ဒေါ်အောင်ဆန်းစုကြည် လက်အောက် သစ်လွင်အောင်မြင်သော အနာဂတ်တခုသို့ မျှော်လင့်ချက်များ အကြီးအကျယ် ပျောက်ကွယ်ခဲ့ရသည်နှင့် အမျှ ယိမ်းယိုင်နေသော စီးပွားရေးုကြောင့် တိုင်းပြည်၏ စီးပွားရေးအသိုင်းအဝိုင်းက ပေးဆပ်နေရပြီး အကောင်အထည် ပေါ်လာဖွယ်ရာ နည်းပါးနေသည့် အစိုးရ အကူအညီကို တောင်းခံနေကြသည်။
ကမ္ဘာ့ဘဏ်က မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည့် ၂၀၁၈/၁၉ ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို မူလက ၆.၈ ရာခိုင်နှုန်းဟု ခန့်မှန်းထားရာမှ ၆.၂ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး စီးပွားရေး နှေးကွေးကျဆင်းခြင်းသည် ရေလွှမ်းမိုးမှု၊ ငွေကြေးဖောင်းပွမှုနှင့် ရခိုင်ပြည်နယ် ပြဿနာကဲ့သို့သော ပြည်တွင်းမှ အကြောင်းရင်းများကြောင့် အများဆုံး ဖြစ်သည်ဟု အပြစ်တင်ခဲ့သည်။
တိုင်းပြည်၏ စီးပွားရေးဆိုင်ရာ အချက်အလက်များက များစွာ ကြည့်ကောင်းသည့် အသွင်မရှိပါ။ ဧပြီလမှ စက်တင်ဘာလ အတွင်း ကာလတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှပ်နှံမှု (FDI) လျှောက်ထားမှုများကို အတည်ပြုပေးနိုင်မှုက အမေရိကန် ဒေါ်လာ ၁.၇ ဘီလီယံ ရှိခဲ့ရာ ပြီးခဲ့သည့်နှစ်က အလားတူ ကာလအတွင်း ဒေါ်လာ ၃ ဘီလီယံ ရှိခဲခြင်းနှင့် နှိုင်းယှဉ် ကြည့်နိုင်ပါသည်။
ငွေကြေးဖောင်းပွမှုက ၈.၅ ရာခိုင်နှုန်း ရှိရာ ယခင်နှစ်က ၅.၅ ရာခိုင်နှုန်း သာ ရှိခဲ့သည်။ ကျပ်ငွေတန်ဘိုး ကလည်း ပြီးခဲ့သည့် လများအတွင်းတွင် ၂၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်။ ဒေါ်လာငွေ ခိုင်မာလာခြင်းကြောင့် ဒေသတွင်းမှ အခြားသော ငွေကြေးများ အပေါ် သက်ရောက်မှု ရှိခဲ့သည်ထက် များစွာ ပိုနေသည်။
ငွေကြေးတန်ဘိုးကျဆင်းခြင်း
ချီးကျူးဖွယ်ရာ ရှိသည်မှာ ကျပ်ငွေတန်ဘိုး ကျဆင်းခြင်းကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ချင့်ချင့်ချိန်ချိန်ဖြင့် ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ ကျပ်ငွေနှင့် ဒေါ်လာ လဲလှယ်မှုကို နှုန်းရှင်ဖြင့် မျှောခွင့်ပြုခဲ့ပြီး (မြန်မာနိုင်ငံ၏ နိုင်ငံခြား အရံငွေက သွင်းကုန် ၃ လစာနှင့် ညီမျှသည်) ငွေကြေးလဲလှယ်မှု နှုန်းသတ်မှတ်ခြင်းကို ပယ်ဖျက်ခဲ့သည်။ ရေနံနှင့် သကြား တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်းကို ရပ်ဆိုင်းပစ်ခဲ့သည်။
