန်ရှိသူများထံ တင်ပြထားကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧရာဝတီကို ပြောသည်။
ဦးဇော်ဌေးက “အခွန်လျှော့ပေါ့ရေး ဆိုရင် စီမံ/ဘဏ္ဍာ သဘောထား ယူတယ်။ ကျန်တဲ့ သက်ဆိုင်ရာ ဌာနတွေ ရှိတယ်။ သွင်းကုန်လိုမျိုး ဆိုရင် စီးပွားကူးသန်းလို သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေရဲ့ သဘောထားမှတ်ချက်တွေကို ယူရတယ်။ ဘယ် ဟာက လုပ်ပေးနိုင်တယ်၊ ဘယ်ဟာက လုပ်မပေးနိုင်ဘူး ဆိုတာ ပြန်တင်ပြပါတယ်။ အဲဒါတော့ အခု လုပ်နေပြီ။ တင်ပြ ချက်တွေ အကုန်လုံးကို တင်ပြ ပြီးပြီ” ဟု ပြောသည်။
နေပြည်တော် MICC-1 ခန်းမ၌ သြဂုတ်လ၂၇ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ ဆုံရာတွင် နိုင်ငံ စီးပွားရေး တိုးတက် ကောင်းမွန်လာစေရန် အတွက် အခွန်၊ ဘဏ်ချေးငွေ အတိုးနှုန်း လျှော့ချရေး အပါ အဝင် ငွေလဲနှုန်း တည်ငြိမ်စေရေး၊ ပို့ကုန် မြှင့်တင်ရေး၊ သွင်းကုန် အစားထိုးရေးနှင့် အမေရိကန် ဒေါ်လာ အပေါ် မှီခိုနေရ သည့်မူ လျှော့ချနိုင်ရေး အတွက် လိုအပ်သော မူဝါဒများကို ချမှတ် ဆောင်ရွက် ပေးစေလိုကြောင်း လုပ်ငန်းရှင်များက တင်ပြ တောင်းဆိုခဲ့သည်။
အဆိုပါ တင်ပြချက် အပေါ် ပြောင်းလဲလာသည့် အခြေအနေနှင့် အညီ ပြန်လည် စိစစ်ခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ ၏ သဘောထား မှတ်ချက်များ တောင်းခံခြင်းများကို ပြုလုပ်ထားပြီး ထိုတောင်းဆိုချက်များအနက် အစိုးရက ဆောင်ရွက် ပေးနိုင်သည်များကို နိုင်ငံ၏ တာဝန်ရှိသူများထံ တင်ပြပြီး ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။
“တောင်းဆိုတာ မှန်သမျှ အကုန် လုပ်ပေးချင်မှ လုပ်ပေးနိုင်မယ်။ လက်တွေ့ ဝန်ကြီးဌာနတွေရဲ့ သဘောထား အပေါ် မူ တည်တယ်။ တချို့ဟာတွေလည်း လုပ်ပေးနိုင်တာ ရှိမယ်။ လောလောဆယ်တော့ အတိအကျ ပြောလို့ မရသေးဘူး။ အမြန်ဆုံးတော့ လုပ်နေပြီ” ဟု ၎င်းက ရှင်းပြသည်။
ယင်းတွေ့ဆုံပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ တင်ပြခဲ့သည့် ဆောက်လုပ်ရေး လုပ် ငန်းရှင် ဦးမောင်ဝိတ်က နိုင်ငံအတွက် လိုအပ်နေသည့် အခြေအနေများကို တင်ပြခဲ့ခြင်း ဖြစ်ကာ ဆောင်ရွက်ရန် သင့်/ မသင့်သည် နိုင်ငံ့လူကြီးများ စဉ်းစား ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
ဦးမောင်ဝိတ် တင်ပြခဲ့သည့် အချက်များ၌ ဘဏ်ချေးငွေ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကို လျှော့ချပေးရေး၊ အခြေခံ ပစ္စည်း ဝယ် ယူခြင်း အပေါ် ကောက်ခံသည့် အခွန် လျှော့ချပေးရေး၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ နည်းတူ အခွန်စာရွက် ပြသရန် မလိုဘဲ တပြေးညီ ဆောင်ရွက်ပေးရေး တို့ကို ပါဝင်ကြောင်း သိရသည်။
