အမေရိကန် ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပြည်တွင်း ဆေးဝါး လုပ်ငန်းနှင့် ဆေးဆိုင် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ငွေ ဆိုင်ရာ ထိခိုက်မှု အခက်အခဲနှင့် ရင်ဆိုင်ကြရကြောင်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များ နှင့် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
အသင်း ဥက္ကဋ္ဌ ဒေါက်တာ ဇော်မိုးခိုင်က“ဆေးဝါး တင်သွင်းသူတွေက ၁ ဒေါ်လာတန် ဆေးကို တင်သွင်းလာပြီးတော့ သူတို့ ပြန်ရောင်းတယ်။ ဒေါ်လာဈေး တက်တဲ့ အခါကျတော့ အဲဒီအချိန်မှာ သူတို့နောက်ထပ် ဆေး ၁ ဘူးကို ပြန် မတင် သွင်း နိုင်တော့တဲ့ အခြေအနေဖြစ်တယ်။ အဲဒါတော့ ပြောရရင် အရင်းပါးလာပြီး အရင်းပြုတ်မယ့် အနေအထား ဖြစ်လာတာပေါ့”ဟု ဧရာဝတီ ကို ပြောပြသည်။
၎င်းက ဆက်လက်ပြီး“ဒေါ်လာဈေး တက်ခြင်းက ဆေးဆိုင်တွေရဲ့ အနေအထားကျတော့ အရင်တုန်းက သူ့မှာ ငွေ ၂ သိန်း ရှိတယ်။ ဒီပိုက်ဆံက ဆေးဘူး ၁၀၀ ဝယ်လို့ရတယ် ထားပါတော့။ အခုဆိုရင် သူက ငွေ ၂ သိန်းကို ဆေးဘူး ၈၀ လောက်ပဲ ဝယ်လို့ရမယ်။ ၉၀ လောက်ပဲ ဝယ်လို့ရမယ်။ ဒါမျိုးဖြစ်လာတယ်။ ဒါကြောင့် သူအလုပ်လုပ်ရတဲ့ လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုက သေးလာတယ်။ အဲဒီလို အခက်အခဲက ၂ ပိုင်းရှိပါတယ်”ဟုလည်း ရှင်းပြသည်။
လက်ရှိ ဆေးဝါးဈေးကွက်တွင် ၈၅ ရာခိုင်နှုန်းမှာ ပြည်ပမှ တင်သွင်းရခြင်းဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းမှာမူ ပြည်တွင်း ထုတ်များ ဖြစ်သည်ဟု သိရသည်။
ဒေါ်လာဈေး မြင့်မှုကြောင့် ပြည်တွင်းဆေး ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်း မပြုရန်အတွက် အသင်းသားများအား မေတ္တာရပ်ခံ ဆွေးနွေး ညှိနှိုင်းထားသည်ဟုလည်း ဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
ဒေါ်လာဈေးသည် ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ နိုဝင်ဘာလ အထိ ၆ လအတွင်း ဈေးနှုန်း တည်ငြိမ်မှုမရှိဘဲ မြင့်တက် နေခြင်း ဖြစ်ကာ နိုဝင်ဘာလ ၅ ရက် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အမေရိကန် ၁ ဒေါ်လာလျှင် ၁၅၈၇ ကျပ် ရှိသည်။