ဒေါ်လာဖြင့်ပေးရသည့် အဆိုပါပစ္စည်းများကို ကုန်သည်များက တင်သွင်းပြီးနောက် နယ်စပ်ကို ဖြတ်ကျော်၍ တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်းက မလိုလားအပ်သော ဒေါ်လာ ပြုန်းတီးမှုကို ဖန်တီးပေးသည်။
“အရင်တုန်းက ဆိုရင် ထိတ်လန့်နေတဲ့ ဗဟိုဘဏ်က ငွေကြေးထိန်းချုပ်မှုတွေ လုပ်လိမ့်မယ်။ ဒေါ်လာစီးထွက်မှုကို ရပ်ပစ် လိမ့်မယ်။ သွင်းကုန်ကို ရပ်ပစ်လိမ့်မယ်။ ငွေကြေးလဲလှယ်နှုန်းကို ပုံသေ သတ်မှတ်လိမ့်မယ်” ဟု အမည်မဖော်လိုသူ မြန်မာ ဘဏ္ဍာရေး အကြံပေးတဦးက ပြောသည်။
ကျပ်ငွေက အောက်တိုဘာလအတွင်းတွင် တဒေါ်လာလျှင် ၁၆၀၀ ထက်နည်းသည့် ဈေးနှုန်းဖြင့် ငြိမ်နေခဲ့သော်လည်း နောက်ထပ် ကျဆင်းမှုများ ဖြစ်လာဖွယ်ရာ ရှိခြင်းက မြန်မာနိုင်ငံ၏ သွင်းကုန်က ဦးဆောင်သော စီးပွားရေးအတွက် ခြိမ်းခြောက်မှု အစစ်အမှန်တခုကို ဖြစ်စေသည်။
“ငွေကြေးနဲ့ ပတ်သက်လို့ ကျနော်တို့ လုပ်ဖို့လိုတာက ရေရှည်နဲ့ ဆိုင်ပါတယ်။ ကုန်ထုတ်လုပ်ရေးကို အထောက်အကူပေးဖို့ အခြေခံ အဆောက်အဦးတွေ၊ ပို့ကုန်အတွက် ကြိုးနီစနစ်တွေကို ပယ်ဖျက်ပေးတာ၊ နယ်စပ်ထိန်းချုပ်မှုကို ပိုမိုတင်းကျပ်ပေ မယ့် အကောက်ခွန် စည်းကမ်းတွေကို လျှော့ချပေးတာလိုမျိုးတွေ ဖြစ်ပါတယ်” ဟု အဆိုပါ ဘဏ္ဍာရေး အကြံပေးက ပြော သည်။ “ကုန်သွယ်ရေးကို မြှင့်တင်ဖို့အတွက် ကျနော်တို့ အဲဒါတွေ အားလုံး လိုပါတယ်။”
“ဒါက အရံငွေကြေး ပြဿနာကို ကျနော်တို့ ကျော်ဖြတ်ရမယ့် တခုတည်းသောလမ်းပါ။ ရေတိုအတွက်ကတော့ FDI ပမာ ဏများလာတာက ငွေကြေး(တန်ဖိုးကျခြင်း)ကို ထေမိစေပါလိမ့်မယ်။”
မြန်မာနိုင်ငံက နိုင်ငံတကာသို့ တံခါးဖွင့်ခဲ့ပြီး တချိန်က အပယ်ခံဖြစ်ခဲ့သည့် နိုင်ငံအပေါ် အနောက်နိုင်ငံများက အရေးယူ ပိတ်ဆို့မှုများ ပယ်ဖျက်ပေးခဲ့သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် အလုအယက်ဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့၏ ရွေးကောက်ခံ အစိုးရအပေါ် စိတ်ပျက်မှုများ တိုးလာနေသည်။ သူတို့၏ စိတ်ပျက်မှုများက ရခိုင်ပြည်နယ် ပြဿနာတွင် ကိုင်တွယ်မှု မှားယွင်းခြင်း တခုတည်းတွင်သာ အရင်းခံခြင်း မဟုတ်ပါ။
လူမျိုးဖြုတ်သုတ်သင်ခြင်း တုန့်ပြန်မှု
၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေး အစီရင်ခံစာတွင် ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်က ရိုဟင်ဂျာ ၇၀၀၀၀၀ နယ်စပ်ကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားခြင်းက လူမျိုးတုန်းသတ်ဖြတ်မှုအတွက် မြန်မာစစ်ဗိုလ်ချုပ်များကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုမှုများ ပေါ်ထွက်စေခဲ့သည်။
တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ တစိတ်တပိုင်း ဖြစ်သည့်အတွက် (တပ်မတော်က ကျောထောက် နောက်ခံပေးထားသည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် သူတို့ကို လွှတ်တော်၌ ၂၅ ရာခိုင်နှုန်း နေရာယူခွင့်ပေးထားပြီး ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေး ဝန်ကြီးဌာနများကို ထိန်းချုပ်ခွင့်ပြုထားသည်) ဝေဖန် အပြစ်တင်မှု အချို့ ကို ခံခဲ့ရသည်။ အထူးသဖြင့် “လူမျိုးဖြုတ်သုတ်သင်မှု”ဟု ခေါ်နေကြသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ရေငုံနှုတ်ပိတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ရခိုင်ပြည်နယ် အခြေအနေနှင့် အစုအပြုံလိုက်သတ်ဖြတ်မှုနှင့် ပတ်သက်၍ သတင်းရေးသားခဲ့သည့် ရိုက်တာသတင်း ထောက် ၂ ဦးကို ဖမ်းဆီး ထောင်ချခြင်းတို့က ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်း တိုင်းပြည်၌ ပျံ့နှံ့နေသော တက်ကြွမှု အများအပြားကို ဖယ်ရှားပစ်ခဲ့သည်။
“၂၀၁၅ ခုနှစ်က ရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ရေပန်းစားမှုက ကြီးမားပါတယ်” ဟု Eurocham Myanmar ၏ အမှုဆောင် ဒါရိုက်တာ Filip Lauwerysen က ပြောသည်။ “အဲဒါက လုံးဝ မရှိတော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ရခိုင်ပြည်နယ် အရေး ကြောင့်ပါ။ အခု အဆိုရင် ဥရောပမှာ မြန်မာ ဈေးကွက်မြှင့်တင်ရေး အခန်းအနားတခု စီစဉ်ဖို့ မဖြစ်နိုင်ဘူး။”
စီးပွားရေးအရ အရေးယူဒဏ်ခတ်မှု အသစ်များ ပြုလုပ်ရန် စဉ်းစားမှုများလည်း ရှိနေသည်။ ဥရောပ သမဂ္ဂ ကုန်သွယ်ရေး ကော်မရှင်က မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး အထူးအခွင့်အရေး (GSP) ကို ပြန်လည် ရုပ်သိမ်းရေးအတွက် လေ့လာမှုများပြု လုပ်ရန် အဖွဲ့တဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်သည်။ ထိုသို့ ပြုလုပ်ခြင်းက ပြီးခဲ့သည့်နှစ်တွင် ဒေါ်လာ ၂.၇ ဘီလီ ယံ ရရှိခဲ့သည့် တိုင်းပြည်၏ ဖြစ်ထွန်းစ အထည်ချုပ်လုပ်ငန်း ကဏ္ဍ အတွက် ခြိမ်းခြောက်မှု ဖြစ် သည်။ အထည်ချုပ်လုပ်ငန်းမှ ပို့ကုန်အများစုက ဥရောပသို့ တင်ပို့ ခြင်း ဖြစ်သည်။