ဆက်လက်၍ ၎င်းက “ဒီကိစ္စ အကောင်အထည်ဖော်ရာမှာ မြန်ရင် မြန်မာ့ စီးပွားရေး အထ မြန်လာမှာပေါ့လေ။ နည်းနည်း လေး နှေးရင်တော့ စီးပွားရေး နှေးနေမှာပေါ့။ ဒါတွေ လုပ်ရင် ဘယ်သူ့ အကျိုးစီးပွားလဲ ဆိုတဲ့ ခေါင်းစဉ်အောက်က ကြည့် ရမှာပေါ့။ တင်ပြတဲ့သူတွေ ရဲ့ အကျိုး စီးပွားလား။ ဒါမှမဟုတ် စီးပွားရေး လောကနဲ့ မှီခိုတဲ့သူတွေ ဆိုရင် အများကြီးပဲလေ။ ဘယ်သူ့ အကျိုးအတွက် တင်ပြသလဲ ဆိုတာ မြင်အောင် ကြည့်ရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ လုပ်ငန်းရှင်များ၏ တောင်းဆိုချက်သည် ကိုယ်ကျိုးစီးပွား အတွက်ဟု ထင်မြင်ယူဆမှုများ ရှိနေသော်လည်း နိုင်ငံ၏ စီးပွားရေး ကောင်းမွန်လာစေရန်နှင့် ယင်းလုပ်ငန်း နယ်ပယ်ကို မှီခိုနေရသူများ အတွက် တောင်းဆိုရခြင်း ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များကလည်း ပြောဆိုသည်။
မင်္ဂလာဒုံ မြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဘဏ်တိုးနှင့် အခွန်များကို လျှော့ချရေး တောင်းဆိုချက်များသည် ဖြစ်သင့်သည့် အခြေအနေ ဖြစ်သော်လည်း ၎င်းတို့၏ ကဏ္ဍ တခု အတွက်သာ အကျိုးရှိနိုင်ပြီး အများပြည်သူ အကျိုးရှိမည့် တောင်းဆိုချက်မျိုး မဟုတ်ကြောင်း ဆိုသည်။
ဦးအောင်လှိုင်ဝင်းက “ကျနော် မြင်သလောက် သူတို့ တောင်းဆိုနေတာတွေက နိုင်ငံတော်က လုပ်ပေးလိုက်ရင် လုပ်ငန်း ရှင် တစုတော့ အကျိုးရှိကောင်း ရှိလိမ့်မယ်။ ပြည်သူတွေ လိုလားတာက လုပ်ငန်းငယ်လေးတွေ လုပ်တဲ့ အချိန် ချေးငွေ အခက်အခဲ ဖြစ်နေတာ။ ဘဏ်တွေက သူတို့ စိတ်တိုင်းကျ ခြယ်လှယ်နေတဲ့အခါ ချေးငွေ မရဘူး ဖြစ်နေတာ။ ပြည်ပ ဘဏ်တွေ၊ ပြည်ပက ငွေချေးမယ့်သူတွေနဲ့ အလုပ်လုပ်ချင်တယ်။ အဲဒါကို ဖွင့်မပေးဘူး ဖြစ်နေတာ။ ဗဟိုဘဏ်က ပိတ် ထားတဲ့အတွက် ပြည်သူတွေက အခက်အခဲ ဖြစ်နေတာ”ဟု ပြောသည်။
ပြည်သူများ အနေဖြင့် လက်ရှိတွင် ပြည်တွင်း ဘဏ်များ၏ အားနည်းသော ဝန်ဆောင်မှုများကိုသာ ရရှိနေကြောင်း၊ အမေရိ ကန်ကဲ့သို့သော နိုင်ငံမျိုးတွင်ပင် နှစ် ၃၀ ခန့် ချေးရသည့် ကာလရှည် ချေးငွေမျိုးကိုပင် ဘဏ်ချေးငွေ အတိုးနှုန်း ၅ ရာခိုင် နှုန်းခန့်သာ ပေးရချိန်၌ ပြည်တွင်းတွင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိ ပေးနေရကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ လုပ်ငန်းရှင်များ တောင်းဆိုချက်နှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်၏ အကြီးတန်း အကြံပေး ဦးသန်းလွင်က စီးပွားရေး မကောင်းသည့် အချိန်တွင် အခွန်နှုန်းထားကို လျှော့ချပေးပြီး စီးပွားရေး ကောင်းမွန်သည့် အချိန်မှ အခွန်နှုန်း ထားကို ပြန်လည် မြှင့်တင်ခြင်းမှာ နိုင်ငံတကာတွင် ဆောင်ရွက်လေ့ရှိသည့် ထုံးစံတခု ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ထိုသို့ ဆောင်ရွက်သင့်ကြောင်း၊ အလားတူ ဘဏ်တိုးနှုန်းကိုလည်း လျှော့ချသင့်သည့် အနေအထား တရပ် ဖြစ်ကြောင်းကို ဧရာဝတီကို သုံးသပ် ပြောဆိုထားသည်။
အခွန်လျှော့ချ၍ အခွန်ငွေ ရရှိမှု နည်းသွားမည် ဆိုသည်ထက် အခွန်လျှော့ပေးခြင်းဖြင့် မြန်မာ့ စီးပွားရေး ပြန်လည် ကောင်း မွန်ပြီး ရေရှည်တွင် အခွန် ပိုမိုရရှိမည့် အခြေအနေကိုလည်း ထည့်သွင်း စဉ်စားသင့်သည်ဟု ဦးသန်းလွင်က ပြောသည်။
ဆက်စပ်ဖတ်ရှုရန် – စီးပွားရေး ခေါင်းပြန်ထောင်ရန် ဘဏ်အတိုးနှုန်း လျှော့ချိန်တန်ပြီ