သမ္မတ ရှီကျင့်ဖျင်က တရုတ်စီးပွားရေး မရေမရာဖြစ်လာမှုကို အသိအမှတ်ပြုလိုက်ပြီး၊ ပုဂ္ဂလိက စွန့်ဦးတီထွင်သမားများနှင့် ကုမ္ပဏီများအပေါ် အခွန်များလျှော့ပေါ့ ကောက်ခံကာ ထောက်ပံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုလိုက် သည်။
အမေရိကန်နှင့် ကုန်သွယ်ရေး စစ်ကို ရင်ဆိုင်နေရသဖြင့် ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေး တိုင်းပြည်အနေဖြင့် အထိနာ လာပြီဖြစ်ကြောင်းလည်း ယင်းအစည်းအဝေးတွင် သမ္မတရှီကျင့်ဖျင်က ဝန်ခံသည်။
ခြုံငုံကြည့်လျှင် တရုတ်စီးပွားရေး အခြေအနေမှာ တည်ငြိမ်နေသော်လည်း “ကျနော်တို့ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှု တက်လာဖို့ မရေမရာဖြစ်လာပါတယ်။ နှုန်းထားကျဆင်းလာတာတွေ များလာပါ တယ်။ ကုမ္ပဏီတွေလည်း အခက်အခဲတွေ ပိုတွေ့လာပါတယ်” ဟု သမ္မတ ရှီကျင့်ဖျင် က ပြောကြားကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ပြန်သည်။
သမ္မတ ရှီကျင့်ဖျင်သည် ယခုနှစ်အတွင်း ပုဂ္ဂလိက ကဏ္ဍကို ထောက်ပံ့မှု ပေးမည်ဟု အကြိမ်များစွာ ပြောခဲ့ပြီး၊ ကုမ္ပဏီများ ရင်ဆိုင်နေရသည့် အခွန်လျော့ပေါ့ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများ အပါအဝင် စီးပွားရေး ပေါ်လစီဆိုင်ရာ အကြံ ပေးမှုများ ကို ပြုလုပ်ခဲ့သည်။
ပြည်နယ်အစိုးရများကိုလည်း ကုမ္ပဏီများ အသက်ဆက်နိုင်ရန် ကယ်ဆယ်ရေးရန်ပုံငွေများ မြှင့်တင်ထုတ်ပေးရန်လည်း သမ္မတ ရှီကျင့်ဖျင်က အဆိုပြုခဲ့သည်။
ဝန်ကြီးဌာနများအနေဖြင့် အပြုအမူများ မှန်ကန်စေရေး၊ ကုမ္ပဏီကြီးများက လုပ်ငန်းငယ်များအပေါ် အနိုင်အထက် လွှမ်းမိုး မှု မရှိစေရေးနှင့် မျှတစွာ ပြိုင်ဆိုင်မှုရှိသည့် ဝန်းကျင်ကောင်း ရရှိရန် ဒေသဆိုင်ရာ အာဏာပိုင်တို့၏ တာဝန်ဟုလည်း ဆိုသည်။
ပုဂ္ဂလိက လုပ်ငန်းများ ဖွံ့ဖြိုးရေး မည်သို့ ထောက်ပံ့ရမည်ကို အကြံပြုဆွေးနွေးရန်အတွက် ကုမ္ပဏီ ၁၀ ခုမှ ကိုယ်စားလှယ် များ အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရသည်။
အမေရိကန်သို့ တင်ပို့သည့် တရုတ်ကုန်စည်များကို အမေရိကန်က ထက်ဝက်မျှအခွန်စည်းကြပ်နေ ခြင်းသည် လက်ရှိဖွံ့ ဖြိုးမှုအဆင့်ကို ထိန်းထားရန် တရုတ်ပြည်အနေဖြင့် မိမိစွမ်းရည်အပေါ် ယုံကြည်စိတ်ချမှုကျဆင်းလာစေခဲ့သည်။
လေ့လာသူများက တရုတ်နိုင်ငံ၏ ကြွေးမြီပိနေသော ကုမ္ပဏီများနှင့် ပြည်နယ်နယ် အစိုးရများကို နောက်ထပ်တိုးချဲ့ လုပ်ကိုင်ရန် တရွတ်တိုက်ဆွဲ ခေါ်နေရသည်နှင့် တူနေကြောင်း ဆိုသည်။
သမ္မတရှီကျင့်ဖျင်ကမူ “ပြဿနာတွေအတွက် ခေါင်းဆောင်ပိုင်းက အထူးအာရုံစိုက်ထားပါတယ်။ အချိန်မီကိုင်တွယ် ဖြေရှင်းနိုင်မှာပါ” ဟု ၎င်းမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အောက်တိုဘာလ ၃၁ ရက်က အဓိကညွှန်ကိန်းတခုသည် အောက်တိုဘာလအတွင်း တရုတ်စက်ရုံများအခြေအနေ နှေးကွေးမှုကို ပြသခဲ့ပြီး စီးပွားရေးဘက်တွင် အရှိန်အဟုန်ကျဆင်းလာကြောင်း နောက်ဆုံး ထောက်ပြမှု တခုလည်း ဖြစ်သည်။
နောက်ထပ်ရှုပ်ထွေးလာသော အခြေအနေတရပ်မှာ ယွမ်ငွေတန်ဖိုးသည် ဒေါ်လာအောက် ကျဆင်းလာခြင်းဖြစ်ပြီး ဆယ်စုနှစ်တခုအတွင်း အနိမ့်ဆုံးဆင်းလာကြောင်း၊ ယွမ်ငွေ အားနည်းလာခြင်းသည် တရုတ်ပို့ကုန်များ နိုင်ငံရပ်ခြားတွင် ဈေးကောင်းမရတောဘဲ အမေရိကန်အခွန် စည်းကြပ်မှုကြောင့် ကုန်ကျစရိတ် ပိုမိုများပြားခြင်းက လည်း ထပ်မံဖိစီးလာမှု တခုဖြစ်သည်။