ရန်ကုန်မြို့ရှိ ဝင်း ဆေးဆိုင်ပိုင်ရှင် ဦးဝင်းနိုင်က“ဆေးဝါးပစ္စည်းတွေက ပုံမှန်လိုအပ်ချက်နဲ့ ရပ်ဆိုင်းလို့ မရတော့ ပုံမှန် အရောင်းအဝယ် ရှိပါတယ်။ ဈေးတက်တာတော့ လောလောဆယ် ပြည်တွင်းမှာရှိတဲ့ ဆေးပစ္စည်းတွေက ဒေါ်လာဈေး တက်မယ့် အခြေအနေကို မှန်းပြီး ဈေးတက်တာ ရှိတယ်။ အခုက ဒေါ်လာဈေး တက်ပြီးမှ ဝယ်ထားတဲ့ ဆေးတွေ မရှိ သေးဘူးပေါ့လေ။ ဘာလို့လဲဆိုတော့ အနည်းဆုံး ၆ လ တကြိမ်လောက်မှ ပစ္စည်းဝင်တာ ဖြစ်တယ်။ ဆေးခန်းသုံး ပစ္စည်း ကတော့ ဒီလောက်ထိ မတက်သေးဘူး။ နေ့စဉ်သုံးတဲ့ ဆေးဝါးပစ္စည်းတွေကတော့ ပုံမှန်စားသုံးသူ သုံးစွဲတဲ့ ပစ္စည်းတွေ တက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆေးဝါးအများစုမှာ လွန်ခဲ့သည့် ၄ လခန့်မှစ၍ အမျိုးအစားအလိုက် ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ပျမ်းမျှ ဈေး မြင့်တက် လာပြီး အများစုသည် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်လာကို အဓိကထားသည့် ပြည်ပသွင်းကုန် ဈေးကြီးမြင့် လာခြင်းနှင့် နိုင်ငံတကာ အခြေအနေများကြောင့် ဆေးဝါး ကဏ္ဍ၏ ရင်းနှီးငွေ တန်ဖိုး လျော့လာခြင်း ဖြစ်သည်ဟု ဘောဂဗေဒ ပညာရှင်များက သုံးသပ်လျက် ရှိသည်။
စီးပွားရေးပညာရှင် ဦးမင်းခင်က“ဒေါ်လာဈေး တက်တဲ့အခါ သွင်းကုန်ဈေး ကြီးလာတယ်။ များများ မရောင်းနိုင်ဘူး ဖြစ်လာ တယ်။ အရင်းနည်းလာတယ်။ ဒေါ်လာဈေး တက်တဲ့ နေရာမှာ ၂ ချက်ရှိတယ်။ တချက်က နိုင်ငံတကာကြောင့် တက်တယ်။ ကိုယ့် ပြည်တွင်း အခြေအနေကြောင့် တက်တယ်။ နိုင်ငံတကာက တက်ရတဲ့ အချက်ကတော့ အများကြီး ရှိတယ်”ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်ပြီး“ပြည်တွင်းက ဆေးဝါးလုပ်ငန်းတွေ ပို့ကုန်တွေ ရောင်းချနေရတဲ့ ဟာတွေ တန်ဖိုးတွေ ကြီးလာတဲ့ အခါ ရောင်းနိုင်အား နည်းသွားတယ်။ အရင်းကျသွားတယ် ဆိုတာမျိုး ရှိသွားတယ်။ ဒီငွေဈေးတက်လို့ သွင်းကုန် ဈေး ကြီးတယ်။ ဒါကို အကျိုးအမြတ် ထုတ်နိုင်ဖို့လည်း လိုတယ်။ ဥပမာ ဆေးဝါးဆိုရင် နိုင်ငံခြားသွင်းကုန် ဆေးတွေကို အလွန် မှီခိုနေရတယ်။ နောက် ပြည်တွင်းမှာ ထုတ်နိုင်တဲ့ ပမာဏထက် သုံးစွဲနေတဲ့ ပမာဏက ပိုနေတဲ့အခါ ဒီဆေးဝါး တွေ ဈေးကြီးလာတယ်။ ဒီတော့ လူတိုင်းက ဆေးကိုအလွယ်တကူ ဝယ်မသောက်နိုင်ဘူး။ အဲဒီအခါကျရင် နေရာ တကျ ဖြစ်ဖို့ လမ်းကြောင်းလေးတခု လုပ်ဖို့ လိုလာတယ်”ဟုလည်း ပြောဆိုသည်။
ဆေးနှင့် ဆေးဝါးကဏ္ဍတွင် ပြည်ပ သွင်းကုန်ထက် ပြည်တွင်းထုတ်ကုန် တိုးမြှင့်ရေးသည် ပြည်တွင်း၌ ကန့်သတ်ချက် များစွာ ရှိနေပြီး နိုင်ငံတော်က ဦးဆောင်လုပ်ကိုင် ပေးနိုင်မှသာလျှင် အဆင်ပြေနိုင်ဖွယ် ရှိသည်ဟု ဒေါက်တာ ဇော်မိုးခိုင် က ပြောသည်။
ဆက်စပ် ဖတ်ရှုရန် – ကုန်စည်အညွှန်းများ မြန်မာဘာသာဖြင့် မဖော်ပြပါက အရေးယူမည်
ဒေါ်လာဈေး ထိုးတက်နေခြင်းမှာ လောင်းကစားဆန်ဆန် ဈေးကစားမှုများကြောင့် ဟုဆို
ဒေါ်လာဈေး တန့်သွားသော်လည်း သွင်းကုန်သမားများ စိုးရိမ်ဆဲ