နိုင်ငံခြားဘဏ် ဘဏ်ခွဲများကို ပြည်တွင်းစီးပွားရေးလုပ်ငန်းများ(Local Corporate) အတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ တိုးချဲ့ခွင့်ပြုလိုက်ကြောင်း ဗဟိုဘဏ်က နိုဝင်ဘာလ ၈ ရက်တွင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ် ဘဏ်ခွဲများကို ဘဏ်ခွဲလိုင်စင်ထုတ်ပေးရာတွင် “နိုင်ငံခြားကုမ္ပဏီ/လုပ်ငန်းများ၊ ပြည်တွင်း/နိုင်ငံခြား ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ပြည်တွင်းငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်တွင်းကုမ္ပဏီ/လုပ်ငန်းများအတွက် လက်ကားဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း” ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်း လက်မှတ်ဖြင့် ယနေ့ ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်တွင် မြန်မာနိုင်ငံ ဗဟိုဘဏ်သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် နေ့စွဲပါ ညွှန်ကြားချက်အမှတ် ၉/၂၀၁၇ ဖြင့် ပို့ကုန်ချေးငွေဖြည့်ဆည်းမှု(Export Financing)နှင့် ပို့ကုန်လုပ်ငန်းနှင့်ဆက်စပ်သည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ(Related Banking Services for Export Financing) ကို ဆောင်ရွက်ခွင့်ပြုခဲ့ရာမှ ယခုအခါ “ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဘဏ္ဍာငွေ ရရှိနိုင်သည့်အခွင့်အရေး (Access to Finance) ပိုမိုရရှိစေရန် ရည်ရွယ်၍ နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ(Local Corporate)သို့ မည်သည့်ချေးငွေဖြည့်ဆည်းမှု(Any Financing)ကိုမဆို ဆောင်ရွက်ခြင်းနှင့် အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုများ(Other Banking Services)ဆောင်ရွက်ခြင်းတို့ကို ခွင့်ပြုကြောင်း ညွှန်ကြားသည်”ဟု ဖော်ပြထားသည်။
လတ်တလော ဗဟိုဘဏ်တွင် စာရင်းသွင်းထားသော နိုင်ငံခြားဘဏ်ခွဲ ၁၃ ခု ရှိပြီး တရုတ်၊ ဂျပန်၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှားနှင့် ဗီယက်နမ်တို့မှ ဖြစ်ကြသည်။ ထို့ပြင် ဘဏ်ခွဲ မဖွင့်လှစ်သေးဘဲ ကိုယ်စားလှယ်ရုံးသာ ဖွင့်လှစ်ထားသေးသည်မှာ ၄၉ ရုံး ရှိသည်။