နှစ်နှစ်တာမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းနေခြင်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ယခုနှစ်မကုန်မီ အရှေ့အာရှမှ ရင်းနှီးမြှုပ်နှံသူများကို အဓိထားသည့် ထိပ်သီးဆွေးနွေးပွဲတခု ကျင်းပရန် အစိုးရက စီစဉ် နေကြောင်း အဆင့်မြင့် စီးပွားရေး အရာရှိတဦးကပြောသည်။
“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံတိုင်းကို ကျနော်တို့ တံခါးဖွင့်ထား ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ ကျနော်တို့ အဓိက အာရုံစိုက်တာကတော့ အရှေ့အာရှနိုင်ငံတွေပဲ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့သည် အထက်ပါ ထိပ်သီးဆွေးနွေးပွဲကို ဒီဇင်ဘာလတွင် ကျင်းပရန် မျှော်မှန်းကြောင်း DICA ၏ အဆိုအရ သိရသည်။
“ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ကျနော်တို့ရဲ့ မူဝါဒက အရှေ့ဘက်ကို လှည့်သွားတယ်” ဟု ဦးသန်းအောင်ကျော်က ပြောသည်။
မြန်မာနိုင်ငံက ဆွဲဆောင်သည့် အရှေ့အာရှနိုင်ငံများနှင့် ဒေသများတွင် တရုတ်၊ ဟောင်ကောင်၊ မက္ကာအို၊ ဂျပန် နှင့် တောင်ကိုရီးယားတို့ ပါဝင်ပြီး ၎င်းတို့အနက် တချို့မှာ မြန်မာနိုင်ငံတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူများ ဖြစ်နေခဲ့ပြီး ဖြစ်သည်။
ထိုမူဝါဒအတွက် စံနမူနာကို အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများမှ ယူကြောင်းနှင့် ထို နိုင်ငံများ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရင်းမြစ်များသည် အနောက်နိုင်ငံများတွင် မရှိဘဲ အရှေ့အာရှတွင်သာ ရှိကြောင်း ဦးသန်းအောင်ကျော်က ပြောသည်။
“အာဆီယံ နိုင်ငံအများစုက အရှေ့အာရှက ရင်းနှီးမြှုပ်နှံမှု ပိုရကြတယ်။ ဒါကြောင့် ကျနော်တို့လည်း အရှေအာရှ ကိုပဲ ပိုမျှော်မှန်းတယ်” ဟု သူက ဆိုသည်။
သို့သော်သူက ဆက်လက်၍ “အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံချင်ရင်လည်း ကျနော်တို့ ကြိုဆိုပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး အထူးအခွင့်အရေးကို ရုပ်သိမ်းမည်ဟု ဥရောပသမဂ္ဂ ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီးက မကြာသေးမီက ခြိမ်းခြောက်ခဲ့သည်။ ထိုသို့ ရုပ်သိမ်းလျှင် အထည်ချုပ်လုပ်သား လေးသိန်းကျော် အလုပ်လက်မဲ့ဖြစ်မည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် အစိုးရသည် စီးပွားရေးပြုပြင်ပြောင်းလဲမှု အတွက် အဓိကကျသော အားထုတ်မှု အများအပြား ပြုလုပ်ခဲ့သည်။ ထိုအားထုတ်မှုများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို အထူး အခွင့်အရေးများ ပေးပြီး စီပွားရေး လုပ်ထုံးလုပ်နည်းများကို ပိုမိုစွမ်းဆောင်ရည်ရှိရှိ ထိရောက်စေသော မြန်မာ ကုမ္ပဏီများ ဥပဒေလည်း ပါဝင်သည်။ ထိုသို့ လုပ်ဆောင်သော်လည်း ၂၀၁၆ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံသည် နာတာရှည် စီးပွားရေး နှေးကွေးမှုနှင့် ရင်ဆိုင်နေရသည်။
စီးပွားရေးကဏ္ဍများ အားလုံးတွင် ကျဆင်းနေကြောင်း ယခုနှစ် ဒုတိယ နှစ်ဝက်အတွက် UMFCCI က ပြုလုပ်သည့် စစ်တမ်း တစောင်က ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ ရခိုင်ပြည်နယ် အကျပ်အတည်းကြောင့် တိုင်းပြည်၏ ပုံရိပ်ထိခိုက်ပြီး အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများက မမြှုပ်နှံတော့သောကြောင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၉.၆ ဘီလျံရှိရာမှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၆.၆ ဘီလျံသို့ သိသိသာသာ ကျဆင်းသွားသည်။
လွန်ခဲ့သောတပတ်က MIC သည် နောက် နှစ် ၂၀ အတွင်း တာဝန်သိပြီး အရည်အချင်းမီ စီးပွားရေး လုပ်ငန်းများထံမှ ဒေါ်လာ ဘီလျံ ၂၀၀ ကျော် ဆွဲဆောင်ရန် ရည်မှန်းသည့် အဓိက စီးပွားရေး အစီအစဉ် ဖြစ်သည့် မြန်မာ ရင်းနှီးမြှုပ်နှံမှုစီမံချက် (MIPP) ကို ထုတ်ပြန် ကြေညာခဲ့သည်။