စက်ရုံအလုပ် ၃၀၀၀၀၀ ကျော် ဆုံးရှုံးဖွယ်ရာ ရှိခြင်းနှင့် အတူ GSP အဆင့်အတန်းကို ဆုံးရှုံးလိုက်ခြင်းက နေရာတိုင်း၌ လမ်းပေါ် ဆန္ဒပြပွဲများသို့ ဦးတည်သွားနိုင်သော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ဖွယ်ရာ မရှိပါ။
“NLD အစိုးရက အခြေအနေကို ဘာကြောင့် မဖြေရှင်းတာလဲ ဆိုတာမျိုးကို မြင်ရမှာ မဟုတ်ဘူး။ နိုင်ငံတကာ အသိုင်း အဝိုင်းက ငါတို့ကို အနိုင်ကျင့်နေတယ်။ နှိပ်စက်နေတယ်။ ငါတို့ကို နားမလည်ကြဘူး ဆိုတာမျိုးကိုပဲ မြင်ရလိမ့်မယ်” ဟု မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတဦးက ပြောသည်။
အမျိုးသားရေး ဝါဒီ ဗုဒ္ဓဘာသာ အဖွဲ့အစည်းများက အနောက်တိုင်း၏ စွက်ဖက်မှုကို ဆန့်ကျင်ကန့်ကွက်သော ချီတက် ဆန္ဒ ပြပွဲများကို ပြုလုပ်နေကြပြီ ဖြစ်သည်။
သူတို့၏ အမှားအယွင်းများအတွက် ဗိုလ်ချုပ်ကြီးများကို NLD ဦးဆောင်သော အစိုးရက အရေးယူစေရန် ဒဏ်ခတ် ပိတ်ဆို့များက ဖိအားပေးလိမ့်မည်ဟု ယူဆပါက EU အတွက် လက်တွေ့ကျလိမ့်မည် မဟုတ်ပါ။ ကြိုက်နှစ်သက်သည် ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ တပ်မတော်သည် အစိုးရအဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဖော်ကိုင်ဖက် ဖြစ်ပါ သည်။
သို့သော်လည်း ရခိုင်ပြည်နယ် အခြေအနေ၏ သက်ရောက်မှု မရှိစေဘဲ မြန်မာနိုင်ငံမှ လက်ရှိစီးပွားရေး ပတ်ဝန်းကျင် တိုးတက်စေရေး NLD လုပ်နိုင်သည့် အရာများစွာ ရှိပါသည်။
ယုံကြည်စိတ်ချမှု ပြန်လည်ရယူခြင်း
လုပ်ရန် စာရင်းကို အများသိပါသည်။
ပြည်သူလူထုနှင့် အလားအလာရှိသည့် ထုတ်လုက်ရေးလုပ်ငန်းများကို လျှပ်စစ်ဓာတ်အားပေးရန်အတွက် တိုင်းပြည်၏ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အရေးတကြီး လိုအပ်နေပါသည်။ အဆိုပါ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြား ကုမ္ပဏီများက စိတ်အားထက်သန်နေကြသည်။ အထူးသဖြင့် နေစွမ်းအင်ကဲ့သို့ သန့်ရှင်းသည့် အခြားစွမ်းအင်များတွင် ဖြစ်သည်။
သို့သော်လည်း အစိုးရက အဆိုပါ ကဏ္ဍတွင် စီးပွားရေးအရ အကျိုးအမြတ်ရရှိရေး ရင်းနှီမြှုပ်နှံမှု ပြုလုပ်လာရန် လိုအပ်သော ဆောင်ရွက်မှုတခု ဖြစ်သည့် လျှပ်စစ်ဓာတ်အားခများ မြှင့်တင်ရေးကို ငြင်းဆန်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်း အစား လက်ရှိ ဓာတ်အားထောက်ပံ့မှုတွင် တနှစ်လျှင် ဒေါ်လာ သန်း ၅၀၀ ရာခန့် ရှိသော ပမာဏကို ဆက်လက်၍ စိုက်ထုတ် ထည့်ဝင် နေခဲ့ရာ ဒေါ်လာ ၁၅ ဘီလီယံ ရှိသည့် နိုင်ငံတော် ဘတ်ဂျက်မှ သိသိသာသာ ဖဲ့ပေးနေရသည်။
လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ခြင်းက နိုင်ငံရေးအရ မည်သည့်အခါတွင်မျှ ရေပန်းမစားခဲ့ပါ။ သို့သော်လည်း ယခုအခါ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား ရရှိနေသည်။
ထို့နောက် ငွေကြေး ကဏ္ဍဖြစ်သည်။ ပုဂ္ဂလိက ဘဏ်များကို စီမံထိန်းကျောင်းနိုင်ရန် ဗဟိုဘဏ်က ကြိုးစားနေခဲ့သည်။ သူတို့၏ တွက်ချက် တန်ဘိုးဖြတ်ရန် ခက်ခဲသည့် အလွန်အကျွံ ငွေထုတ်ချေးမှုများ (သတ်မှတ်ချိန်အတွင်း ပြန်မဆပ်နိုင်ဘဲ နောက်သက်တမ်းအထိ ကူးသွားသည့် အတိုးနှုန်းသေဖြင့် ချေးငွေများ) ကို လျှော့ချရန် ဖိအားပေးခဲ့သည်။
တိုင်းပြည်၏ ဘဏ်စနစ်က ဖွံ့ဖြိုးတိုးတက်မှုမရှိသေးဘဲ အားနည်းနေသည့် အတွက် ထိုသို့ပြုလုပ်ခြင်းက လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။ သတ်မှတ်ချိန်အတွင်း ပြန်မဆပ်နိုင်သည့် အကြွေးများ၏ ပမာဏက ဘဏ်စနစ်၏ ၁၅ ရာခိုင်နှုန်းရှိသည် ဟု ခန့်မှန်းရသည်။
သို့သော်လည်း ဥပဒေစည်းကမ်းများ တင်းကျပ်မှု ပြုလုပ်သလို ဘဏ်များကို ငွေပို၍ ထုတ်ချေးခွင့် ပြုရန် အတွက် ဖြေလျှော့မှုများလည်း ရှိသင့်ပါသည်။ အထူးသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသော အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ဖြစ်သည်။
အတိုးနှုန်း ထိန်းချုပ်မှုများကို ဖြေလျှော့ပေးရန်၊ ကိုယ်ပိုင်နှုန်းများ သတ်မှတ်ခွင့်ပြုရန်နှင့် ယခုအချိန်တွင် ၁ နှစ်မှ ၃ နှစ် အတွင်း ကန့်သတ်ထားသော ချေးငွေ ကာလကို သူတို့ ကိုယ်ပိုင်အချိန်ကာလ သတ်မှတ်ခွင့်ပေးရန် ပြည်တွင်း ဘဏ်လုပ်ငန်းရှင်များက ဗဟိုဘဏ်ကို တောင်းဆိုနေခဲ့ကြသည်။ သို့သော်လည်း သူတို့၏ တောင်းဆိုမှုများကို ယခုအချိန်အထိ ပြန်ကြားခြင်း မရှိသေးပါ။
လျှပ်စစ် ဓာတ်အားခ နှုန်းများကဲ့သို့ပင် အတိုးနှုန်းမြှင့်တင်ခြင်းက NLD အတွက် နိုင်ငံရေးအရ လူကြိုက်နည်းသည့် လုပ်ဆောင်ချက်တခု ဖြစ်လိမ့်မည်ဟု ပြောဆိုသူ ရှိနိုင်ပါသည်။ ဤသို့ဆိုပါလျှင် မြန်မာနိုင်ငံ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းသည်သာ ဘဏ်ငွေစာရင်းရှိကြပြီး များစွာ ပို၍ နည်းပါးသည့် ရာခိုင်နှုန်းလောက်ကသာ တရားဝင် ငွေကြေး စနစ်ကို သုံးစွဲနိုင်တော့သည်။ ထို့ကြောင့် ထောက်ခံမဲများ ဆုံးရှုံးမည့် အန္တရာယ် ရှိမည်။
