ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်ခဲ့သော စီးပွားရေး လုပ်ကိုင်ရာတွင် လွယ်ကူမှု အခြေအနေ ညွှန်းကိန်းတွင် မြန်မာနိုင်ငံက တိုးတက်မှု မပြနိုင်ခဲ့ဘဲ ယမန်နှစ်ကအတိုင်း အဆင့် ၁၇၁ တွင် ဆက်လက် ရှိနေသည်။ စီးပွားရေးလုပ်ရန် အထောက်အပံ့ဖြစ်မှု အနည်းဆုံး အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ်လည်း ဆက်ရှိနေသည်။
အစိုးရ၏ ရည်မှန်းချက် ဖြစ်သည့် ၂၀၂၀ ခုနှစ် စာရင်းတွင် ထိပ်ပိုင်း ၁၀၀ အတွင်းသို့ ရောက်ရှိရေး ရည်မှန်းချက် ကြီးလွန်းသော သဘောသဘာဝကို ဖော်ပြရင်း ကမ္ဘာ့ဘဏ်၏ ၂၀၁၉ ခုနှစ် ညွှန်းကိန်းတွင် မြန်မာနိုင်ငံက စီးပွားရေး(နိုင်ငံ) ၁၉၀ တွင် (အီရတ်နှင့် အဆင့်တူ) အဆင့် ၁၇၁ ရရှိခဲ့သည်။ မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည်ကို အိမ်နီးချင်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် လာအိုက အဆင့် ၁၅၄၊ ဖိလစ်ပိုင်က အဆင့် ၁၂၄၊ ကမ္ဘောဒီးယားက အဆင့် ၁၃၈၊ အင်ဒိုနီးရှားက အဆင့် ၇၃၊ ထိုင်းက အဆင့် ၂၇ နှင့် မလေးရှားက အဆင့် ၁၅ ရရှိခဲ့သည်။
မြန်မာနိုင်ငံက အဆင့်တွင် မပြောင်းလဲခဲ့သော်လည်း နောက်ဆုံးရမှတ်က ၂၀၁၈ ညွှန်းကိန်းမှ ၄၄.၂၁ ထက် ကျော်လွန်၍ ၄၄.၇၂ သို့ တိုးတက်လာခဲ့သည်။ အမှတ်တွက်ချက်ရာတွင် သတ်မှတ်ချက် ၁၀ ခုဖြစ်သည့် စီးပွားရေးလုပ်ငန်း တခု စတင် ခြင်း၊ ဆောက်လုပ်ရေးအတွက် ခွင့်ပြုချက်ရယူခြင်း၊ လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု၊ ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း၊ ချေးငွေရရှိခြင်း၊ လူနည်းစု ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်း၊ အခွန်ပေးဆောင်ခြင်း၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ခြင်း၊ ကန်ထရိုက်စာချုပ်များ ခိုင်မာစေခြင်းနှင့် အကြွေးပြန်မဆပ်နိုင်ခြင်းကို ဆုံးဖြတ်ခြင်းများကို တွက်ချက်ခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ ၁၆ ကြိမ်မြောက် နှစ်ပတ်လည် အစီရင်ခံစာ ဖြစ်သည့် “Doing Business 2019” က စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှုကို ထောက်ပံ့နေသော စည်းကမ်း ဥပဒေများနှင့် အတားအဆီး ဖြစ်စေသော စည်းကမ်း ဥပဒေများကို စူးစမ်း စစ်ဆေးခဲ့သည်။ အစီရင်ခံစာက စီးပွားရေးလုပ်ငန်းဆိုင်ရာ စည်းကမ်း ဥပဒေနှင့် နိုင်ငံ ၁၉၀ တွင် နှိုင်းယှဉ်ထားသော ပိုင်ဆိုင်မှု အခွင့်အရေး Property right ကို ကာကွယ်ခြင်းနှင့် ပတ်သက်သည့် ရေတွက် ဖော်ပြနိုင်စွမ်းသော ညွှန်းကိန်းများ ဖြစ်သည်။
ညွှန်းကိန်း တခုချင်းစီ အတွက် ကမ္ဘာ့ဘဏ်က တိုင်းပြည်တခု၏ စည်းကမ်းဥပဒေ ထိန်းသိမ်းမှု စွမ်းဆောင်ရည်နှင့် အားလုံးထဲ၌ စွမ်းဆောင်ရည် အကောင်းဆုံးတို့၏ ကြားမှ ကွာခြားချက်ကို တိုင်းတာ သတ်မှတ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ၏ ဒုတိယ ဥက္ကဌ ဦးမောင် မောင်လေးက “တကယ်လို့ အစိုးရက အဆင့်တိုးတက်အောင် မလုပ်နိုင်ဘူးဆိုရင် နိုင်ငံရင်းနှီးမြှုပ်နှံမှုက ဆက်ပြီး ကျနေ လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက ဆုံးဖြတ်ချက် မချခင် ညွှန်းကိန်းကို ကြည့်ကြတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) က ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၉.၅ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၆-၁၇ တွင် ၆.၆ ဘီလီယံသို့ သိသိသာသာ ကျဆင်းသွားခဲ့သည်။