MIPP သည် ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ် အတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈.၅ ဘီလျံ၊ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၃၁ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၂.၃ ဘီလျံနှင့် ၂၀၃၁-၃၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၅-၃၆ ဘဏ္ဍာရေးနှစ် အတွင်း အမေရိကန်ဒေါ်လာ ၁၇.၆ ဘီလျံရရှိရန် ရည်မှန်း ထားသည်။
MIPP အရ မြန်မာအစိုးရသည် မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရန် လွယ်ကူမှု အညွှန်းကိန်းကို ၂၀၂၀ တွင် ထိပ်တန်းနိုင်ငံ ၁၀၀ တွင် ပါဝင်စေရန် ရည်မှန်းထားသည်။ ထိုအညွှန်းကိန်းအရ မြန်မာနိုငိငံ၏ လွန်ခဲ့သော နှစ်ကအဆင့်မှာ ၁၇၁ ဖြစ်သည်။ အိမ်နီးချင်း အာဆီယံ နိုင်ငံများတွင် လာအိုက အဆင့် ၁၄၁၊ ဖိလစ်ပိုင်က အဆင့် ၁၁၃ နှင့် ကမ္ဘောဒီးယားက အဆင့် ၁၃၅ ရှိသည်။
MIC သည် ဂျပန်၊ ဟောင်ကောင်နှင့် တောင်ကိုရီးယား အပါအဝင် အရှေ့အာရှနိုင်ငံ အများအပြားနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လှုပ်ရှားမှု မျိုးစုံ ပြုလုပ်ပြီးဖြစ်ကြောင်း DICA မှ သိရသည်။
“အရှေ့အာရှနိုင်ငံတွေနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို ကျနော်တို့ လုပ်နေတယ်။ မကြာခင်မှာ တရုတ်နိုင်ငံကို သွားဖို့လည်း ကျနော်တို့ စီစဉ်ထားတယ်” ဟု ဦးသန်းအောင်ကျော်က ပြောသည်။
MIC သည် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ရည်ရွယ်ပြီး ဂျပန်ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းနှင့်လည်း လွန်ခဲ့သော စက်တင်ဘာလက တွေ့ဆုံဆွေးနွေးခဲ့သည်။
အောက်တိုဘာလ ၁၆ ရက်နေ့ကမူ MIC မှ အဖွဲ့တဖွဲ့သည် ဟောင်ကောင်သို့ သွားရောက်ပြီး ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေး လှုပ်ရှားမှု လုပ်ဆောင်ခဲ့သည်။ ယင်း မြှင့်တင်ပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး ပြုပြင် ပြောင်းလဲမှုများ၊ ကုမ္ပဏီများ ဥပဒေနှင့် များပြားလှသော စီးပွားရေး အခွင့်အလမ်းများကို MIC ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဟောင်ကောင် စီးပွားရေး အသိုင်းအဝန်းသို့ ရှင်းပြခဲ့သည်။
ဦးသောင်းထွန်းသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံရရန်နှင့် အခြေခံ အဆောက်အအုံ စီမံခန့်ခွဲရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် စွမ်းရည်မြှင့်တင်ရေး တို့အတွက် ဟောင်ကောင်မှ အထောက်အကူရရန် အမှုဆောင် အရာရှိချုပ် ကယ်ရီလမ်းနှင့်လည်း တွေ့ဆုံခဲ့သည်။
ဦးသောင်းထွန်းနှင့် DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့သည် မက္ကာအိုသို့သွားပြီး ၂၃ ကြိမ်မြောက် မက္ကာအို နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲ ကိုလည်း တက်ရောက်ခဲ့သည်။
DICA ၏ စာရင်းများအရ အရှေ့အာရှ နိုင်ငံများတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ကာ ဟောင်ကောင်သည် အဆင့် လေးတွင် ရှိနေသည်။ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် (သြဂုတ်မှ အောက်တိုဘာ အထိ) တွင် MIC သည် တရုတ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယနှင့် ဗီယက်နမ်တို့၏ စက်မှု၊ ဟိုတယ်နှင့် ဝန်ဆောင်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၇၅ ခုကို ခွင့်ပြုပေးခဲ့သည်။
(Gov’t Looks East to Revive Flagging Foreign Investment ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန် – မြန်မာ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အနှစ် ၂၀ စီမံကိန်း စတင်