သူတို့ အနေဖြင့် နိုင်ငံခြား အာမခံ ကုမ္ပဏီများကို လိုင်စင်ထုတ်ပေးခြင်း ပြုလုပ်နိုင်ပါသည်။ သို့မဟုတ် ပြည်တွင်း ကုမ္ပဏီ များနှင့် ဖက်စပ်လုပ်ခြင်းကို ခွင့်ပြုပေးနိုင်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းက နောက်ဆုံးတွင် အစိုးရ ငွေတိုက်စာချုပ်များ ဝယ်ယူခြင်းအတွက် ကျပ်ငွေ လွှမ်းမိုးသည့် ကြီးမားသော အခြေခံတခုကို ဖန်တီးပေးပါလိမ့်မည်။
အထက်ပါအတိုင်း မည်သည့်နေရာ၌ ဆောင်ရွက်သည်ဖြစ်စေ အစိုးရ၏ စီးပွားရေး စီမံခန့်ခွဲမှုအပေါ်တွင် ယုံကြည်မှုများ တိုးမြင့်လာဖွယ်ရာ ရှိပါသည်။ ကျဆင်းနေသော FDI များကို တိုးတက်စေပါလိမ့်မည်။ အနောက်တိုင်းက မဟုတ်လျှင်ပင် အနည်းဆုံးတော့ အရှေ့တိုင်းမှ ဖြစ်ပါသည်။
“ဒီမှာ လိုအပ်တာက ယုံကြည် စိတ်ချရလောက်တဲ့ ဘဏ္ဍာရေး fiscal ကြေညာချက်တခုနဲ့ ယုံကြည် စိတ်ချရလောက်တဲ့ စုဖွဲ့ တည်ဆောက်ပုံဆိုင်ရာ structural ကြေညာချက်တခုပဲ။ ပြီးရင် လုပ်လို့ရပြီ” ဟု ငွေကြေးအဖွဲ့အစည်းတခုမှ စီးပွားရေး ပညာရှင်တဦးက ပြောသည်။ “အဲဒါက နိုင်ငံတကာရဲ့ ပြောဆိုကန့်ကွက်မှုက ပြင်းထန်လာလို့ စိတ်အနှောက်အယှက် ဖြစ်နေရတဲ့ အချိန်မျိုးမှာ အစိုးရက စီးပွားရေးနဲ့ ပတ်သက်လို့ အလေးအနက် ထားပါတယ်ဆိုပြီး ပိုကျယ်ပြန့်တဲ့ နိုင်ငံရေး အစီအစဉ် ထဲမှာလည်း ပြသလို့ ရပါတယ်။”
ချီးကျူးရမည်မှာ အစိုးရက ပိုမို၍ လွတ်လပ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတခုနှင့် ပြန်လည် ပြင်ဆင်ထားသည့် ကုမ္ပဏီများ ဥပဒေကို အတည်ပြုခဲ့ပြီး နိုင်ငံခြားသားများ မြန်မာကုမ္ပဏီများတွင်း ရင်းနှီးမြှုပ်နှံမှု ပိုမိုလွယ်ကူအောင် ပြုလုပ် ခဲ့သည်။ သို့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာသည့် အချိန်တွင် ၎င်း၏ အစိုးရသက်တမ်း တဝက်သို့ ရောက်ရှိ နေပြီဖြစ်သော NLD က ခက်ခဲသော ဆုံးဖြတ်ချက်များ ပြုလုပ်ခြင်းကို ရှောင်ရှား၍ ယခုအချိန်အထိ သူတို့ အကောင်းဆုံး လုပ်ပြီးခဲ့သမျှကိုသာ လုပ်မည်ကို စိုးရိမ်မှုများ ရှိနေသည်။
“နောက်လာမယ့် ၂ နှစ် ၃ နှစ် အတွင်းမှာ မြန်မာနိုင်ငံက တိုးတက်မှု မရှိဘဲ ဖြစ်နေမှာကို ကျနော်မြင်တယ်” ဟု လန်ဒန် စတော့အိတ်ချိန်းတွင် စာရင်းသွင်းထားသည့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခု ဖြစ်သော Myanmar Investments Limited ၏ ဒါရိုက်တာ ဦးအောင်ထွန်းက ခန့်မှန်းလိုက်သည်။
(Asia Times ပါ Peter Janssen ၏ Myanmar’s economy in danger of standing still ကို ဘာသာပြန်ဆိုသည်။)