အောက်တိုဘာလ အစောပိုင်းတွင် မြန်မာ အစိုးရက ၂၀၃၆ တွင် FDI ၂၀၀ ဘီလီယံ ရရှိရန် ဦးတည်ချက်ထားသော ၎င်း၏ နှစ်၂၀ မြန်မာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအစဉ်(Myanmar Investment Promotion Plan – MIPP) ကို ထုတ်ပြန် ကျေညာခဲ့သည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က FDI ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျ သည့် မောင်းနှင်အား အဖြစ် မြင်ထားသည်။
MIPP ၏ ဦးစားပေးချက်များထဲမှ တခုမှာ စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်ကို တိုးတက်အောင် ပြုလုပ်ရေး ဖြစ်သည်။ သို့မှသာ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု အခြေအ နေ ညွှန်းကိန်းတွင် မြန်မာနိုင်ငံ၏ အဆင့်က ထိပ်ပိုင်း ၁၀၀ အတွင်းသို့ ရောက်ရှိမည် ဖြစ်ပြီး ၂၀၃၅ ရောက်သည့်အခါ ထိပ် ပိုင်း ၄၀ အတွင်းသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)နှင့် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများမှတဆင့် လွယ်ကူ၍ လျှင်မြန် ရှင်းလင်းတိကျသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ် များကို ထူထောင်သွားမည်ဖြစ်ကြောင်း အစိုးရက ပြောသည်။ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် တိုးတက်ရေး၊ ပြည်တွင်းနှင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို မျှတစွာ ဆက်ဆံမှု သေချာစေရေး နှင့် ရင်းနှီး မြှုပ်နှံသူ အကာအကွယ်ပေးမှုများ သေချာစေရေး တို့ကိုလည်း သူတို့က တာဝန်ယူသွားမည် ဖြစ်ကြောင်း MIPP ၏ အဆိုအရ သိရသည်။
ဇွန်လ အတွင်းတွင် မြန်မာ ဒုတိယ သမ္မတ ဦးမြင့်ဆွေက အစိုးဌာနများအားလုံးက ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက် ၁၀ ခုတွင် ၎င်းတို့၏ စွမ်းဆောင်ရည် တိုးတက်လာရေးအတွက် ဆောင်ရွက်နေကြကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ အကယ်၍ အစိုးရက ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်ခဲ့လျှင် မြန်မာနိုင်ငံက ၂၀၂၀ ရောက်သည့် အချိန်တွင် ထိပ်တန်း ၁၀၀ အတွင်းသို့ ရောက်ရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောသည်။
ဇူလိုင်လအတွင်းတွင် MIC က စီမံကိန်း အဆိုပြုလွှာများနှင့် စီးပွားရေးလုပ်ငန်း ပါမစ်အသစ်များ အတည်ပြုပေးရန် လိုအပ်သော အချိန်ကို တိုတောင်းအောင် ပြုလုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ အဆင့် လျှင်မြန်စွာ တိုးတက်ရေးကို ကတိပြုခဲ့သည်။
၂၀၁၈ ခုနှစ် ဒုတိယ ၃ လပတ်အတွက် UMFCCI ၏ စီးပွားရေးလုပ်ငန်းများ၏ သဘောထား စစ်တမ်းအရ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်အတွင်း ကဏ္ဍအားလုံးတွင် သိသိသာသာ ကျဆင်းခဲ့သည်။ စီးပွားရေးလုပ်ငန်း ယုံကြည်စိတ်ချမှုက ပြီးခဲ့သည့် နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
အဆိုပါစစ်တမ်းက တိုင်းပြည်စီးပွားရေးကျဆင်းရခြင်း တွင် အဓိက အကြောင်းရင်း ၁၀ ခုအဖြစ် အခွန်အခမြင့်မားခြင်း၊ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍမှ ကန့်သတ်မှုများ၊ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ စီးပွားရေးဆိုင်ရာ ဥပဒေနှင့် စည်းကမ်းများ မတည်ငြိမ်ခြင်း၊ ဈေးကွက် ဝယ်လိုအား မရှိခြင်း၊ ပို့ကုန်/သွင်းကုန် လုပ်ထုံးလုပ်နည်းများတွင် နှောင့်နှေးမှုရှိခြင်း၊ ပြည်တွင်းတွင် စရိတ်စကနှင့် ငွေကြေးဖောင်းပွမှု တိုးလာခြင်း ၊ နိုင်ငံခြား ယှဉ်ပြိုင်မှု၊ ကျွမ်းကျင် လူသားအရင်းအမြစ် မရှိခြင်း နှင့် အခြေခံ အဆောက်အဦး အားနည်းခြင်း တို့ကို ဖော်ပြခဲ့သည်။
(Myanmar Fails to Advance in World Bank’s Ease of Doing Business List ကို ဘာသာပြန်သည်။)